ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပြင်ဦးလွင်မြို့ ဒိုးကွင်ဥယျာဉ်ခြံ ပန်းသုတေသနလုပ်ငန်းများနှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပြင်ဦးလွင်မြို့ ဒိုးကွင်ဥယျာဉ်ခြံ ပန်းသုတေသနလုပ်ငန်းများနှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၂

စိုက်ပျိုးရေး၊မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် ပြင်ဦးလွင် ဒိုးကွင် ဥယျာဉ်ခြံ၏ သုတေသနပြု မျိုးစေ့ထုတ်လုပ်မှုများအား  ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့က ရှင်းလင်းပြသကြသည်။

ပြည်ထောင်စုဝန်ကြီးက ခြံအတွင်း မျိုးစေ့ထုတ်လုပ်ရန်နှင့် သုတေသနပြုလုပ်ရန် စိုက်ပျိုးထားသော ဒေသသစ်ခွပန်းများ၊ မေမြို့ပန်းများ၊ ဂန္ဓမာပန်းများ၊ ဒေလီယာပန်းများ၊ ဒေစီပန်းများအပါအဝင် ပန်းမျိုးများအား သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြု ဖော်ထုတ်ရရှိသော ပန်းမျိုးသစ်များကို ပြင်ဦးလွင်ဒေသတစ်ဝိုက်ရှိ တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာနှင့် မျိုးစေ့ဖြန့်ဖြူးရေးလုပ်ငန်းများကို နှစ်အလိုက် ပိုမိုထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းကြရန်  တာဝန်ရှိသူများအား မှာကြားသည်။

၂၀၂၃ခုနှစ်အတွင်း နိုင်ငံတော်အကြီးအကဲ၏ ပြင်ဦးလွင်ခရီးစဉ် လမ်းညွှန်ချက်များအရ ပြင်ဦးလွင်မြို့တော်ကို ပန်းမြို့တော်ဖြစ်ပေါ်စေရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော မေမြို့ပန်းမျိုးများ၊ နှင်းဆီပန်းများအပါအဝင် အခြားသော ပန်းမျိုးများအား သုတေသနပြုလုပ်၍ အရောင်အသွေးစုံ အပွင့်ပုံစံမျိုးစုံ ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေးအတွက် ဒေသမျိုးအချင်းချင်း မျိုးကူးစပ်ခြင်း၊ စုဆောင်းထားရှိသည့် ဒေသမျိုးများနှင့် ပြည်ပမျိုးများ မျိုးစပ်မွေးမြူးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

ဒိုးကွင်ခြံသည် အကျယ်အဝန်း ၄၀ ဒသမ ၄၆ ဧကရှိပြီး ၁၉၅၈ ခုနှစ်တွင် ပရဆေးခြံအဖြစ် စတင်တည်ထောင်၍ ၂၀၀၄ ခုနှစ်မှစတင်ပြီး ဆေးဖက်ဝင်သစ်ခွစိုက်ပျိုးခြင်း၊ ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်လုပ်ခြင်း သုတေသနစမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ ဒေသသစ်ခွပန်းမျိုး စုဆောင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ သစ်ခွမျိုးပေါင်း ၁၀၃ မျိုး စုဆောင်းထားရှိပြီး တစ်သျှူးနည်းပညာဖြင့် မျိုးပွားများခြင်း၊ မင်္ဂလာဒုံသစ်ခွခြံ၊ ဘားလားသစ်ခွခြံတို့နှင့် သစ်ခွမျိုးစပ်ခြင်း သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မင်္ဂလာဒုံသစ်ခွခြံမှ မျိုးစပ်ထုတ်လုပ်သော သစ်ခွစပ်မျိုး ၁၂မျိုး အား ပြင်ဦးလွင်ဒေသ ရေမြေအခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း၊ နှင်းဆီမျိုးကွဲပေါင်း ၃၂ မျိုးအနက် ထူးခြားသည့် အရောင်၊ အပွင့်၊ ပုံစံနှင့် မွှေးရနံ့ ရရှိစေရေး ရွေးချယ်မျိုးစပ်လျက်ရှိရာ စပ်မျိုးအတွဲပေါင်း ၂၁ တွဲ မျိုးစပ်ထားရှိကြောင်း၊ လာမည့်နှစ်တွင် အဆိုပါစပ်မျိုးများအား အပင်အဖြစ်မွေးမြူ၍ ထူးခြားသည့် အနံ့၊ အပွင့်၊ အရောင်တို့ကို စိုက်ပျိုးရွေးချယ်ပြီး ဒေသတွင်း စီးပွားဖြစ် ခြံများသို့ မျိုးသစ်များ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်းဒေသမျိုး မေမြို့ပန်းများအား တာရှည်ခံနိုင်ရေး ၊ အပင်ပင်စည် တောင့်တင်းမှုရှိစေရေး၊ ရောင်စုံ မျိုးသစ်များပေါ်ထွက်ရေး သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြင်ဦးလွင်ဒေသတွင် ဖြစ်ထွန်းနိုင်သည့် ဒေစီပန်း၊ ကညွှတ်ပန်း၊ ကျောက်ခတ်ပန်း၊ ရေမွှေးပန်း၊ တိုးနယားပန်းအပါအဝင် ဒေသပန်းမျိုးစုံအား ဈေးကွက်ဝင် အရည်အသွေးဖြင့် မျိုးထုတ်လုပ်နိုင်ရေးကိုလည်း သုတေသနပြု ဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒိုးကွင်ဥယျာဉ်ခြံမှ နှစ်စဉ် ဂန္ဓမာပန်းပျိုးပင် ၆ သိန်း၊ ကြက်မောက်ပန်း ပျိုးပင် ၅ ထောင် ၊ ဒေလီယာပန်းပျိုးပင် ၂ ထောင်၊ ဒေစီပန်းပျိုးပင် ၁၂၀၀ ၊ ရေမွှေးပန်း ပျိုးပင် ၁၅၀၀ ၊ သစ်ခွ ပန်းပျိုးပင် ၁၅၀၀ ၊ မေမြို့ပန်းမျိုးစေ့ များကို နှစ်စဉ် ဖြန့်ဖြူး ပေးလျက် ရှိသည့်အပြင် နှစ်စဉ်ကျင်းပလျက်ရှိသော ပြင်ဦးလွင် ပန်းပြပွဲသို့လည်း မျိုးစေ့ပျိုးပင်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ပြင်ဦးလွင်အား ပန်းမြို့တော်ဖြစ်စေရေးအတွက် နည်းပညာ ဖြန့်ဖြူးပေးခြင်း၊ မျိုးစေ့များဖြန့်ဖြူးပေးခြင်းလုပ်ငန်းများကို ပညာရှင်များစုဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

MOALI