ငါးမုတ်ငါး၏ သဘာဝနှင့် အသုံးဝင်ပုံ

ငါးမုတ်ငါး၏ သဘာဝနှင့် အသုံးဝင်ပုံ

ငါးမုတ်

မြန်မာနိုင်ငံရှိ အရသာကောင်းသော ရေငန်ငါးများတွင် ငါးမုတ်ဖြူနှင့် ငါးမုတ်မဲလည်း ပါဝင်သည်။ ငါးမုတ်ကို ရခိုင်ကမ်းခြေနှင့် တနင်္သာရီကမ်းခြေတို့၌ အများအပြားဖမ်းဆီးရမိသည်။ ငါးမုတ်သည် မျိုးရင်း Stromateidae အုပ်စုတွင် ပါဝင်ပြီး မျိုးစိတ်အားဖြင့် ၂၀ ခန့်ရှိရာ ငါးမုတ်ဖြူ (သို့) ငွေရောင်ငါးမုတ် Pampus argentenus နှင့် Parastromateus niger ငါးမုတ်မဲ နှစ်မျိုးစလုံးသည် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတမ်းဒေသတို့တွင် အများဆုံးတွေ့ရှိရသည်။ ငါးမုတ်မျိုးသည် အရွယ်ငယ်ပြီး ကိုယ်ခန္ဓာပြားသောငါးမျိုးဖြစ်သည်။

ငါးမုတ်ကို အင်ဒိုအနောက်ပစိဖိတ်ဒေသ ပါရှန်းပင်လယ်ကွေ့မှ   အင်ဒိုနီးရှားထိ၊ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး ဒေသထိ ပြန့်နှံ့တွေ့ရှိရသည်။ငါးမုတ်ငါးမျိုးများတွင် အထီးများမှာ အမထက် ဦးစွာအရွယ်ရောက်ကြ၍ အရွယ်အစားအားဖြင့် အရွယ်ရောက်မှု မှာ ၂၂-၂၆ စင်တီမီတာခန့်နှင့် အမများမှာ ၁၈-၂၅ စင်တီမီတာ ရှိတတ်သည်။ ငါးမုတ်ကို အမြင့်ဆုံးအလျားမှာ  ၆၀ စင်တီမီတာ အထိတွေ့ရသည်။ အများဆုံးတွေ့ရှိရသည့် ငါးမုတ်များ၏အရွယ်အစားမှာ ၃၀ စင်တီမီတာခန့်ဖြစ်သည်။ သက်တမ်း မှာ ၇ နှစ်ခန့်ထိရှိပြီး ခန္ဓာကိုယ်ပြား၍ လုံးဝန်းသည်။ အပေါ်အောက် အချိုးညီစွာ ခုံးလျက်ပုံသဏ္ဍာန်ရှိသည်။ ခန္ဓာကိုယ်၏ အပေါ်ဖက်ပိုင်းတွင် မီးခိုးရောင်သမ်းနေပြီး တဖြည်းဖြည်း အောက်ဖက်တွင်ငွေရောင်သန်းကာ ဝမ်းဗိုက်ဖက်တွင် အဖြူရောင်ဖြစ်သည်။ 

ငါးမုတ်များကို ရေချိုရေငန်စပ်ရှိရာ ကမ်းနီးဒေသ ရွှံ့နွံပေါသည့်နေရာမျိုးတွင်အုပ်စုလိုက် တွေ့ရလေ့ရှိသည်။ အရွယ်ရောက်ပြီး ငါးမုတ်များသည် အကောင်မျှောလှေးများ၊ ရေခူငယ်များ စသည်တို့ကို  စားသုံးကြပြီး နွေဦးပေါက်ရာသီ ဧပြီ၊ မေ လများတွင်မိတ်လိုက်ကြသည်။ သားပေါက်ရာသီမှာ ဧပြီမှ စက်တင်ဘာလအထိဖြစ်ပြီး မေ၊ ဇွန်၊ ဇူလိုင် လများသည်  သားပေါက်အကောင်းဆုံးလများဖြစ်သည်။ အမတစ်ကောင် လျှင် ပျမ်းမျှ ဥအလုံးရေ ၅၀၀၀၀ မှ ၁၀၀၀၀၀ ခန့်ထိ ဥချလေ့ရှိသည်။ ငါးမုတ်ငါးမျိုး၏ ဥအလေးချိန် ၁ ဂရမ်တွင် ဥအလုံးရေ ၃၅၀ ခန့်ထိရှိသည်ကို တွေ့ရှိရသည်။

