လယ်ယာထွက်အီဂျစ် လယ်ယာထွက်ကုန်တင်ပို့မှု မြင့်မားလာ

လယ်ယာထွက်အီဂျစ် လယ်ယာထွက်ကုန်တင်ပို့မှု မြင့်မားလာ

သစ်သီးဝလံ လယ်ယာထွက်ကုန် တင်ပို့မှုသည် ၂၀၂၃ခုနှစ်တွင် တန်ချိန် ၇ ဒသမ ၄ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးရေး ဝန်ကြီး Al-Sayed Al-Qusseir က အထက်လွှတ်တော်သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ပေါင်းစပ်လိုက်လျှင် အီဂျစ်၏ သစ်သီးဝလံနှင့်ပြုပြင်ထုတ်လုပ်ထားသော လယ်ယာထွက်ကုန်များ တင်ပို့မှုသည် ဒေါ်လာ ၉ ဘီလီယံ ရှိလာခဲ့သည်။

စိုက်ပျိုးရေးပို့ကုန်ပမာဏမြင့်တက်လာခြင်းသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ပုဂ္ဂလိကနှင့် အများပိုင်ထုတ်လုပ်သူများ ပစ်မှတ်ထားသောပို့ကုန်များတိုးလာမှုကို ထင်ဟပ်စေသည်။ ဝန်ကြီး၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် အီဂျစ်မှ လယ်ယာထွက်ကုန် ၄၀၆ ခုကို စျေးကွက် ၁၆၀သို့ တင်ပို့ ခဲ့ပြီး ယခင်နှစ်ထက် ဈေးကွက် ၉၃ ခု တိုးလာခဲ့သည်။

အီဂျစ်သည် အရည်အသွေးမြှင့်တင်ခြင်း နှင့် ဈေးကွက်ယှဉ်ပြိုင် ရောင်းချပေးခြင်းဖြင့် စိုက်ပျိုးရေး ပို့ကုန်လမ်းကြောင်းရှိ အတားအဆီးများကို ဖယ်ရှားနိုင်ကြောင်း Al-Qusseir မှ ပြောကြားခဲ့သည်။

ဂျပန်နှင့် ဘရာဇီးတို့သည် အသစ်ပေါ်ထွက်လာသော စျေးကွက်များထဲတွင် ပါဝင်ခဲ့သည်။ Al-Qusseir က ယခုအခါ များပြားလှသော ရှောက်သံပုရာ၊ စပျစ်သီးနှင့် သလဲသီးများကို ဂျပန်နိုင်ငံ သို့ တင်ပို့နေပြီး အာလူးများကို ဘရာဇီးနိုင်ငံသို့ တင်ပို့နေကြောင်း မှတ်ချက်ပြုခဲ့သည်။

လယ်ယာထွက်ကုန်များတင်ပို့မှုတွင် ရှောက်သံပုရာများ၊ အာလူးများ၊ ကြက်သွန်နီများ၊ စပျစ်သီးများ၊ ခရမ်းချဉ်သီးများ၊ ကန်စွန်းဥများ၊ စတော်ဘယ်ရီသီးများ၊ မာလကာသီး၊ ကြက်သွန်ဖြူ၊ သရက်သီး၊ ဖရဲသီးနှင့် သလဲသီးများ ပါဝင်သည်။ အီဂျစ်သည် ၂၀၂၀ ခုနှစ်ကပင် လိမ္မော်သီး တင်ပို့သူများ တွင် ပထမအဆင့်နှင့် စတော်ဘယ်ရီ အမျိုးအစားတွင် တတိယဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ရှောက်သံပုရာ တန်ချိန် နှစ်သန်း၊ အာလူးတန်ချိန် ၉၅၀,၀၀၀ နှင့် ကြက်သွန်နီ တန်ချိန် ၄၁၂,၀၀၀ တင်ပို့ခဲ့သည်။

အစိုးရက အကောင်အထည်ဖော်သည့် ဧရာမမြေယာ ပြန်လည်ထူထောင်ရေးစီမံကိန်း များသည် ပို့ကုန်များ တိုးမြင့်လာစေခဲ့သည်။ Toshka၊ New Delta နှင့် မြောက်ဘက်နှင့် အလယ်ပိုင်း Sinai ကဲ့သို့သော စီမံကိန်းများသည် အီဂျစ်၏ စိုက်ပျိုးမြေဧရိယာ ၄ သန်းကျော် တိုးလာခဲ့ပြီး ကောက်ပဲသီးနှံ တန်ချိန် သန်း ၃၀ ကျော် ထုတ်လုပ်ခဲ့သည်။

GDP အတွက် စိုက်ပျိုးရေးကဏ္ဍ၏ပံ့ပိုးကူညီမှုသည် သုံးနှစ်အတွင်း ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပြီး ၎င်းသည် အရေးကြီးသော နိုင်ငံခြားငွေလဲလှယ်နှုန်း အရင်းအမြစ် ဖြစ်လာကာ အီဂျစ်နိုင်ငံလုပ်သားအင်အား၏ ၂၅ ရာခိုင်နှုန်းကို အသုံးပြုခဲ့သည်။

Al-Khouli မှ ၂၀၂၂-၂၃ရာသီတွင် လယ်ယာထွက်ကုန် တင်ပို့မှုပမာဏသည် ၅ဒသမ၆သန်း ရှိပြီး ယခင်ရာသီ၏ တန်ချိန် ၄ ဒသမ ၃သန်းထက် ၂၉ ဒသမ ၂ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြ ခဲ့ပါသည်။ အာရပ်နိုင်ငံများသည် ၂၀၂၂/၂၀၂၃ရာသီတွင် အီဂျစ်၏ စိုက်ပျိုးရေးပို့ကုန် ၃၇ ရာခိုင်နှုန်းကို တင်သွင်းခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရရှိခဲ့သည်။ EU မဟုတ်သောနိုင်ငံများသို့ လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးသည် ကန်ဒေါ်လာ ၈၀၇ သန်းရှိခဲ့ပြီး EU သို့ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၉၁၇ သန်းအထိ ရှိခဲ့သည်။

ရုရှားသည် အီဂျစ်ကောက်ပဲသီးနှံများကို ထိပ်တန်းတင်သွင်းသူဖြစ်ပြီး ကန်ဒေါ်လာ ၄၁၈သန်း တန်ဖိုးရှိသော သီးနှံတန်ချိန် ၆၈၈,၀၀၀ခန့် တင်ပို့ခဲ့သဖြင့် ပို့ကုန်စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းခန့်ရှိကြောင်း ၆.၂.၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော english.ahram.org.eg website ၏ သတင်းဆောင်းပါးများအရ သိရှိရသည်။

ဟေမာန်အောင်မင်း

https://english.ahram.org.eg/NewsContent/50/1201/517315/AlAhram-Weekly/Egypt/ Agricultural-exports-hit-new-high.aspx