ဘောစကိုင်း

ဘောစကိုင်းပင်ကို အဝေရာပင် ဟုလည်း လူသိများကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ white lead tree ဟု လူသိများပြီး river tamarind, Jumbay, mimosoid tree, pearl wattle, ipil-ipil ဟုလည်း ခေါ်ဆိုကြ၏။ သိပ္ပံအမည်မှာ Leucaena leucocephala ဖြစ်ကာ မျိုးရင်း abaeceae တွင် ပါဝင်၏။ ဘောစကိုင်းပင်၏ မျိုးစိတ်ပေါင်း (၂၄) မျိုးရှိပြီး ယင်းသည် အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုတောင်ပိုင်းဒေသနှင့် မြောက်အမေရိကအလယ်ပိုင်းဒေသနိုင်ငံများမှ သဘာဝအလျောက် စတင်ဖြစ်ထွန်းပေါက်ရောက်ပြီး ယခုနောက်ပိုင်းတွင် အာရှနိုင်ငံအပါအဝင် အပူပိုင်းဒေသနိုင်ငံများ တို့တွင် ကျယ်ပြန့်စွာ ပေါက်ရောက်လာကြ၏။ မြန်မာနိုင်ငံအနှံ့တွင်လည်း ဘောစကိုင်းပင်သည် သဘာဝအလျောက် ပေါက်ရောက်ကြ၏။
ဘောစကိုင်းပင်သည် အပင်လတ်မျိုးဖြစ်ပြီး အမြင့်ပေ (၂၅) ပေအထိ ရှင်သန်လွယ် ကြီးထွားလွယ်သည့် အပင်မျိုးဖြစ်၏၊ အပင်ကိုင်းဖြာပြီး အခေါက်များမှာ မီးခိုးရောင်ပေါ်တွင် အစိမ်းရောင်အကွက်လေးများရှိ၏။ အရွက်များမှာ ဆူးပုပ်ရွက်၊ ကင်ပွန်းချဉ်ရွက်တို့သို့ပင် ငှက်မွှေးရွက်ပေါင်းဖြစ်ကာ ရွက်ထိပ်ချွန်ပြီး မျက်နှာချင်းဆိုင်ထွက်၏။ အနံ့မှာ ဆူးပုပ်ရွက်၊ တညင်းသီး၊ မျောက်ငိုသီးတို့ ကဲ့သို့ပင် ဆင်တူ၏။ တစ်နှစ်ပတ်လုံး အပွင့်ပွင့်ပြီး ပန်းခိုင်ထိပ်တွင် အဖြူရောင်ပန်းပွင့်လေးများ ဘောလုံးကဲ့သို့ စုပြုံပြီး ပွင့်တတ်၏။ အသီးမှာ အတောင့်ရှည် ခပ်ပြားပြားခပ်ပါးပါးဖြစ်ပြီး အသီးအတွင်းတွင် အစေ့(၁၅) စေ့ခန့်ရှိ၏။ အသီးရင့်မှည့်ရန်အတွက်မူ (၁၀) မှ (၁၅) ပတ်ခန့်အထိ ကြာမြင့်နိုင်၏။
ဘောစကိုင်းပင်၏ အခေါက်၊ အစေ့၊ အရွက်၊ အမြစ်၊ အသီး၊ အစရှိသည်တို့ကို ဆေးဖက်ဝင် အဖြစ် အသုံးပြုကြကုန်၏။
(၁၉၇၀) ပြည့်နှစ်လွန်ကာလများတွင် ဘောစကိုင်းပင်ကို ဘက်စုံအသုံးဝင်သည့် အံ့ဖွယ်အပင် အဖြစ် သတ်မှတ် စိုက်ပျိုးလာခဲ့ကြ၏။ ရှေးနှစ်ပေါင်းများစွာကတည်းက မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းဒေသများတွင် ဘောစကိုင်းသီးတောင့်နုနှင့် အစေ့နုလေးများ ကို ဟင်းသီးဟင်းရွက်အဖြစ်နှင့် ဆေးဖက်ဝင်အဖြစ် အသုံးပြုခဲ့ကြ၏။ ထိုင်း၊ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား အစရှိသည့် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း အရွက်နုလေးများကို