သားပေါက်သည့်ရာသီတွင် ရေအပူချိန်မှာ ပျမ်းမျှ ၂၈-၃၀ ဒီဂရီစင်တီဂရိတ်ရှိပြီး၊ ရေအငန်နှုန်းမှာ ၃၀-၃၅ ပီပီတီ ရှိသည်။ ငါးမုတ်ဖြူသည် စျေးကောင်းရသည့် တန်ဖိုးကြီးငါး Table Fish ဖြစ်သဖြင့် အလွန်အကျွံ ဖမ်းဆီးခြင်းများ၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ဂေဟဗေဒစနစ်များ ပျက်စီးယိုယွင်းလာခြင်းများတို့ကြောင့် ဖမ်းဆီးရရှိမှု လျော့နည်းကျဆင်းလာနိုင်သည်။

ငါးမုတ်ဖြူငါး

ငါးမုတ်ဖြူသည် ငါးမုတ်မဲထက် အရသာပိုမိုကောင်းမွန်သောငါးဖြစ်၏။ ရခိုင်ဒေသတွင် ငါးယုဇနဟူ၍လည်းကောင်း၊ တနင်္သာရီတိုင်းတွင် ငါးမုတ်ဟူ၍လည်းကောင်း ခေါ် ဆိုကြသည်။ ငါးမုတ်ဖြူကို အင်္ဂလိပ်အမည်အားဖြင့် “White Pomfret” ခေါ်  “Silver Pomfret” ဟုခေါ်ဆိုကြပါသည်။ ကိုယ်အလွန်ပြား၍ ကျယ်ပြန့်၏။ အမြီးခွ စောက်နက်၏။ အရောင်မှာ အဖြူဖြစ်သော်လည်း ကျောတစ်လျှောက်တွင် မွဲပြာရောင်သန်းနေ၏။

ငါးမုတ်ဖြူငါးသည် ကမ်းနီးတွင် ကျက်စားနေနိုင်သော ငါးမျိုးဖြစ်သည်။ ရွံ့နွံထူသော ပင်လယ်ကြမ်းပြင်တွင် အုပ်စုလိုက်နေထိုင်ပါသည်။ အကောင်မျှောလှေးများကို စားသောက်လေ့ရှိပြီး အရေးပါသော စျေးကွက်ဝင်ငါးမျိုးစေ့ဖြစ်သည်။ ဒေသတွင်းစျေးကွက်တွင် လတ်လတ်ဆတ်ဆတ်ရောင်းချခြင်းဖြင့် စီးပွားရေးအရ အရေးပါသည်။ဖမ်းယူရရှိနိုင်သော ငါးဖမ်းကိရိယာမှာ အောက်ခြေတွင်အသုံးပြုသော ဒရွတ်ဆွဲပိုက်ဖြစ်ပါသည်။ ငါးမုတ်ဖြူ၏ ကိုယ်ထည်သည် ခိုင်မာသည့်ပုံစံဖြစ်ပြီး ဘေးတိုက်အလွန်ပြားပြီး ဘဲဥပုံစံရှိပါသည်။

ငါးမုတ်ဖြူငါးသည် ပါးဟက်မရှိပါ။ ဆုတ်ယုတ်နေသော ပါးဟက်ဖုံးရှိပြီး ပါးဟက်အက်ကွဲကြောင်းသည် ကိုယ်ထည်ဘေးဘက်တွင်ရှိပါသည်။ ပါးဟက်အဖုံးသည် ဘေးဖက်တွင်ရှိပြီး မြင့်မားသောကိုယ်ထည်နှင့်ဆက်သွားပါသည်။ ကျောရေယက်နှင့် အမြီးရေယက်သည် အနည်းငယ်ရှေ့နောက်ရောက်နေပါသည်။ အမြီးရေယက်သည် ခရင်းခွပုံစံ ထင်ရှားစွာရှိနေပါသည်။ အမြီး၏ အောက်အဝိုက်သည် အပေါ် အဝိုက်ထက် အနည်းငယ်ပိုကြီးပါသည်။

