သဘာဝကပေးအစာနှင့်ဆေး ၊ ဆေးဘက်ဝင် တမာ

သဘာဝကပေးအစာနှင့်ဆေး ၊ ဆေးဘက်ဝင် တမာ

တမာ

“အမှတ်တရရင်ထဲရှိတယ် သူနဲ့ဆုံတွေ့ခဲ့ရာ တမာရနံလေး သင်းသင်းမွှေးတဲ့ အညာမြေကို ပြန်သတိရနေသည်” “တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ၊ အညာမြေကို မေ့လို့လား ..အညာသူလေးကို မေ့လိုလား” အစချီတဲ့ တေးသွားလေးအတိုင်း အညာမြေနှင့်တမာပင်သည် ခွဲခြားမရသကဲ့သို့ တမာနှင့်ပတ်သက်လျှင် အနုပညာရှင်ကြီးများက တေးသီချင်းမျိုးစုံ ရေးစပ်ဖွဲ့ကုံးကာ တေးသံရှင်များစွာကလည်း သီဆိုခဲ့ကြ၏။

အိမ်ရှေ့တမာ၊ နောက်ဖေးဘက် စီးပွားတက်” ဟုဆိုသည့် ဆိုရိုးစကား အရ မြန်မာ့လူနေမှု အသိုင်းအဝိုင်းအတွင်း နေအိမ်အတော်များများတွင် တမာပင်ကိုစိုက်ပျိုးထားကြ၏။ 

တမာတွင် ရေတမာ၊ ကုလားတမာ၊ တောင်တမာ၊ တောတမာ၊ သင်္ဘောတမာ၊ မြန်မာတမာဟူပြီး တမာအမျိုးမျိုးရှိကြ၏။ လူသိများပြီး စားသုံးကြသည့်တမာ အမျိုးအစားကို အညာတမာ၊ စားတမာ ဟု ခေါ်ဆိုကြပြီး ယင်း၏ အင်္ဂလိပ် အမည်မှာ Neem Tree ဖြစ်ကာ argo-sa, nimtree to Indian lilac ဟုလည်းခေါ်ဆိုကြ၏။ သိပ္ပံအမည်မှာ Azadirachta indica ဖြစ်ကာ မဟော်ဂနီနှင့် မျိုးရင်းတူသည့် Meliaceae တွင် ပါဝင်၏။ 

တမာပင်သည် အိန္ဒိယနိုင်ငံနှင့်အရှေ့တောင်အာရှ၏ အချို့သောနိုင်ငံများမှ စတင်ဖြစ်ထွန်းပေါက်ရောက်ပြီး နောက်ပိုင်းတွင် ကမ္ဘာပေါ်ရှိ အပူပိုင်းနှင့် သမနွေးပိုင်းဒေသများတွင် တမာပင်ကို သွင်းယူစိုက်ပျိုးလာခဲ့ကြ၏။ မြန်မာနိုင်ငံ၏ အညာဒေသတွင် တမာပင်သည် အလေ့ကျပေါက်လေ့ ရှိသော်လည်း ယခုနောက်ပိုင်းတွင် လမ်းဘေးဝဲယာတစ်လျှောက်တွင် လည်းကောင်း၊ အိမ်ခြံဝင်းများတွင်လည်း ကောင်း တကူးတက စိုက်ပျိုးလာကြ၏။ ရံဖန်ရံခါ ငှက်ကလေးများကြောင့် တမာစေ့လေးများကျကာ အပင်ပေါက်လေးများပေါက်လာတတ်၏။