ဟင်းသီးဟင်းရွက် အဖြစ် စားသုံးကြ၏။ လူသားတို့အတွက် စားနပ်ရိက္ခာဖူလုံရုံမျှမက အသီးတောင့် တွင် ပရိုတင်းပါဝင်မှုမြင့်မားခြင်းကြောင့် ကျွဲ၊ နွား၊ ဆိတ်များအတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြု လာခဲ့ကြ၏။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများ၊ အလယ်ပိုင်းအာရှနိုင်ငံအချို့နှင့် အာဖရိကနိုင်ငံ များတွင် ဘောစကိုင်းပင်ကို လောင်စာပင်အဖြစ် အသုံးပြုလာခဲ့ကြ၏။
ဘောစကိုင်းပင်ရွက်နုနှင့် သီးနု(၁၀၀) ဂရမ်တွင် အစာစွမ်းအင် (၅၉) ကယ်လိုရီ ပါဝင်ပြီး အစိုဓာတ် ကြွယ်ဝစွာ ပါဝင်၏။ ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ကော့ပါး၊ ဇင့်၊ ပိုတက်စီယမ် အိုင်းယွန်း၊ ဗီတာမင် ဘီ၊ ဘီဝမ်း၊ ဘီတူးနှင့် ဗီတာမင်စီတို့လည်း ကြွယ်ဝစွာ ပါဝင်၏။
အာဟာရဓာတ်ကြွယ်ဝစွာပါဝင်သည့် ဘောစကိုင်းရွက်နုနှင့် အသီးနုတို့ကို ပမာဏတစ်ရပ် သတ်မှတ်ပြီး နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးအတွင်းရှိ အက်စစ်ပါဝင်မှုပမာဏကို မျှခြေဖြစ်စေခြင်း၊ သွေးအတွင်းသကြားဓာတ်ပမာဏကို ထိန်းပေးနိုင်ခြင်းကြောင့် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်ခြင်း၊ သွေးကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ သွေးလည်ပတ်မှု ကောင်းစေသည့်အတွက် သွေးတိုးရောဂါဖြစ်ပွားခြင်းကို လျော့ကျစေခြင်း၊ နှလုံးသွေးကြောအတွင်း သွေးခဲမှုကို ကာကွယ်နိုင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်ခြင်း စသည့် အကျိုးကျေးဇူးကောင်းများ ရရှိစေနိုင်၏။
ဘောစကိုင်းရွက်နုနှင့် အသီးနုတို့တွင် ပါဝင်သည့် အာဟာရဓာတ်များကြောင့် ဝက်ခြံနှင့် အရေပြားပေါ်တွင် ဖြစ်ပွားတတ်သည့် ထိခိုက်ရှနာများ၊ ပြည်တည်နာများကို အကျက်မြန်စေခြင်း၊ အသားအရေဝင်းလက်စေခြင်း၊ အဆုတ်၊ သည်းခြေအိတ်၊ သွေးကြောကြီးများကို ကျန်းမာကြံ့ခိုင် စေခြင်း၊ ကိုလာဂျင်ဓာတ်ကို ရရှိခြင်းကြောင့် အရွယ်တင်နုပျိုစေခြင်း၊ ဆံကေသာနှင့် လက်သည်း၊ ခြေသည်းများကို ကျန်းမာစေခြင်း အစရှိသည့် အကျိုးကျေးဇူးကောင်းများကို ရရှိစေနိုင်၏။
ဘောစကိုင်းတွင်ပါဝင်သည့် အာဟာရဓာတ်များကြောင့် အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းနှင့် သွေးဆုံးချိန်ခါ ကျန်းမာစေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး၊ ကိုယ်ဝန် ဆောင်စဉ် ချိန်ခါနှင့် နို့ချိုတိုက်ကျွေးစဉ် ချိန်ခါများတွင် အရိုးများကြံ့ခိုင် ကျန်းမာစေခြင်းတို့ကို ရရှိစေနိုင်၏။