ကျောဖက်အရောင်သည် မီးခိုး ရောင်ရှိပြီး ဝမ်းဖက်သည် ငွေရောင်ဖြစ်သည်။ အဖြူရောင် အစက်သေးများသည် ကိုယ်ပေါ်တွင် ပါရှိသည်။ ရေယက်များသည် အဝါရောင်ဖျော့ဖျော့ပါရှိသည်။အများဆုံး ကိုယ်ထည်အရှည်သည် ၆၀ စင်တီမီတာတွေ့ရပြီး အများဆုံးတွေ့ရသောအလျားသည် ၃၀ စင်တီမီတာ ဖြစ်သည်။ ငါးမုတ်ဖြူကို လတ်ဆတ်စွာကြော်စားခြင်း၊ ချက်စားခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေပါသည်။

ငါးမုတ်မဲငါး

ငါးမုတ်မဲကို တနင်္သာရီတိုင်းတွင် ငါးမုတ်ဖြူဟူ၍ပင်ခေါ်ဆိုသည်။ ရခိုင်တွင်မူ ယုဇနသမ္ဘူဟူ၍ ခေါ်ကြသည်။ ငါးမုတ်မဲကို အင်္ဂလိပ်လို  ”Black Pomfret” ခေါ် “Indian Buttrefish”ဟု ခေါ်ဆိုကြပြီး ငါးမုတ်ဖြူနှင့် အသွင်ချင်းတူပြီး အရောင်သာလျှင် ကွဲပြားလေသည်။ ငါးမုတ်မဲ၏ အရောင်မှာ အညိုရင့်ရောင် သို့မဟုတ် မွဲပြာရင့်ရောင် ဖြစ်သည်။ ဆူးတောင်များ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။ အမြီး၏ အရောင်သည် ဝါ၍ အညိုရောင် ကန့်လန့်စင်း ၃ ကြောင်း ရှိသည်။ ငါးမုတ်မဲသည် ငါးမုတ်ဖြူကဲ့သို့ အရသာကောင်းမွန်ခြင်း မရှိချေ။

ငါးမုတ်မဲကို ရေငန်နှင့် ရေချိုရေငန်စပ်နေရာများတွင် တွေ့ရှိရပါသည်။မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်ဒေသနှင့် ဂျပန်နိုင်ငံမြောက်ပိုင်းဒေသတို့တွင်လည်း တွေ့ရှိနိုင်ပါသည်။ ရာသီအလိုက် တွေ့ရှိရပြီး မြစ်ဝကျယ်များတွင်လည်း ဝင်ရောက်သွားလာနေထိုင်ပါသည်။ငါးမုတ်ဖြူကဲ့သို့ ငါးမုတ်မဲ၏ နေထိုင်မှု အလေ့အထနှင့် စားသောက်မှုပုံစံ ဆင်တူပါသည်။အကြီးမားဆုံးသော အရွယ်အစားမှာ ၄၀ စင်တီမီတာရှိပြီး အများဆုံးအရွယ် အစားမှာ ၂၀ စင်တီမီတာ ဖြစ်ပါသည်။ ကိုယ်ထည်ကို cycloid အရွယ်အစား အရွယ်သေးသေးဖြင့် ဖုံးထားပါသည်။အာရုံခံနိုင်သောဘေး ဘက်မျဥ်းသည် မြင့်မားသည့်ပုံစံဖြစ်ပါသည်။ငါးမုတ်ဖြူနှင့် ငါးမုတ်မဲသည် စျေးကွက်ဝင် ငါးအမျိုးအစားတွင် ပါဝင်ပါသည်။