တမာပင်သည် အမြဲစိမ်းအပင်ကြီးမျိုးဖြစ်ပြီး ပင်စည်ဖြောင့်သော အမြင့်ပေ ၅၀ ခန့်မှသည် ပေ ၅၀၀ ခန့်အထိ ကြီးထွားရှင်သန်လွယ်၏။ အရွက်ရိုးတံတစ်ခုတွင် အစိမ်းရင့်ရောင် ငှက်မွှေးပုံသဏ္ဍန် ခွေးသွားစိတ်ကဲ့သို့ အနားများရှိသော၊ ရွက်လိပ်ဖျားချွန်သော အရွက်လေးများ ၁၀ စုံခန့်ပါဝင်ပြီး ရွှက်လွှဲထွက်ကြ၏။ ဖြူဝါဝါ အရောင်ရှိပြီး သေးငယ်သော၊ ချိုမွှေးခါးသက်သောရန်ရှိသည့် တမာပွင့်လေးများ လှိုင်လှိုင်ပွင့်တတ်သည့် တပေါင်းလမှ ကဆုန်လအတွင်းအချိန်တွင် မွှေးရနံ့သင်းပျံ့လှိုင်သည့် တမာပန်းလေးများကြောင့် စိတ်အမောပြေကြ၏။ ကဆုန်၊ နယုန်တွင် သီးတတ်သည် တမာသီးလေးများမှာ အနည်းငယ်ရှည်မျောမျော ပုံသဏ္ဍာန်ရှိပြီး အတွင်းတွင် အနီရောင်အစေ့ တစ်စေ့ပါဝင်၏။ အသီးအရောင်မှာ ငယ်နုစဉ်တွင် အစိမ်းရောင်ရှိပြီး မှည့်လျှင် အဝါနုရောင်ဖြစ်၏။
တမာပင်၏ အပွင့်၊ အစေး၊ အဆီ၊ အခေါက်၊ အရွက်၊ အသီး၊အခက်အရိုး တို့ကို ဆေးဖက်ဝင်အဖြစ်အသုံးပြုကြ၏။ တမာရွတ်တွင် ပရိုတင်း၊ ကယ်လ်စီ ယမ်၊ ဗီတာမင်စီ၊ ကာဘိုဟိုက်ဂရိက်၊ ဖက်တီးအက်စစ်၊ အမိုင်နိုအက်စစ်နှင့် ဖော့စ်ဖရပ်ကို ကြွယ်ဝစွာပါဝင်၏။ တမာ အပွင့်လေးများတွင် ဗီတာမင်များနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အပြင် ဓာတ်တိုးဆန့်ကျပစ္စည်းများစွာပါဝင်သည့် အာဟာရ အရင်းအမြစ်ကောင်းတစ်ခုဖြစ်၏။

တမာရွက်နုလေးများ၊ တမာဖူးနှင့် အပွင့်လေးကို နေစဉ်စားသုံးသည့် အစားအစာထဲတွင် ထည့်သွင်း စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး ကောင်းများကိုရရှိစေနိုင်မည်ဖြစ်၏။ တမာချင်းလက်ဖက်ရည် ရေတစ်ဖန်ခွက်စာ ပမာဏထဲသို့ တမာရွတ် ၄ရွက်နှင့် ချင်းနုတ်နုတ်စင်းတို့နှင့်အတူ ရောထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ ပြီးလျှင် အရည်စစ်ယူပြီးလျှင် အခါးအရသာ လျော့နည်းသွားအောင် ပျားရည်လက်ဖက်စားဇွန်း၁ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဝက်ထည့်ပြီး သောက်သုံးပေးနိုင်၏။

တမာရွက်မှုန့်ကို အသုံးပြုခြင်း

တမာရွက်တစ်ဇလုံကို ခူးဆွတ်ပြီးနောက် သန်စင်အောင် ရေဆေးပြီး အရိပ်အောက်တွင် ခြောက်အောင်လှန်းပေးပါ။ ပြီးလျှင် အမှုန့်ဖြစ်အောင်ပြုလုပ်ပေးပါ။ ယင်းအမှုန့်ကို ဟင်းလျာများ၊ ဟင်းအနှစ်များ၊ သနပ်များ၊ တိုရှည်၊ ပူရီ အစရှိသည်တို့ပြုလုပ်ရာတွင် ထည့်သွင်းပြီး စားသုံးကြ၏။ ရေနွေးပွက်ပွက်ဆူထဲ တမာရွက်နှင့် တမာပွင့်ခြောက်တို့ကိုလက်ဖက်ခြောက်ခပ်သကဲ့သို့ရေနွေးကြမ်းအဖြစ် သောက်သုံးနိုင်၏။

တမာရွက်ကြိတ်ရည်သောက်သုံးခြင်း

သန်ရှင်းလတ်ဆတ်သော တမာရွက်နု လက်တစ်ဆုပ်စာကို ကြိတ်ပြီး အရည်ကို စစ်ယူပါ။ ပြီးလျှင် ဆား အနည်းငယ်၊ နုတ်နုတ်စင်းထားသော ချင်း၊ ငရုတ်ကောင်းနက်မှုန့်အနည်းငယ်၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်းတို့ထည့်သွင်းသောက်သုံးနိုင်၏။ တမာဖူး၊ တမာပွင့်လေးများသည် သည်းခြေရည်ထုတ်လွှတ်မှုကို လျော့နည်းစေရန် အထောက်အကူပြုပေးခြင်း၊ အူအတွင်းရှိ သန်ကောင်၊ တုပ်ကောင် များကို နှိမ်နင်းပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုများခြင်းမှ ကင်းဝေးစေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အသည်းကျန်းမာရေး ကောင်းမွန်စေခြင်း၊ သွေးသန့်စင်စေခြင်း၊ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေခြင်း၊ သွေးအတွင်းရှိ သကြားပမာဏ ကို မျှခြေဖြစ်စေခြင်း၊ ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ ယားနာရောဂါများဖြစ်ခြင်းတို့မှ သက်သာစေခြင်းနှင့် အသားအရေကို လှပစေခြင်း အစရှိသည့် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်၏။

