တိုးတက်ခေတ်မီ အသားတိုးဝက် မွေးမြူရေးဆီ

တိုးတက်ခေတ်မီ အသားတိုးဝက် မွေးမြူရေးဆီ

ဝက်မွေးမြူရေး

တိရစ္ဆာန်မွေးမြူရေးဟု ပြောကြပြီဆိုလျှင် မိသားစု စားဝတ်နေရေးအရ လုပ်ကိုင်နေသောလုပ်ငန်းမှာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အိမ်တိုင်းလိုလို၌ အနည်းဆုံး ဝက်ပေါက်လေးတစ်ကောင်တော့ မွေးမြူထားတတ်ကြပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း ကျေးရွာများတွင် အများစုမှာ လွှတ်ကျောင်းမွေးမြူကြပြီး အစာကျွေးချိန်ရောက်မှသာလျှင် ခေါ်ယူကျွေးမွေးလေ့ရှိသည်။ကျွေးမွေးသည့်အစာမှာလည်း ဆန်ကွဲ၊ ဆန်ကြမ်း၊ နှံစားပြောင်း စသည်များကို ဒယ်အိုးထဲထည့်ပြီး ထင်းမီးဖြင့် ကျိုချက်ကာ လယ်တောမှအပြန် ခူးလာသော အစိမ်းရောင်အရွက်မျိုးစုံ ရောပြွန်းထည့်၍ ကျွေးသည့်အတွက် အစာဖိုး ကုန်ကျစရိတ်မှာ များစွာသက်သာလှပေသည်။

သို့ပါ၍ တစ်နှစ်(သို့) နှစ်နှစ်ထိ မွေးကြပါမှသာဝက်အရှင်အလေး ချိန် ပိဿာ  ၇၀ မှ ၈၀ ခန့် လောက်သာ ရရှိနိုင်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် လူအပါအဝင် မွေး မြူရေးတိရစ္ဆာန်များ၏ နေထိုင်မွေး မြူ စားသုံးသည့်ပုံစံများမှာ ကျေးရွာများတွင် မွေးမြူရေးလုပ်ငန်းမှ အ မြတ်အစွန်းရရန် မတွက်ချက်ကြဘဲ အာဟာရရရှိမှုဆိုင်ရာ အကြောင်း အရာများ (Nutritional factors)ကို  မသိခဲ့ကြသောကြောင့် ဖြစ်သည်။ မွေးမြူသူများသည် ၎င်းတို့မွေးထားသော ဝက်ကလေး အစာများများ စားနေလျှင် ကျေနပ်နေဟန်တူပါသည်။

မျက်မှောက်ကာလတွင်မူ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများသည် တစ်ဖက်ရပ် ဝါး (သို့) သစ်သား အကာအရံများ အသုံးပြု၍ တစ်ကောင်မှ ငါးကောင်ထိ ထည့်သွင်းမွေးမြူလာကြသည်။ ဖွဲကြမ်း၊ ဆန် ကွဲ(သို့) ဆန်ကြမ်း ကျိုချက်ကျွေးခြင်းမှသည် ပြောင်းမှုန့်၊ ဖွဲနု၊ အသီးအရွက်များ အာဟာရ စုံလင်အောင် ကျွေးမွေးပြီးအချိန်တိုအတွင်း ရောင်း ချနိုင်အောင် ကြိုးစားလာကြပါသည်။ မည်မျှရင်းလျှင် မည်မျှမြတ်မည်၊ ဘယ်နှစ်လမွေးလျှင် အလေးချိန်ဘယ်လောက် ရနိုင်သည်ဆိုသည့် အချက်များကိုပါ တွက်ချက် စဉ်းစားတတ်လာကြပါသည်။ ဆုံးရှုံးနစ်နာမှုများ လျော့နည်းစေရန် မည်သည့်ရာသီ အချိန်၊ မည်သည့်ရောဂါတွေ ဖြစ်တတ်သည်၊ မည်သည့်ရောဂါတွေ မည်သို့ ကြိုတင်ကာကွယ်နိုင်သည်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ကာ မေးမြန်း ဆောင်ရွက်နိုင်ကြောင်းလည်း နားလည် သဘောပေါက်လာကြပြီဖြစ်ပါသည်။

