မလေးရှားသို့ သိုးနှင့်ဆိတ်အရှင်များ တင်ပို့သွားမည် ပြည်တွင်းမွေးမြူတောင်သူများအတွက် အလားအလာကောင်း

မလေးရှားသို့ သိုးနှင့်ဆိတ်အရှင်များ တင်ပို့သွားမည် ပြည်တွင်းမွေးမြူတောင်သူများအတွက် အလားအလာကောင်း

အစာစုံ စားသောက်တတ်ကြသည့် သိုး နှင့် ဆိတ်သည် မွေးမြူရေးတိရစ္ဆာန်များတွင် ရာသီဥတုဒဏ် ခံနိုင်ရည်မြင့်မားမှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကဲ့သို့သော ပူပြင်းခြောက်သွေ့သည့် အခြေအနေမှ ရာသီဥတုစုံလင်သည့် တိုင်းဒေသကြီး ပြည်နယ်များအားလုံး၌ မွေးမြူလုပ်ကိုင်နိုင်ကြသဖြင့် မိသားစု တစ်နိုင်မွေးမြူသူ နှင့် စီးပွားဖြစ်မွေးမြူသူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မွေးမြူရေး တိရစ္ဆာန် အမယ်တစ်မျိုးဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က စားသုံးသူဘေးကင်းလုံခြုံရေး နှင့် အာဟာရ ပြည့်ဝ သော အသားထုတ်လုပ်မှုဖွံ့ဖြိုးလာစေရန် သိုး နှင့် ဆိတ် မျိုးမြှင့်တင်ခြင်း ၊ မျိုးကောင်းမျိုးသန့်များပွားများထုတ်လုပ်ပေးခြင်း၊ ခွာနာလျှာနာရောဂါကင်းမဲ့ဇုန်၊ ထိန်းချုပ်ဇုန်များ သတ်မှတ်၍ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အလေးထား ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြည်ပ ဈေးကွက် အခြေအနေကောင်းများကို ဖန်တီးဖော်ဆောင်ပေးနိုင်လျက်ရှိသည်။

ယခုအခါ မြန်မာနိုင်ငံမှ သိုး နှင့် ဆိတ်အရှင်များကို မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ သီလဝါဆိပ်ကမ်းရှိ Animal Quarantine Information(AQS) စခန်းအား ပြင် ဆင်ခြင်းနှင့် မလေးရှားနိုင်ငံ Department of Veterinary Services မှ ပညာရှင်များအား ဖိတ်ခေါ်၍ AQS စခန်းအတည်ပြုနိုင်ရေး၊ ရောဂါစူး စမ်းရှာဖွေ ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး လို အပ်ချက်အစီအမံများ (Protocol)အား နှစ်နိုင်ငံ ညှိနှိုင်း အတည်ပြုချက် ရယူခြင်း၊ မြန်မာနိုင်ငံမှ ထုတ်ပေးမည့် Veterinary Health  certificate (model) အား ပေးပို့၍ မလေးရှား နိုင်ငံနှင့် အတည်ပြုချက်ရယူခြင်းများကို ၂၀၂၄ ခုနှစ် ဇွန်နှင့် ဇူလိုင်အတွင်း နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရှိရသည်။

တင်ပို့မည့်သူများအနေဖြင့် သက် ဆိုင်ရာ နိုင်ငံ၏ အစိုးရဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အချက် အလက်ပြည့်စုံသည့် ကုန်အမှာစာ Performance Invoice လက်ခံရရှိရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သိုးဆိတ်တင်သွင်းမည့်သူမှ လျှောက်ထားလာသည့် နေရာအပေါ်မူတည်၍ တိရစ္ဆာန် စုဆောင်းရပ်ကို စိစစ်သတ်မှတ်သွားမည်ဖြစ်ကာ ကျန်းမာရေး လိုအပ်ချက်အစီ အမံများ protocol နှင့်အညီ ရောဂါ (၈) မျိုးစစ်ဆေးခြင်း ၊ ခွာနာလျှာနာ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိရစ္ဆာန်အမှတ်အသား (ID Ear-tag) တပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မွေးမြူရေးနှင့်ကုသရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။

သီလဝါ AQS စခန်းတွင် qua-rantine စောင့်ကြည့် ကာလ ၂၁ရက် သတ်မှတ်၍ ခွာနာလျှာနာ ရောဂါကာကွယ်ဆေး Trivalent ၂ ကြိမ် ထိုးနှံခြင်း၊ သားလျှောရောဂါ ကာကွယ်ဆေး (RB 51) ၊ သံချခြင်းနှင့် ပြင်ပ ကပ်ပါးပိုးမွှားများ နှိမ်နှင်းခြင်း၊ Beta agonist စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပြီး သတ် မှတ်အရည်အချင်းနှင့် ကိုက်ညီ၍ Quarantine report ရရှိပြီးပါက မလေးရှားနိုင်ငံက သတ်မှတ်ခွင့်ပြုထားသည့် လမ်းကြောင်းမှတစ်ဆင့် တင်ပို့နိုင်မည် ဖြစ်သည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ သိုးနှင့်ဆိတ်အရှင်တင်ပို့နိုင်ရန် သတ်မှတ်လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သည့် Mansa Iron & Steel Fabrication & Manufacturing Co., Ltd က ရမည်းသင်းခရိုင်၊ ပျော် ဘွယ်မြို့နယ်ရှိ ယာယီစုဆောင်းရပ် ၌စုဆောင်းထားရှိပြီးဖြစ်သော ဆိတ် အရှင် ၁,၅၀၀ ကောင်ကို ပထမအသုတ်အနေဖြင့် တင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း ဆိတ်အရှင် အကောင် ၃၀,၀၀၀ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်များတွင် တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း မွေးမြူရေးတောင်သူများအနေဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်းကို ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ဈေးကွက်အလားအလာ ကောင်းများရှိနေကြောင်း သတင်းရရှိသည်။                            

MOALI