မျိုးစေ့စစ်မှန် ပင်လည်းသန်၊ ဖူးငုံသီးလှ ဈေးကွက်ရ၊ တောင်သူတို့ ပျော်ကြ

မျိုးစေ့စစ်မှန် ပင်လည်းသန်၊ ဖူးငုံသီးလှ ဈေးကွက်ရ၊ တောင်သူတို့ ပျော်ကြ

seed

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနေ သည့် နိုင်ငံဖြစ်ပါသည်။ ပို့ကုန်ဝင်ငွေ၏ ၃၅% ခန့်မှာစိုက်ပျိုးရေးထွက်ကုန်များ ရောင်း ချ ရခြင်းမှ ရရှိနေခြင်းဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ % ကျော်မှာလည်း စိုက်ပျိုးရေးကဏ္ဍတွင်ပါဝင်လုပ် ဆောင်လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံ၏စီးပွားရေးမှာ စိုက်ပျိုးရေးကို အခြေခံ သောကြောင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေသည့်မျိုးများနှင့် နည်းလမ်းများကိုလည်း အမြဲတစေ ဂရု စိုက်ပြောင်းလဲလုပ်ဆောင်နိုင်ပါမှ အရည်အသွေး ကောင်းပို့ကုန်များကို ထုတ်လုပ်ရရှိနိုင်မည်ဖြစ်ပါသည်။ မိမိနိုင်ငံမှထုတ်လုပ်သော စိုက်ပျိုး ရေး ထွက်ကုန်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် ဂရုတစိုက် ထိန်း သိမ်းနိုင်မှသာလျှင် ရေရှည်တည်တံ့သောဈေးကွက်ကို ရရှိနိုင်မည်ဖြစ်
ပါသည်။

“မျိုးကောင်းတစ်စေ့၊ ကျောက် ကောင်းတစ်ရာ” ဟူသည့် စကားသည် မျိုးကောင်း မျိုးသန့်မျိုးစေ့သည် မည်မျှအထိ တန်ဘိုးကြီးသည်ကို ညွှန်းဆိုပြနေပါသည်။ မျိုးမမှန်ဘဲ စိုက်ပျိုးမိပါက သွင်းအားစု မည်မျှထည့်သွင်းစေကာမူ “မျိုးစေ့မမှန်၊ ပင်မသန်၊ ဖူးတံငုံကင်း၊ အသီးဖျင်း၏” ဟူသည့် ဆိုရိုးအတိုင်း အရည်အသွေးညံ့သော၊ အထွက်နှုန်းလျော့နည်းသော ထုတ်ကုန်ကိုသာ ရရှိပါလိမ့်မည်။ ဈေးကွက်အနေဖြင့်လည်း ယခင်က တရုတ်ပြည်ဈေးကွက် သို့ တင်ပို့ရောင်းချရာတွင် အရည်အသွေးကို အဓိကမထားဘဲ အရေအတွက်ကိုသာ ဦးစား ပေးခဲ့ကြရာမှ ယခုအခါ တရုတ်ဈေးကွက်သည် ဈေးကွက်နှင့် မူဝါဒတည်ငြိမ်မှုမရှိခြင်း ကြောင့် ဈေးကွက်သစ်များကို မလွဲမသွေရှာဖွေရပေတော့မည်ဖြစ်ပါသည်။ ဈေးကွက်သစ် ရှာဖွေကြရာတွင် အရည်အသွေးနှင့် အစား အစာဘေးအန္တရာယ်လုံခြုံစိတ်ချရရေး (Quality Oriented & Food Safety) သည် အရေးတကြီးလုပ် ဆောင်ရမည့်  အခန်းကဏ္ဍဖြစ်လာ ပါသည်။ ထို့ကြောင့် ပြောင်းလဲလာသော ဈေးကွက်လိုအပ်ချက်နှင့်အညီ စံချိန်စံညွှန်း ပြည့်မီသော စိုက်ပျိုးရေးထွက်ကုန်များရရှိစေရန် အခြေခံအကျဆုံးဖြစ်သည့် မျိုးစေ့ကို ဂရုတစိုက် ရွေးချယ်ဝယ်ယူ၊ စိုက်ပျိုးထုတ်လုပ်ရမည်မှာ မလွဲဧကန်ဖြစ်
ပေသည်။ 

သို့ဖြစ်ပါ၍ မျိုးစေ့အဆင့်အလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီသောမျိုးစေ့များကို တောင်သူ လယ်သမားများမှ ဝယ်ယူရရှိသုံးစွဲနိုင်စေရန်နှင့် မျိုးစေ့လုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်၍မျိုးစေ့ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ခေတ်ကာလနှင့်လျော်ညီစွာ ၂၀၁၅ ခုနှစ်တွင် မျိုးစေ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ၂၀၁၆ ခုနှစ်တွင် မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြဌာန်းခဲ့ပြီး အောက်ပါရည်ရွယ်ချက်များဖြင့် မျိုးစေ့လုပ်ငန်းများကို စိစစ်ဆောင်ရွက်လျက်ရှိသည်-

  • မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်။
  • မျိုးစေ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန်။
  • အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂလိကများက မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ သုတေသနပြုလုပ်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးရန်။
  • မျိုးစေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ဖြစ်ပါသည်။

မျိုးကောင်းမျိုးသန့်ဆိုသည်မှာ အထွက်နှုန်းကောင်းခြင်း၊ စားသုံးမှုကောင်းခြင်း၊ ပိုးမွှား ရောဂါဒဏ်ခံနိုင်ခြင်း၊ နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းခြင်း၊ မြေဩဇာတုန့်ပြန်မှု ကောင်းခြင်း စသည့်အရည်အချင်းများနှင့် ပြည့်စုံရပါမည်။ ထို့အပြင် မျိုးရိုးဗီဇမှန်ကန်ခြင်း၊ အပင်ပေါက်ကောင်းခြင်း၊ အရွယ်အစားညီညာခြင်း၊ ကောင်းစွာရင့်မှည့်ခြောက်သွေ့ခြင်း၊ ပေါင်းစေ့၊ အခြားမျိုးစေ့နှင့် ပိုးမွှားရောဂါကင်းခြင်း၊ မျိုးအလိုက်ထူးခြားသည့် အရည်အချင်း နှင့်ပြည့်စုံခြင်းတို့ရှိရပါမည်။ မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အသုံးပြုစိုက်ပျိုးပါမှ အထွက်နှုန်း ၁၀-၂၀ % ပိုမိုထွက်ရှိပြီး အရည်အသွေးစံချိန်စံညွှန်းပြည့်မီသည့် ထွက်ကုန်များကိုလည်း ရရှိ နိုင်မည်ဖြစ်ပါသည်။ မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်၊ပွားများခြင်းသည် သီးနှံစေ့ စိုက်ပျိုးထုတ်လုပ်
ခြင်းနှင့် လုံးဝတူညီခြင်း မရှိပါ။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မျိုးစေ့များကို အဆင့် ၄ ဆင့်ခွဲခြား၍ စိုက်ပျိုးပွားများလျက်ရှိရာ ၎င်းတို့
မှာ-
    ၁။ မိဘမျိုးစေ့ (B.S)
    ၂။ ဆင့်ပွားမျိုးစေ့ (F.S)
    ၃။ မျိုးသန့်မျိုးပွားမျိုးစေ့ (R.S)
    ၄။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (C.S) တို့ဖြစ်ကြပါသည်။

 စပါးကဲ့သို့ ပင်တည်းဝတ် မှုန်ကူးပင်များတွင် အဆိုပါအဆင့် ၄ ဆင့်အတိုင်း ပွားများ၍ နေကြာ၊ ပြောင်းကဲ့သို့ ပင်ခြားဝတ်မှုန်ကူးပင်များတွင် တတိယအဆင့် (R.S) မပါဘဲ အဆင့် (၃) ဆင့်ဖြင့် ပွားများကြပါသည်။ စပ်မျိုးမျိုးစေ့များသည် စီးပွားဖြစ်မျိုးသန့်မျိုးစေ့အဆင့်တွင် ပါဝင်ကြပါသည်။

 မိဘမျိုးစေ့ကို သီးနှံမျိုးမွေးမြူရွေးချယ်ရေးပညာရှင်များက တိုက်ရိုက်ကြီးကြပ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှလည်းကောင်း၊ ကုမ္ပဏီပိုင်မျိုး များကို ကုမ္ပဏီအစီအစဉ်ဖြင့်လည်းကောင်း ထုတ်လုပ်ပွားများကြပါသည်။ ဆင့်ပွားမျိုးစေ့ကို စိုက်ပျိုး ရေးသုတေသနဦးစီးဌာနနှင့် စိုက် ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံတို့မှလည်းကောင်း၊ ကုမ္ပဏီပိုင်မျိုးများကိုကုမ္ပဏီအစီအစဉ်ဖြင့်လည်း ကောင်း ထုတ်လုပ်ပွားများပြီး မျိုးသန့် မျိုးပွားမျိုးစေ့ကို စိုက်ပျိုးရေးဦးစီးဌာနရှိ မျိုးသန့်ခြံနှင့် ကုမ္ပဏီပိုင်မျိုးများကို မျိုးစေ့ထုတ် ကုမ္ပဏီများမှ ထုတ်လုပ်ပွားများလျက်ရှိပါသည်။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့များကို ဌာနနှင့် တောင်သူလယ်သမားများ ပူးပေါင်း၍လည်းကောင်း၊ တောင်သူ လယ်သမားများစုဖွဲ့ ပါဝင်သော မျိုးစေ့ထုတ်သမဝါယမအသင်းငယ်များမှလည်းကောင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီ၊ ကုမ္ပဏီနှင့် တောင်သူလယ် သမားများ ပူးပေါင်းဆောင်ရွက်၍ လည်းကောင်း၊ မျိုးစေ့ထုတ် တောင် သူတစ်ဦးချင်း တစ်ပိုင် တစ်နိုင်အစီအစဉ်ဖြင့်လည်းကောင်း ထုတ် လုပ်ပွားများကြပါသည်။ စပ်မျိုး အများစုကို ပြည်ပနိုင်ငံများမှတင်သွင်း၍ ဖြန့်ဖြူးလျက်ရှိသော်လည်း အချို့မျိုးစေ့ထုတ်ကုမ္ပဏီများသည် ပြည်တွင်းတွင် F1  မျိုးစေ့များကို မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ တောင် သူများနှင့် ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်၍လည်းကောင်း စပ်မျိုးများထုတ်လုပ်လာနိုင်ကြပါသည်။ 