လက်ရှိမွေးမြူသူများကြားတွင် ရေပန်းစားသော Duroc (ဂျူး)၊ Landrace (စီပီဝက်ဖြူ) မျိုး များကို နှုတ်ဖျားမှာ အလွတ်သိနေပြီး ၎င်းမျိုးများမဟုတ်လျှင် မမွေးချင်ကြတော့ပေ။ အဘယ် ကြောင့်ဆိုလျှင် မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးက စိုက်ပျိုးမွေးမြူရေး အလေ့ အကျင့် ကောင်းများကို အင်တာနက်ဖြင့်လေ့လာတတ်နေကြပြီးဖြစ်ပါ သည်။ ဝက်မွေးမြူသူများကလည်း အသားတိုးဝက် ဈေးနှုန်း၊ ဝက်ပေါက်ဈေးနှုန်း၊ မျိုးဝက်မဈေးနှုန်းများကို အချိန်နှင့်တပြေးညီ လေ့ထာထားကြပါသည်။ 

ယခင်က ဝက်ကလေးတစ်ကောင် ကြိုးချည်မွေးကြသော မိသားစုများမှာ ယခုဆိုလျှင် ကွန်ကရစ်ခင်း၊ သောက်စရာ ရေပိုက်လိုင်းများနှင့် သန့်ရှင်းသပ်ရပ်သော အစာခွက်များသုံးစွဲကာ ကုမ္ပဏီမျိုးစုံမှ ထုတ်လုပ်သည့် အစာခြောက်များကျွေးမွေးသည့် မွေးမြူရေးစနစ်ကောင်းများဖြင့် ကူးစက်ရောဂါ လွယ်ကူစွာ မကျရောက်ဘဲ အချိန်တိုအတွင်း အကျိုးအမြတ်များစွာ ရရှိစေရန် မွေးမြူနိုင်လျက်ရှိပါသည်။

မွေးမြူရေးကဏ္ဍတွင် အရေးပါလှသည့် အချင်းအရာမှာ များများမွေး များများထုတ်လုပ်နိုင်ရန်ဖြစ်သည်။ မြန်မာနိူင်ငံရှိ လူဦးရေ၏ ၈၉% သည်ပင်ဝက်သားစားသုံးကြသည့် အတွက် တိုးတက်လာသော ဝက် သားစားသုံးမှုကို ဖြည့်တင်းနိုင်စေရေး တိုးတက်ထုတ်လုပ်ရန်လည်း လိုအပ်လာပြန်ပါ သည်။ ထို့ကြောင့်ပင်ဝက်သားပေါက်မွေးမြူခြင်းနည်းတူ အသားတိုးဝက်မွေးမြူရေးသည်လည်းဈေးကွက်လိုအပ်ချက်နှင့်အညီ တရှိန်ထိုး တိုးတက်ဖော်ဆောင်လာခဲ့ပြီဖြစ်ပါသည်။

လူသားတို့တွင် “မိဘမျိုးရိုးကောင်းမှ သားသမီးကောင်းမယ်” ဆိုသည့်စကားအတိုင်းပင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွင်လည်း အရေးကြီးသည့်အရာသည် မျိုးရိုးဗီဇ(Gene)ကောင်းသည့် မျိုး(Breeds) ရွေးချယ်မှု မှန်ကန်ရပေမည်။ ဝက်သားပေါက်မွေးမြူရေးတွင် မျိုးဝက်မတွင်ရှိရမည့် လက္ခဏာများ၊ မျိုးဝက်သိုးတွင် ရှိရမည့်လက္ခဏာများ အစရှိသဖြင့်သေချာရွေးချယ်သင့်ပေသည်။ “အစကောင်းမှ အနှောင်းသေချာမည်”ဆိုသကဲ့သို့ပင် စတင်မွေးမြူသည့်အချိန်ကတည်းက ဆောက်လုပ်သည့်ခြံစနစ်၊ မွေးမြူသည့်မျိုး၊ ကျွေးမွေးသည့်အစာများ စနစ်ကျသေချာမှသာ အောင်မြင်မည်ဖြစ်ပါသည်။