အိန္ဒိယလူမျိုးများက လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက တမာရွက်၏ ကျန်းမာရေးအကျိုးကျေးဇူး ကောင်းများကို သတိပြုမိခဲ့ကြ၏။ တမာရွက်သည် အရေပြားပေါ်တွင် ဖြစ်ပွားတတ်သည့် ယားနာရောဂါများကို သက်သာပျောက်ကင်းစေသည့် အိမ်သုံး ဆေးတစ်လက်အဖြစ် လွန်ခဲ့သည့် နှစ် ထောင်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြ၏။ လိုအပ်သည့်အချိန်တွင် အလွယ်တကူ ခူးဆွတ်အသုံးပြုနိုင်ရန်အတွက် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တမာပင်ကို အိမ်ခြံဝင်းအတွင်း၊ ပန်းခြံများအတွင်းတွင် တကူးတက စိုက်ပျိုးခဲ့ကြ၏။

ရာသီအကူးအပြောင်းကာလများတွင်ဖြစ်ပွားတတ်သည့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါများ ခံစားရတတ်သည့် အတွက် ကိုယ်ခံစွမ်းအားမြင့်မားအောင် တမာရွက်ပြုတ်ရည်ဖြင့် ရေစိမ်ချိုးခြင်းကို လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းက အာယုဗေဒ ဆေးပညာရပ် အရအသုံးပြုခဲ့ကြ၏။ ကိုဗစ် ၁၉ ကပ် ရောဂါခံစားရချိန်တွင် ကိုယ်ခံစွမ်းအားမြင့်မားအောင် ထိန်းထားနိုင်ရန်အတွက် တမာရွက်ပြုတ်ရည်စိမ်ချိုးခြင်းကို ပြုလုပ်ခဲ့ကြ၏။

ဖြူဝါရောင် သန်းပြီး သင်းရနံ့ပျံ့မွှေးသည့် တမာပွင့်လေးများ၏ ရနံလေးကို ရှူရှိုက်မိသည့်အခါ အမူးအမော်ပြေစေသကဲ့သို့ ဟင်းသီးဟင်းရွက် အဖြစ်ပြင်ဆင်ချက်ပြုတ်စားသုံးနိုင်၏။ တမာဖူးလေးများနှင့် အပွင့်လေးများကို အစိမ်း အတိုင်းလည်း စားသုံးနိုင်၏။
တစ်နှစ်လျှင်တစ်ကြိမ် တမာပင်မှရွက်ဟောင်းကြွေပြီး ရွက်နုဝေသည့် ယခုလို တပို့တွဲ၊ တပေါင်းလရိန်ခါမျိုးတွင် ရွက်နုလေးများ၏ ထိပ်ဖျားတွင် ဖြူဝါနု ရောင် တမာဖူးပွင့်လေးများဝေဆာသည့် အချိန်တွင် ရွက်နုများနှင့်အတူ တမာဖူးပွင့် လေးများကိုပါ ခူးပြီး တစ်နှစ်တာလုံး စားသုံးနိုင်အောင် နည်းမျိုးပုံဖြင့်ပြုပြင် စီမံပြီး ဈေးကွက်ထဲသို့ အရောက်ပို့ကြ၏။

တမာရွက်နု၊ တမာဖူးနုနုဥဥလေးများကို အပင်မှ ခူးဆွတ်ကာ မီးအုံးပြီး လျှင် ငပိရည်ကျို၊ ငပိချက်၊ ခရမ်းချဉ်သီး ချက်၊ ငပိထောင်း သံပုရာရည်ဖျော်၊ ခရမ်းချဉ်သီးထောင်း စသည်တို့နှင့်အတူ တွဲဖက်ပြီး တို့စရာအဖြစ် စားသုံးတတ်ကြ၏။ မွှေးမွှေးလေးနှင့် ထမင်းမြိန်စေ၏။ 

