ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း‌ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း‌ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၅

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့ အမှတ်(၃၀) စက်မှုလယ်ယာစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လယ်ယာသုံး စက်ကိရိယာများကို ကြည့်ရှုစစ်ဆေးပြီး သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စက်ကိရိယာများ  ပိုမိုအသုံးပြုရန် လိုအပ်ချက်များ၊ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်းမှုကွင်းဆက်တလျောက်၌ လယ်ယာသုံးစက်ကိရိယာများ လွှမ်းခြုံမှု တွက်ချက်ရာတွင် မြို့နယ်၊ ကျေးရွာအလိုက် အသေးစိတ် ဆောင်ရွက်ကြရန်၊ လယ်ယာသုံးစက်ကိရိယာ စာရင်းကောက်ခံရာတွင် ဒေသအုပ်ချုပ်‌ရေးအဖွဲ့များ၏ အကူအညီရယူပြီး စာရင်းပြုစုရန်နှင့် လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု သင်တန်းများဖွင့်လှစ်ပြီး လိုအပ်သောနေရာများ တွင် ဒေသနေတောင်သူများအား သရုပ်ပြလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ ဖော်ထုတ်ပြီး စနစ်ကျလယ်မြေများတွင် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန်၊ နှမ်းသီးနှံမျိုးစေ့ချ ဘောင်ကြီးတင် ကိရိယာကဲ့သို့ အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင်လည်း အကျိုးရှိထိရောက်စွာအသုံးပြု နိုင်မည့် လယ်ယာသုံးစက်ကိရိယာများ ကြိုးစားတီထွင်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး သည် ပြည်မြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ထိန်းသိမ်းရေးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီး ဌာနအောက်ရှိ ခရိုင်အဆင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးမြှင့်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ ဆည်ရေများပိုမို သိုလှောင်နိုင်သည့် အတွက် အကျိုးရှိစွာ သုံးစွဲနိုင်ရေး၊ ရေဘေးကာကွယ်ရေးတာနှင့် ရေလှောင်တမံများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာများ၊ ပူပြင်း ခြောက်သွေ့ကာလတွင် စိုက်ပျိူးရေ ပိုမိုပေးဝေနိုင်ရေး နှင့် ‌ရေသောက်ဧရိယာအလိုက် ဧကပြည့်မီအောင် စိုက်ပျိုးရေး ပေးဝေရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု မှ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအတွက် မြေသြဇာထောက်ပံ့ပေး အပ်ပွဲနှင့် မြေသြဇာကြဲပက်ပွဲ အခမ်း အနားသို့ တက်ရောက်ပြီး ဒေသခံတောင်သူများ အားတွေ့ဆုံကာ ဓာတ်မြေသြဇာများကို စနစ်တကျ သုံးစွဲပြီး ဒေသထုတ်ကုန် တိုးတက်မြင့်မားလာစေရေးကြိုးပမ်းကြရန်၊ မိမိတို့ဒေသ အတွင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရေးနှင့် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ အခက်အခဲများကို သက် ဆိုင်ရာ ဦးစီးဌာနနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက မြေသြဇာများ ထောက်ပံ့ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဓာတ်မြေသြဇာအား အချိုးကျ အချိန်ကိုက် စနစ် တကျ ထည့်သွင်းခြင်းနည်းလမ်း များ၊ ဘက်စုံပိုးမွှားရောဂါကာကွယ် နှိမ်နှင်းခြင်း နည်းလမ်းများကို ရှင်းလင်း ဆွေးနွေးကြပြီး  ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသ ခံတောင်သူများအား မြေသြဇာများ ထောက်ပံ့ပေးအပ်ကာ စိုက်ကွင်းများအတွင်း မြေသြဇာကြဲပက်နေမှုကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် စိန်ကမ္ဘာဦး လယ်ယာသုံးစက်ကိရိ ယာကုမ္ပဏီ သို့ရောက်ရှိပြီး ဘောင်ကြီးတင်စနစ်ဖြင့်  ဆောင်ရွက်နိုင် သည့် နှမ်းသီးနှံမျိုး‌စေ့ချ ကိရိယာနှင့် ကြံစိုက်စက် ထုတ်လုပ်တပ်ဆင်နေမှုတို့ကိုကြည့်ရှုအားပေးသည်။ 

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပြည်မြို့  ဧရာ ဝတီမြစ် ရေဘေး ကာကွယ်‌‌ရေး အတွက် တည်ဆောက်ထားသော နဝင်းတာ တာမိုင်(၀/၀ မှ ၂/၁)အထိ သို့ ရောက်ရှိကြပြီး မြစ်ရေတက်ရောက်မှုနှင့် ရေဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးကာ  တာတမံပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တာတမံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စီမံဆောင်ရွက်သွားကြရန်နှင့် နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိသည်။

MOALI