ငါးမုတ်စားဖွယ်စုံ

ငါးမုတ်ကို အကြွပ်ကြော်စားခြင်း၊ အချိုပေါင်းစားခြင်း၊တန်ပူရာကြော်၊ငါးမုတ်ပဲငါးပိကြော်၊ ငါးမုတ်သောက်ဆမ်း၊ ငါးမုတ် သံပုရာပေါင်း၊ ငါးမုတ်အချဥ်ဆီပြန်၊ ငါးမုတ်ကြပ်တိုက်၊ဘာဘီကျူး စသည့် ပုံစံမျိုးစုံဖြင့် စားသုံးကြပြီး ငါးမုတ်ဖြူသည် ထောပတ်ရနံ့သင်း၍ နူးညံ့သောအသားရှိ      သဖြင့် လူအများပိုမို ကြိုက်နှစ်သက်ကြသည်။ ငါးမုတ်ငါးမျိုးသည်လည်း အာဟာရဓာတ်နှင့် သတ္ထုဓာတ်များစွာပါဝင်သည့်အပြင် အိုမီဂါ -၃ နှင့် ဗီတာမင်-ဒီ များစွာပါဝင်သော ကြောင့် နှလုံးရောဂါနှင့် သိုင်းရွိုက်ဂရင်း ရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေး၍ ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်သော အရသာရှိသည့် လူကြိုက်များသော  ပင်လယ်စာ ငါးတစ်မျိုးဖြစ်၍ စီးပွားရေးအရအရေးပါသော တန်ဖိုးမြင့်ငါးဖြစ်သည်။

ငါးမုတ်ငါးမှာ အလယ်ရိုးတစ်ရိုးသာပါပြီး ကြော်စားပါက ကြွပ်ကြွပ်ရွရွလေးနှင့် အရမ်းအရသာရှိသော ငါးတစ်မျိူးဖြစ်သည်။ အသားများပြီး နူးညံမှုရှိသည်။ အကြေးခွံသေးသေးလေး အနည်းငယ်သာပါရှိကြပြီး အရိုးနည်းသဖြင့် အရိုးစူးမှာလည်း  မပူရပေ။

ငါးမုတ်ငါးနှင့် ကျန်းမာရေး

အိုမီဂါ-၃ သည် ပင်လယ်ငါးဖြစ်သော ငါးမုတ်များတွင် ပါရှိသော ဖက်တီး အက်ဆစ် (fatty acid) တစ်မျိုး ဖြစ်သည်။ အိုမီဂါ-၃ သည် နှလုံး ၊ ဦးနှောက်နှင့် ကြွက်သားများကို ကျန်းမာစေသည်။ နှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိလေ့လာဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

အိုမီဂါဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဖက်တီးအက်ဆစ် ဖြစ်သည်။ လူ့ခန္ဓာကိုယ်မှ ဤအိုမီဂါဓာတ်ကို မထုတ်လုပ်နိုင်ဘဲ စားသောက်သော အစားအစာများမှသာရရှိနိုင်ပါသည်။

ပင်လယ်ငါးဖြစ်သော ငါးမုတ်မှ ရရှိသော eicosapentaenoic acid ( EPA )၊ docosahexaenoic acid ( DHA )နှင့် အပင်များမှ ရရှိသော alpha-linolenic acid ( ALA ) ဓာတ်များသည် လူသားများအတွက် အလွန်အရေးပါသော ဓာတ်များဖြစ်ကြ၏။ ၎င်းဖက်တီးအက်ဆစ်တို့ သည် လူ့ကိုယ်ခန္ဓာရှိဆဲလ်များ၏ ပတ်ပတ်လည်တွင်ရှိသော အမြှေးပါးကို ဖြစ်တည်စေသည်။ ထိုအမြှေးပါးများက ဆဲလ်များထဲသို့ မည်သည့်အရာမဆို ဝင်ရောက်ခြင်း၊ ထွက်သွားခြင်း၊ ဆဲလ်တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းတို့ကို ထိန်းချုပ်ပေးပါသည်။ အိုမီဂါ-၃ ကြွယ်ဝနေသော ဆဲလ်များသည် အရည်ဓာတ်ပိုများပြီး မှန်ကန်စွာ အလုပ်လုပ်နိုင်စွမ်းပိုရှိသည်။