တမာချဉ်ပြုလုပ်လိုပါက ဦးစွာပထမ ဆန်ဆေးရေ ဒုတိယရေကိုတစ်ည သိပ်ကာအချဉ်ခံထားပါ။ တမာရွက်နု၊  တမာဖူးနုလေးများကို ခူးဆွတ်ပြီးလျှင် ညီညီစီပြီး နှီးကလေးဖြင့်စည်းနှောင်ပြီးလျှင် ရေနွေးကျိုက်ကျိုက်ဆူတွင် နွမ်းရုံနစ်ပြီး ဆယ်ယူအအေးခံပါ။ ဆီးသီး သို့မဟုတ် မန်ကျည်သီးကို ဆား၊ နနွင်းမှုန့်တို့နှင့် အတူ အရည်ကျိုပြီး ရေဆူလာသောအခါ တမာရွက်နုနှင့် အဖူးလေးများကို ထည့်ကာ ၂ မိနစ်ခန့်ကြာအောင် ပြုတ်ပေးပါ။ ပြီးလျှင် ရေစင်အောင် ဆေးပြီး ရေအေး ထဲတွင် စိမ်ပေးထားပါ။ ပြီးလျှင် အချဉ်ခံ ထားသည့် ဆန်ဆေးရည်ထဲတွင် ထား စပ်ပြီး မွှေထားပါ။ တမာရွက်အစည်းလေးများကို သန့်စင်သော ဖန်ပုလင်း/ စဉ့်အိုး /ပလတ်စတစ်ဗူးထဲတွင် စီစီ စီရီထည့်၊ အချဉ်ခံထားသော ဆန်ဆေးရည် မြုပ်သည်အထိလောင်းထည့်ပြီး အဖုံးလုံအောင် ပိတ်ထားပါ။ ၃ရက် ဝန်ကြာလျှင် မွှေးပျံ့ပြီး အခါး အရသာ ပေါ့ပေါ့လေးနှင့် မွှေးလှသည့် တမာချဉ်လေးရပါပြီ။

မြန်မာလူမျိုးအများစုက တမာဖူးချဉ်ကို ငပိရည်ကျို၊ ငပိချက်၊ ခရမ်းချဉ်သီးချက်၊ ငပိထောင်းသံပုရာရည်ဖျော်၊ ခရမ်းချဉ်သီးထောင်း စသည်တို့နှင့် အတူ တွဲဖက်ပြီး တို့စရာအဖြစ် စားသုံးတတ်ကြ၏။ အခုလို ကိုင်းခရမ်းချဉ်သီးတွေ လှိုင်လှိုင်ပေါ်ချိန် ငရုတ်သီးစိမ်း နိုင်းချင်း နှင့် ခရမ်းချဉ်သီးချက် စပ်စပ်လေးချက်ပြီး တမာဖူးချဉ်ကို တွဲဖက်စားရရင်ဖြင့် လိုက်ဖက်နေမှုကြီးတစ်ခုပင်။ တမာချဉ်၏ အရွက်နှင့် အဖူးအပွင့် လေးများကို လက်ကလေးနဲ့ဖဲ့ယူပြီးလျှင် ကြက်သွန်နီပါးပါးလှီး၊ ဆီချက်ကြော်၊ မြေပဲလှော်နှင့် နှမ်းလှော်ထောင်း၊ ပဲကျက်မှုန့်၊ ပုစွန်ခြောက်မှုန့်တို့ထည့်ပြီး သမအောင်ရောနယ်၊ အနံ့လေးမွှေး အောင် သံပရာသီးစိတ်လေးညှစ်ပြီး သုပ် စားသည့် တမာချဉ်သုပ်သည် အလွန်ပင် နှုတ်မြိန်စေသည့် အစာတစ်မျိုးဖြစ်၏။ ထမင်းဖြူနှင့်ဖြစ်စေ၊ ရေနွေးကြမ်းပူပူကို မှုတ်သောက်ပြီး ဖြစ်စေ တွဲဖက်စားသုံး နိုင်သလို ထမင်းဝိုင်းတွင်လည်း ဟင်းပွဲ တစ်မယ်တိုးစေ၏။