စံချိန်စံညွှန်းပြည့်မီသော မျိုးစေ့များကို မျိုးစေ့အဆင့်အလိုက် လေဘယ်ကဒ်များအား 

  • မိဘမျိုးစေ့ကို ပန်းရောင်ကတ်  (Pink Label card)
  • ဆင့်ပွားမျိုးစေ့ကို အစိမ်းရောင်ကတ် (Green Label card)
  • မျိုးသန့်မျိုးပွားမျိုးစေ့ကို အပြာရောင်ကတ်(Blue Label card) နှင့်
  • စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို အဝါရောင်ကတ် (Yellow Label card) တို့ဖြင့် ခွဲခြားသတ်မှတ်ထားပါသည်။

မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် အသိအမှတ်ပြုလက် မှတ်ရရှိပြီးသော မျိုးများကိုသာ ဖြန့် ဖြူးခွင့်ရှိပြီး မျိုးစေ့အရည်အသွေးအာမခံချက်နှင့် ကိုက်ညီခြင်းမရှိသော မျိုးစေ့ကို သော်လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးမှု ခံယူခြင်းမပြုရသေးသော မျိုးစေ့ကို သော်လည်းကောင်း ဖြန့်ဖြူးခြင်းမပြုရန် မျိုးစေ့ဥပဒေ ပုဒ်မ (၂၆) တွင် ဖော်ပြထား၍ မိမိ ဖြန့်ဖြူးမည့်မျိုးစေ့များကို မဖြန့်ဖြူးမီ မျိုးစေ့အရည်အသွေးစစ်ဆေးခန်း (Seed Testing Lab) တွင် စစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီမှသာ ရောင်းချခွင့်ရှိပါသည်။ ထိုသို့ ပြဌာန်းရခြင်း မှာလည်း မျိုးစေ့ဝယ်ယူသုံးစွဲသူများကို အရည်အသွေးပြည့်မီသော မျိုးကောင်းမျိုးသန့်မျိုးစေ့ များရရှိစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

 မျိုးစေ့အရည်အသွေးစစ် ဆေးခန်းတွင် စပါးသီးနှံအတွက် 

  • အစိုဓာတ်တိုင်းတာခြင်း (Moisture Determination)
  • မျိုးစေ့သန့်စင်မှုစစ်ဆေးခြင်း (Purity Analysis)
  • အပင်ပေါက်စစ်ဆေးခြင်း (Germination Test)
  • ပေါင်းစေ့ပါဝင်မှုအရေအတွက်စစ်ဆေးခြင်း (Weed Seed Counting)
  • ဆန်နီစေ့ပါဝင်မှုအရေအတွက် စစ်ဆေးခြင်း (Red Seed Counting) တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ 

မျိုးစေ့ဝယ်ယူအသုံးပြုသူများသည် မျိုးစေ့၏ အရည် အသွေးညံ့ဖျင်းမှုကြောင့် ဆုံးရှုံးမှု တစ်စုံတစ်ရာပေါ်ပေါက်လျှင် “မျိုးစေ့တန်ဖိုးအပါအဝင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ငွေဆုံးရှုံးမှုအတွက်” မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ် နည်းများ အပိုဒ် (၄၁) အရ မျိုးစေ့ဖြန့်ဖြူး‌ရောင်းချသူများထံ လျော် ကြေးတောင်းခံနိုင်ခွင့်ရှိပါသည်။ မျိုးစေ့ဝယ်ယူ သုံးစွဲသူများကို နစ်နာဆုံးရှုံးမှုမရှိစေရန် မျိုးစေ့ဥပဒေကအကာအကွယ်ပေးထားခြင်း ဖြစ်ပါသည်။ 