ထို့အပြင် အိုမီဂါ-၃ ဖက်တီးအက်ဆစ် သည် eicosanoid ဟုခေါ်သည့် ဟိုမုန်းများ ထုတ်လုပ်ခြင်းကို သင့်လျော်အောင် ထိန်းညှိပေးပါသည်။ အိုမီဂါ-၃ သည် ရောင်ကိုင်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို လျော့ကျစေပါသည်။ သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် နှလုံးရောဂါအတွက် များစွာအရေးပါလိုအပ်ကြောင်း လေ့လာသိရှိခဲ့ကြပါသည်။ အိုမီဂါ-၃ သည် သွေးကြောများထဲတွင် သွေးကြောပိတ်ဆို့မှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါသည်။ အကယ်၍ heart  attack ဖြစ်ခဲ့လျှင်တောင်မှ သေစေနိုင်ခြင်းကို နည်းပါးစေပါသည်။ အိုမီဂါ-၃ သည် နှလုံးသွေးကြောများထဲတွင် သွေးကြောပိတ်ဆို့ မှုကို ဖြစ်စေသည့် အဆီဖြစ်စေခြင်းကို လျော့ကျစေပြီး မူမမှန်သော နှလုံးခုန်နှုန်းကို လျော့ကျစေပါသည်။ ထို့အပြင် မြင့်နေသော သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါသည်။

ထို့အပြင် အိုမီဂါ-၃ သည် အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းရောဂါများကို သက်သာစေပါသည်။ နို့စို့ကလေးငယ်များအတွက် DHA ဓာတ် အရင်းအမြစ်ဖြစ်သည့် မိခင်နို့ရည်မှ လွဲ၍ ဦးနှောက်ကို ဖွံ့ဖြိုးစေသည့်ဓာတ်မှာ အိုမီဂါ-၃ ပဲဖြစ်ပါသည်။

အခြားလေ့လာ စမ်းသပ်မှုများအရ အိုမီဂါ-၃ သည် စိတ်ကျခြင်း depression မျိုးနှင့် disorder များကို လျော့နည်းသက်သာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော ဓာတ်မျိုးဖြစ်ပါသည်။ ကြွက်သားများ နွမ်းနယ်ညောင်းညာခြင်းကို သက်သာလျော့ပါးစေသည်ကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါ သည်။

ရှေးဦးလေ့လာ စမ်းသပ်မှုများအရ အစားအစာထဲတွင် အိုမီဂါ-၃ ဓာတ်ကြွယ်ဝနေခြင်းသည် အင်္ဂါအစားထိုးကုသခံရသည့် လူနာများအတွက် အထောက်အကူပြုစေပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ် ကင်ဆာရောဂါများ ဖြစ်ပွားမှုကို နည်းပါးစေပါသည်။ လက်ရှိကာလတွင် စမ်းသပ်လေ့လာနေဆဲဖြစ်ပြီး အကျိုးသက်ရောက်မှု ကောင်းစေသည်ဟု ယူဆရသော ရောဂါများမှာ ရင်ကြပ်ရောဂါ၊ စိတ်ကျခြင်း၊ အမျိုးသမီးများ ရာသီလာနေစဥ် ကိုက်ခဲခြင်း၊ နှင်းခူ၊ အတက်ရောဂါ၊ လေဖြတ်ခြင်းနှင့် အူမကြီးတွင် အနာဖြစ်ခြင်း စသည့်ရောဂါများကို ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှုကောင်းစေမည်ဆိုတာကို ရှာဖွေလေ့လာနေဆဲ ဖြစ်ပါသည်။