တမာပင်မှ ဖူးပွင့်သည့် အပွင့်၊ အပွင့်ဆိုသော်လည်း တမာရွက်ကဲ့သို့ ခါးသက်သည့် အရသာမျိုးမဟုတ်ဘဲ ဝါးသည်ဆိုရုံမျှသော အရသာမျိုးဖြစ်၏။ တမာအဖူးအပွင့်လေးများကို အပင်မှ ခူးဆွတ်ပြီး နောက် သန့်စင်အောင်ရေဆေးပြီးလင် အဖူးအပွင့်လေးများကို လက်ဖြင့် အသာအယာချွေပေးပါ။ အာလူး သုံးလုံးကိုပြုတ်၊ အခွံနွှာပြီး ညက်အောင်ချေပေးပါ။ ပြီးလျင် ကုလားပဲမှုန့်ထမင်းစားဇွန်း ၂ဇွန်း၊ ဆန်မှုန့် ထမင်းစားဇွန်း ၂ဇွန်း၊ နုတ်နုတ်စင်းထားသော ငရုတ်သီးစိမ်း ၂တောင့်၊ ပါးပါးလှီးထားသော တမာရွက်၅ ရွက်၊ နုတ်နုတ်စင်းထားသောကြက် သွန်ဖြူ ၃မွှာ၊ နုတ်နုတ်စင်းထားသောကြက်သွန်နီအရွယ်တော် ၂လုံး၊ ဆားအနည်းငယ်၊အရသာမှုန့်အနည်းငယ် ရောပြီး သမအောင် မွှေပေးပါ။ ပြီးလျှင် ရရှိလာသော အစာအရော အနှော လေးများကိုအဝိုင်းပုံစံလေးများဖြစ်အောင် ပြုလုပ်ပေးလိုက်ပါ။ ပြီးလျှင် တမာဖူးပွင့်လေးများကို အာလူးအပိုင်း မျက်နှာပြင် နှစ်ဖက်စလုံး၏အပေါ်ဘက်မှ အုပ်ပြီး လက်ကလေးဖြင့် အသာအယာ ဖိပေးလိုက်ပါ။ ဒယ်ပြားတစ်ချပ်ကို မီးဖိုပေါ်တင်ပြီး ထိုးပူလာသည့်အခါ ဆီအနည်းငယ်ထည့်ပါ။ ပြီးလျှင် မီးအပူရှိန် ကိုလျှောပြီး ရွှေညိုရောင်သန်းသည့် အထိ ကြော်ပေးပါ။ တစ်ဖက်ကျက်ပြီးမှ နောက်တစ်ဖက်ကို အသာအယာလှန်ပြီး ကြော်ပေးပါ။ တမာဖူး အာလူးကတ်တလိပ် ပူပူနွေးနွေးလေးကို ထမင်းဖြူလေးနှင့် ရေနွေးကြမ်းလေးနှင့်အတူ တွဲဖက်သုံးဆောင်နိုင်၏။
တမာပွင့်ကို အခြောက်လှန်းပြီး လက်ဖက်ခြောက်နှင့် ရောပြီး ရေနွေးစိမ် သောက်ခြင်းဖြင့် ဆီးချိုရောဂါသမားများအတွက် သင့်လျော်၏။

တမာရွက်ကို ကျန်းမားရေးအတွက် အကျိုးရှိစေခြင်း၊ အာဟာရအတွက် ချက်ပြုတ်စားသုံးခြင်းအပြင် အခြား သော အသုံးပြုမှုများစွာကိုလည်း မျှဝေလိုက်ရပါ၏။ ကိုယ်ခန္ဓာတွင် ယားယံခြင်းဝေဒနာ ခံစားရပါက တမာရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးအနေအထားတွင် စိပ်ပေးခြင်း၊ ရေမျိုးပေးခြင်းဖြင့် ဝေဒနာကို သက်သာစေ၏။ နွေရာသီ မိတ်ထွက်ပါက တမာခေါက်ကို ဆားအနည်းငယ်နှင့်အတူ ရောသွေးပြီး လိမ်းပေးပါက ဝေဒနာကို သက်သာစေနိုင်၏။ အချို့ကလည်း တမာရွက်ရင့် သို့မဟုတ် တမာအခေါက်ကို ပြာချပြီး အုန်းဆီနှင့် ရောလိမ်းပေးခြင်းလည်း ဝေဒနာကို သက်သာစေနိုင်၏။

တမာရိုးတံလေးများ၏ ထိပ်ပိုင်းကို ဖွာအောင်လုပြီး သွားပွတ်တံအဖြစ် ရှေးယခင်ကတည်းက အသုံးပြုကြ၏။ တမာမှသည် တမာသွားတိုက်ဆေး၊ တမာဆေးဆပ်ပြာ၊ တမာပိုးသတ်ဆေးစသဖြင့် တန်ဖိုးမြင့်ထွက်ကုန်များစွာလည်း ထုတ်လုပ်အသုံးပြုကြ၏။ အိမ်ရှင်မများ ဆန်ပိုးမတက်စေရန် ဆန်ပုံးထဲတွင် တမာရွက်ခြောက်လေ များ ထည့်ပေးထားခြင်းဖြင့် ပိုးရန်မှ ကာကွယ်နိုင်၏။
သဘာဝတရား၏ လက်ဆောင်မွန် တမာပင်မှ ရရှိသည့် အစိတ်အပိုင်းများ ကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့်ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာ ရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်