မျိုးစေ့ဝယ်ယူသုံးစွဲသူများ အနေဖြင့် မိမိတို့ဝယ်ယူသည့်မျိုးစေ့သည် အရည်အသွေး ပြည့်မီခြင်း ရှိ မရှိကို သိရှိနိုင်ရန်အတွက် မျိုးစေ့အိတ်တွင်ပါရှိသည့် ထုတ်လုပ်သည့် ဒေသ၊ ထုတ်လုပ်သူအမည်၊ သီးနှံအမည်၊ မျိုးအမည်၊ မျိုးသန့်စင်မှုရာခိုင်နှုန်း၊ အစိုဓာတ်ပါဝင်မှု ရာ ခိုင်နှုန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ အလေးချိန်၊ ဆက်သွယ်ရန် လိပ်စာ စသည်အညွှန်းစာသားနှင့် Labelling Card တို့ကို သေချာစွာဖတ်ရှု၍ သတိထား ဝယ်ယူရပါမည်။ မျိုးစေ့ဝယ်ယူသုံးစွဲသူ တောင်သူ လယ်သမားများ လွယ်ကူစွာဖတ်ရှုနား လည်နိုင်စေရန် မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချမည့် မည်သည့်မျိုးစေ့အိတ်ခွံပေါ်တွင် မဆို အညွှန်းစာသားများအား မြန်မာ ဘာ သာဖြင့် ဖော်ပြရမည်ဟုလည်း ညွှန် ကြားချက် ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

မျိုးစေ့ထုတ်လုပ်သူနှင့် ကုန်သွယ်သူတို့၏ ပေါ့လျော့မှုကြောင့်ဆုံးရှုံးခြင်းဖြစ်ကြောင်း သက်သေထင်ရှားပြနိုင်ပါက မျိုးစေ့ရောင်းချသူသည် ၎င်းပေးလျော်ခဲ့ရသည့်ငွေများကို ယင်းတို့ထံမှ အချိုး ကျ ပြန်လည်တောင်းဆိုပိုင်ခွင့်ရှိသည်ဟု မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများ အပိုဒ် ၄၂ တွင် ဖော်ပြပါရှိပါသည်။ တစ်နည်းဆိုလျှင် မျိုးစေ့ဝယ်ယူသုံးစွဲသူ အား ရောင်းချသူမှ ပေးလျော်ရသောငွေကို မျိုးစေ့ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရာလမ်းကြောင်းရှိ ပါဝင်ပတ်သက်သူများထံမှ ရောင်းချသူက တောင်းခံပိုင်ခွင့်ရှိသဖြင့် ဖြန့်ဖြူးရောင်းချသူ လည်း မနစ်နာစေရန် ဥပဒေဖြင့် အကာအကွယ်ပေးထားခြင်းဖြစ်ပါသည်။ 

မျိုးစေ့ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူနှင့်ရောင်းချသူများအနေဖြင့်လည်း မိမိ ရောင်းချလိုက်သည့် မျိုးစေ့အဆင့်အလိုက် စံချိန်စံညွှန်းအာမခံချက် ရှိ မရှိကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ မှန်ကန်သောဝန်ဆောင်မှုပေးခြင်းဖြင့် နှစ်ဦး နှစ်ဖက်ယုံကြည်မှု (TRUST) ရှိစေရန် မျိုးစေ့ ဥပဒေက ပေါင်းကူးသဖွယ် လုပ်ဆောင်ပေးလျက်ရှိသည်ကို သိရှိနိုင်ပါသည်။

 အချုပ်အားဖြင့်ဆိုလျှင် မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် မျိုးစေ့ထုတ်လုပ်သူများ၊ ဖြန့်ဖြူး၊ ရောင်းချသူနှင့် ဝယ်ယူသုံးစွဲသူတောင်သူလယ်သမားများကြား ပွင့်လင်း မြင်သာမှုနှင့် ယုံကြည်မှုရရှိအောင် တည်ဆောက်ပေးထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ 

ထိုသို့ယုံကြည်မှုရရှိမှသာလျှင် မျိုးစေ့လုပ်ငန်းတစ်ခုလုံး လည်ပတ်ရာတွင် အဆင်ပြေ ချောမွေ့နိုင်မည်ဖြစ်ပါသည်။ သို့မှသာ အရည်အသွေးကောင်းသော၊ စံချိန်စံညွှန်းပြည့်မီသော မျိုးစေ့များကိုအသုံးပြု၍ စိုက် ပျိုးခြင်းမှရရှိလာသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အရည်အသွေးအာမခံချက်ပေးနိုင်သော၊ ဈေးကွက်ဝင်သော ထုတ်ကုန်များ ရရှိနိုင်မည်ဖြစ်ပြီးတောင်သူများအတွက်အကျိုး အမြတ် များစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။             

မရွှေစန်း (မျိုးစေ့)