ကျွမ်းကျင်သူ ပညာရှင်များက ယောက်ျားတစ်ဦးလျှင် EPA နှင့် DHA တစ်နေ့လျှင် ၆၁၀ မီလီဂရမ် စားသုံးသင့်ပြီး အမျိုးသမီးတစ်ဉ်ီးလျှင် ၄၃၀ မီလီဂရမ် စားသုံးသင့်သည်ဟု ဆိုပါသည်။ ထိုပမာဏများသည် ဖက်တီးအက်ဆစ်  ကြွယ်ဝနေသောငါးများဖြစ်သည့် ဆယ်မွန်၊ ငါးသလောက်အုပ်စုဝင် ငါး၊ ငါးကွမ်းရှပ်၊ ဆာဒင်း (ငါးသေတ္တာ ငါး)၊ငါးမုတ်ငါး နှင့် ငါးနီတူ ငါးများကို တစ်ပတ်လျှင် ၂ ကြိမ် စားသုံးခြင်းဖြင့် ရရှိသောပမာဏနှင့် ညီပါသည်။

နှလုံးရောဂါရှင်များသည် ငါးမုတ်အပါအဝင် ပင်လယ်ငါးမှ ရရှိသော အိုမီဂါ-၃ ဓာတ် ပိုမိုလိုအပ်ပါသည်။ နှလုံးရောဂါရှင်များသည် တစ်နေ့လျှင် အိုမီဂါ-၃ ဓာတ် ၁ ဂရမ် ပါရှိသော တစ်တောင့် နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် နှလုံးရောဂါဖြင့် သေဆုံးခြင်းမှ ၂၅ ရာခိုင်နှုန်း လျော့နည်းနိုင်စေသည်ဟု လေ့လာမှုတစ်ခုက ဆိုသည်။

ဆာဒင်း၊ ဆယ်မွန်၊ မက်ကရယ်၊ ငါးသလောက်အုပ်စုဝင်ငါးတို့ကဲ့သို့သော ပင်လယ်ငါးများ စားသုံးခြင်းမှ EPA နှင့် DHA ဓာတ်များကို ရရှိစေပါသည်။ 

သတိပြုရန် အနေဖြင့်-
ဆီးချို၊ သွေးချို ရောဂါဝေဒနာသည်များနှင့် သွေးထွက်လွန်သော ဝေဒနာ ရှင်များမှာ အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့် တိုင်ပင်သင့်သည်ဟုဆိုပါသည်။ အိုမီဂါ-၃ ဓာတ်သည် သွေးထဲမှ သကြားဓာတ်ကို တိုးစေပြီး သွေးကြောပိတ်ဆို့ခြင်းကို လျော့ နည်းစေပါသည်။ ပင်လယ်ငါးနှင့် ဓာတ်မတည့်သည့်သူများမှာ ပင်လယ် ငါးမှ ရရှိသော အိုမီဂါ-၃ ကို ရှောင်ကျဉ်သင့်သည်ဟု ဆိုပါသည်။

အိုမီဂါ-၃ သည် aspirin၊ anticoagulants (warfarin, heparin)၊ non-steroidal anti-inflammatories (ibuprofen ) ကဲ့သို့သော ဆေးဝါးများနှင့် ဓာတ်ပြုပြီး သွေးထွက်နှုန်းကို မြင့်စေသော ဆိုးကျိုးဖြစ်စေနိုင်သည့်အတွက် ထိုဆေးဝါးများကို သုံးစွဲနေရသော လူနာများအဖို့ အိုမီဂါ-၃သောက်သုံးခြင်းကို ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင်-
ပင်လယ်ငါးအမျိုးအစားဖြစ်သော ငါးမုတ်ဖြူနှင့် ငါးမုတ်မဲငါးသည် အရသာနူးညံ့ကောင်းမွန်လှပြီး လူကြိုက်များသဖြင့် ပြည်တွင်း၌သာမက ပြည်ပစျေးကွက်ထိပါ နေရာရနေသောငါးတစ်မျိုးဖြစ်သည်။ထို့ပြင် ငါးမုတ်ငါးများသည် အရသာကောင်း မွန်ရုံသာမက အာဟာရဓာတ်လည်း စုံလင်စွာပါရှိသဖြင့် စားပေးသင့်သော ပင်လယ်ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

References;
(1)Fish Base of Myanmar
(2)Inland Fisheries of Myanmar