ယခုနှစ်တွင် အရန်ရိက္ခာသိုလှောင်မှုအနေဖြင့် ကြက်သွန်နီတန်ချိန် ငါးသိန်း ၀ယ်ယူရန် အိန္ဒိယအစိုးရစီစဉ်

ယခုနှစ်တွင် အရန်ရိက္ခာသိုလှောင်မှုအနေဖြင့် ကြက်သွန်နီတန်ချိန် ငါးသိန်း ၀ယ်ယူရန် အိန္ဒိယအစိုးရစီစဉ်

အိန္ဒိယအစိုးရက ကြက်သွန်နီဈေးနှုန်းမြင့်တက်လာပါက ဈေးကွက်အတွင်း ဝင်ရောက်ထိန်း ကြောင်းနိုင်စေရန်အတွက် ယခုနှစ်တွင် ကြက်သွန်နီ တန်ချိန် ၅ သိန်း ၀ယ်ယူရန် စီစဉ်နေ ကြောင်း၊  အိန္ဒိယအမျိုးသားစားသုံးသူရေးရာသမဝါယမအဖွဲ့ချုပ် (NCFF) နှင့် အိန္ဒိယအမျိုးသား သမဝါယမနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့ချုပ်(NAFED) ကဲ့သို့သော အေဂျင်စီများသည် အစိုးရကိုယ်စား ကြက်သွန်နီ ကို ၀ယ်ယူမည်ဖြစ်ကြောင်းနှင့် စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီး ဌာနသည် ယမန်နှစ်က လည်း ကြက်သွန်နီ အရန်ရိက္ခာ တန်ချိန် ၅ သိန်း သိုလှောင်ခဲ့ပြီး ယင်း အနက် တန်ချိန် ၁ သိန်း ကျန် ရှိနေသေးကြောင်း သိရှိရသည်။ 

အစိုးရက အရန်သိုလှောင်ထားသည့် ကြက်သွန်နီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခြင်းသည် ဈေးနှုန်းထိန်းချုပ်ရာတွင် အထောက်အကူဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရှိ ရပြီး ၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ တားမြစ်ထားသည့် ကြက်သွန်တင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းရန် အစိုးရက ယခုလနှောင်းပိုင်းတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အစိုးရ၏ ကြက်သွန်နီအရန်သိုလှောင်မှုအစီအစဉ်သည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကြက်သွန် အထွက်နှုန်း ကျဆင်းလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနက ကြာသ ပတေးနေ့တွင် ထုတ်ပြန်ကြေညာချက်အရ ယခင်နှစ်က ကြက်သွန်နီ တန်ချိန် ၃၀၂ ဒသမ ၀၈ သိန်း ထွက် ရှိခဲ့သော်လည်း  ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မဟာရက်ရှ် ထရာပြည်နယ်၊ ကာနာတကာပြည်နယ်၊ အင်ဒရာ ပရာဒက်ရှ်ပြည်နယ်နှင့် ရာဂျစ်စတန်ပြည်နယ် တို့တွင်အထွက်နှုန်းများလျော့နည်းခဲ့ သည့် အတွက် တန်ချိန် ၂၅၄ ဒသမ ၇၃ သိန်းဝန်းကျင်သာ ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၂၃-၂၀၂၄ တွင် ကြက်သွန်နီ ထုတ်လုပ်မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း၊ စာရင်းများအရ ၂၀၂၁-၂၀၂၂ တွင် ကြက်သွန်နီတန်ချိန် ၃၁၆ ဒသမ ၈၇ သိန်း ထွက်ရှိခဲ့ ကြောင်း သိရှိရသည်။

အိန္ဒိယသည် ပွဲတော်ရာသီချိန်များဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာများတွင် ကြက် သွန်နီဝယ်လိုအား များပြားသည့်အတွက် ကြက်သွန်နီဈေးနှုန်းများ ဆတိုးမြင့်တက်လေ့ရှိသည်ကို တွေ့ရှိရပြီး ယင်းအချိန်တွင် အစိုးရမှ သိုလှောင်ထားသည့် အရန်ကြက်သွန်များကို ဈေးကွက်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြင့် ဈေးကွက်ကို ထိန်းကြောင်းမှုများ ဆောင်ရွက်သည် မှာ အလုပ်ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ 

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး 
နယူးဒေလီမြို့      

Source: Center plans to procure five lakh tonnes of onions this year for buffer stock, The Economic Times,