“ခြံအတွင်း မည်သူမှမလာရ” ဆိုင်းဘုတ်ချိတ်ဆွဲထားရုံမျှနှင့် မျက်စိဖြင့်မမြင်ရသောရောဂါ ပိုးမွှားများ မလာတော့မှာ မဟုတ်ပေ။ ခြံသန့်ရှင်းရေး ပုံမှန်ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါနှင့် သက်ဆိုင်သည့် ဗဟုသုတများကိုမွေးမြူသူများ ကိုယ်တိုင်သိရှိနားလည်ဆောင်ရွက်လာခြင်းနှင့် လိုအပ်သော ဓာတ်ခွဲစစ်ဆေးခြင်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လာခြင်းတို့ဖြင့်  ကောင်းမွန်တိုးတက်လာစေသော မွေးမြူရေးစနစ်သို့ ပြောင်းလဲလာစေနိုင်ပါသည်။

မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ မြို့ပြကျေးလက်များတွင် တိရစ္ဆာန် မွေးမြူရေးကို ယခင်က မိရိုးဖလာ မွေးမြူရေးထက် စနစ်တကျ မွေးမြူဆောင်ရွက်လုပ်ကိုင်လာသည်ကို တွေ့မြင်လာရပါ သည်။ မီးဖိုချောင်စွန့်ပစ်ပစ္စည်း ထမင်းကျန်ဟင်းကျန်၊ ကျွေးမွေးသည့်အဆင့်မှ အာဟာရပြည့်ဝသည့် ပဲ၊ ပြောင်း၊ နှမ်းဖတ်၊ ဖွဲ၊ ဆန်ကွဲစသည့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းထွက်ကုန်များနှင့် ရောစပ် ကျွေးမွေး၍ မွေးမြူလာကြပါသည်။ ၅ ကောင် မွေးမြူသည့်ခြံမှ အကောင် ၅၀၊ အကောင် ၅၀ မွေးကြသူတွေမှ အကောင် ၅၀၀ မွေးမြူထုတ်လုပ်သည့်အဆင့်အထိ တိုးတက်မွေးမြူလာကြပါသည်။

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်နိုင်ငံတော်အစိုးရကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတစ်ရပ် ထူထောင်၍ သက်သာသောအတိုးနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အသားတိုးဝက်အကောင် ၁၀၀ လျှင် တစ်ယူနစ် သတ်မှတ်ပြီး တိရစ္ဆာန်အစာဆိုင်များနှင့် ချိတ်ဆက်ဆောင် ရွက်ပြီး သွင်းအားစုများအတွက် တစ်ယူနစ်လျှင် ကျပ်သန်း ၃၅ ချေး ငွေထောက်ပံ့ထားသည့်အတွက် မွေးမြူရေးကဏ္ဍအတွက်အထောက် အကူ ဖြစ်စေပါသည်။ ၎င်းအပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မွေး မြူရေးကဏ္ဍအတွက် အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့နေကြသည့်အတွက် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရန် အခြေအ နေကောင်း အခွင့်အလမ်းကောင်းများ ရရှိနေကြပြီး ဖြစ်ပေသည်။

မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုး တက်လာစေရန် ဈေးကွက်၊ ကူး စက်ရောဂါကာကွယ်နိုင်မှု၊ မွေးမြူသူတစ်ဦးချင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတို့သည် အရေးကြီးလှပေသည်။ မွေးမြူသူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ၊စနစ်ကျသော ခြံတည်ဆောက်မှုများ၊ အစာ ကျွေးနည်းစနစ်များ သိရှိနားလည်ပြီး ခိုင်မာသောဈေးကွက်နှင့် ကူး စက်ရောဂါကာကွယ်မှုများကို အခြေ ခံကအစသိရှိနားလည်လိုက်နာဆောင်ရွက်မည်ဆိုပါက ကောင်းမွန် ထိရောက်အောင်မြင်သော အသား တိုးဝက်မွေးမြူရေးသည် ခေတ်နှင့်အညီ တိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပေတော့သည်။

ဒေါက်တာစိုးမိုးဝင်း (တောင်တွင်းကြီး)