အရိုးများကြံ့ခိုင် ကျန်းမာစေခြင်းရေးနှင့် ပတ်သက်သည့် အရိုးနှင့် အရွတ်များ ရောင်ရမ်း နာကျင်ခြင်းမှ သက်သာစေခြင်း၊ အရိုးများကို ကျန်းမာစေခြင်း၊ အရိုးများကြီးထွားခြင်းကို အထောက်အကူပြုစေခြင်း၊ ခါးနာခြင်း၊ ကြွက်တက်ခြင်း၊ ညောင်းညာကိုက်ခဲခြင်းတို့မှ သက်သာ စေခြင်း၊ အရိုးပါးခြင်းတို့မှ ကာကွယ်ပေးစေခြင်း အကျိုးကျေးဇူးကောင်းများကို ဘောစကိုင်းမှ ရရှိစေနိုင်၏။
အာဟာရဓာတ်ကြွယ်ဝစွာပါဝင်သည့် ဘောစကိုင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ ခန္ဒာကိုယ်အတွင်း ချဉ်ငံဓာတ်ပမာဏ မျှခြေရှိစေရန် ထိန်းညှိပေးနိုင်စွမ်းတို့ ရရှိစေ၏။
ဘောစကိုင်းရွက်နှင့် အသီးတို့တွင် ကြွယ်ဝပါဝင်သည့် အာဟာရဓာတ်များသည် ခန္ဒာကိုယ် အတွင်း ဟိုမုန်းများထုတ်လုပ်ခြင်း၊ အင်ဇိုင်းမျိုးစုံထုတ်လုပ်ခြင်းတို့အတွက် အထောက်အကူပြု၏။
အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်သည့် ဘောစကိုင်းသည် ခံတွင်းကျန်းမာရေးကို ကောင်းမွန် စေခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားအခြေတွင် သွေးယိုခြင်းတို့မှ ကာကွယ်ပေးခြင်း၊ ခံတွင်းအတွင်း ရှိသင့်သည့် သွားရည်ပမာဏရှိစေရန် အထောက်အကူပြုစေ၏။
အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်သည့် ဘောစကိုင်းသည် ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း၊ အာရုံကြောစနစ်ကို ငြိမ်းအေးစေခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်အားကို အားကောင်းစေခြင်း၊ စိတ်ခံစားမှုကို ကောင်းစေခြင်း အကျိုး ကျေးဇူးကောင်းများကို ရရှိစေနိုင်၏။
ဘောစကိုင်းတွင် ပါဝင်သည့် အာဟာရဓာတ်များသည် မျက်လုံးနှင့် အမြင်အာရုံကျန်းမာရေး ကို ကောင်းမွန်စေရန် အထောက်အကူပြု၏။
အာဟာရဓာတ် ပါဝင်မှု မြင့်မားသည့် ဘောစကိုင်းသည် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို အားပေးသည့် Free radical များ ထုတ်လွှတ်မှုကို ဟန့်တားပေးနိုင်စွမ်းရှိ၏။
ပြည်တည်နာများအတွက် ဘောစကိုင်းရွက်ကို သန့်စင်အောင်ရေဆေးကြိတ်ပြီး ရရှိလာသည့် သတ္ထုရည်ကို အနာဝ နေရာလှပ်ထားသော ဘေးပတ်လည်တွင် လိမ်းပေးခြင်းဖြင့် အနာကို အမြန်ဆုံး သက်သာစေ၏။
ဘောစကိုင်းရွက်နုလေးများနှင့် သီးတောင့်နုလေးများကို အလွယ်တကူဈေးထဲတွင် ရောင်းချ လေ့မရှိပေ။ တစ်ခါတရံ တောသည်လေးများ လာရောက်ရောင်းချသည့် အခါမျိုးမှသာ ရတတ်၏။ မိမိတို့ အိမ်ခြံဝန်းထဲတွင် စိုက်ပျိုးထားလျှင် အလွယ်တကူ ခူးဆွတ်ကာ ချက်ပြုတ်စားသုံးနိုင်၏။
ဘောစကိုင်းရွက်နုသည် ဆူးပုပ်၊ ဒညင်းသီး၊ မျောက်ငိုသီးကဲ့သို့ အနံ့ခပ်ဆင်ဆင်တူ၏။ များသောအားဖြင့် အညွန့်အရွက်နုလေးများကို ရိုးရိုးအတိုင်း ရေနွေးဖျောပြီးဖြစ်စေ၊ မန်ကျည်းမှည့်ထည့်ပြီး ပြုတ်ပြီးဖြစ်စေ ငပိရည်ကျို၊ ငပိထောင်းခပ်စပ်စပ်လေးထောင်းပြီး သံပရာရည်/ ရှောက်ရည်ညှစ်ပြီးဖျော်၊ ငရုတ်သီးစိမ်းငပိချက်၊ ခရမ်းချဉ်သီးထောင်းတို့နှင့် တွဲဖက်ပြီး တို့စရာအဖြစ် စားသုံးနိုင်၏။
ဘောစကိုင်းအသီးနုလေးများကိုလည်း ပြုတ်ပြီး တို့စရာအဖြစ်လည်းကောင်း၊ ချဉ်ငံစပ် အရသာပြင်းသည့် သင်္ဘောသီးထောင်း၊ ရှောက်သီးသုပ်၊ သရက်သီးသုပ်၊ မုန့်ဖတ်ထောင်းတို့နှင့် ဖြစ်စေ၊ အသားကင်၊ ငါးကင်တို့ ပြင်ဆင်ပြီးနောက် ချဉ်ငံစပ်အရသာ အချဉ်ဖျော်ကာ ဂေါ်ဖီ၊ ဆလတ်ရွက် တို့အပါအဝင် ဘောစကိုင်းသီးနုပြုတ်လေးတွေကိုပါ တွဲဖက်ပြီး သုံးဆောင်လေ့ ရှိကြ၏။
ဘောစကိုင်းရွက်နုနှင့် အသီးနုလေးများကို ပြုတ်ပြီးလျှင် ခပ်ပါးပါးလှီးပြီး ကြက်သွန်နီပါးပါးလှီး၊ ဆီချက်ကြော်၊ မြေပဲဆံလှော်နှင့် နှမ်းလှော်ထောင်း၊ ပဲမှုန့်၊ ပုစွန်ခြောက် မှုန့်တို့ထည့်ပြီး သမအောင်ရောနယ်၊ အနံ့လေးမွှေးအောင် သံပရာသီးစိတ်လေးညှစ်ပြီး သုပ်စားသည့်အခါ အလွန်ပင် နှုတ်မြိန်စေသည့် အစာတစ်မျိုးဖြစ်၏။ အနံ့မွှေးမွှေးလေးနှင့် စားချင်စရာ အသုပ်လေးကို ထမင်းဖြူနှင့် တွဲဖက်ပြီးဖြစ်စေ၊ ရေနွေးကြမ်းပူပူနှင့်ဖြစ်စေ၊ တွဲဖက် စားသုံးနိုင်သလို ထမင်းဝိုင်းတွင်လည်း ဟင်းပွဲတစ်မယ် တိုးစေ၏။
ဘောစကိုင်းညွန့်နုလေးများကို ကန်စွန်းရွက်ကဲ့သို့ ချဉ်ရည်ဟင်းလည်း ချက်စားနိုင်၏။ ဘောစကိုင်းအစေ့နုလေးများကို နှစ်သက်ရာ အသား၊ ငါး၊ ပုစွန်တို့နှင့်လည်း တွဲဖက်ကာ ချက်စား နိုင်၏။
ဘောစကိုင်းပင်ကို မြေဆီဩဇာ တိုးပွားစေရန်အတွက်လည်းကောင်း၊ လေကာပင်အဖြစ် လည်းကောင်း၊ လောင်စာထင်းအဖြစ်သုံးစွဲရန်အတွက်လည်းကောင်း၊ တိရစ္ဆာန်အစာအတွက် လည်းကောင်း အသုံးပြုရန် ရည်ရွယ်စိုက်ပျိုးလာကြ၏။
သဘာဝတရား၏ လက်ဆောင်မွန် ဘောစကိုင်းပင်မှရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင် စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာရေး အကျိုးကျေးဇူးကောင်းများကို ရရှိနိုင် မည်ဖြစ်၏။
ကြေးမုံငယ်