ရေသဖန်း "သဘာဝကပေး အစာနှင့်ဆေး"

ရေသဖန်းပင်၏ အင်္ဂလိပ်အမည်မှာ Cluster Figs, gular tree, Indian fig tree နှင့် red river fig ဟု ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Ficus racemosa နှင့် Ficus glomerata Roxb ဟု ခေါ်ဆိုကာ မျိုးရင်း Moraceae တွင် ပါဝင်သည်။ ရေသဖန်းပင်သည် အိန္ဒိယတိုက်ငယ်၊ တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်းဒေသများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ ပါပူးဝါနယူးဂွီနီမှဿည် ဩစတြေးလျမြောက်ပိုင်း၊ အနောက်ပိုင်းအပါအဝင် ကွင်းစလန်နိုင်ငံများတို့တွင် သဘာဝအလျှောက် စတင်ပေါက်ရောက်ဖြစ်ထွန်းပြီး နောက်ပိုင်းတွင် တောင်အမေရိကရှိ အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းလာကြ၏။

ရေသဖန်းပင်ဟု အမည်တွင်သည့်အတိုင်း ရေအစိုဓာတ်များသော နေရာမျိုးတွင် ပေါက်ရောက်တတ်၏။ ရေသဖန်းပင်သည် ကြီးထွားမှုမြန်ဆန်သော အပင်ကြီးမျိုးဖြစ်၏။ ရေသဖန်းပင်တွင် အပွင့်ကို မြင်တွေ့ခြင်းမရှိဘဲ သဖန်းသီးအခိုင်များကိုသာ မြင်တွေ့ရတတ်၏။ တကယ်တမ်းတွင် ပန်းပွင့်ကလေးများကို ဖုံးအုပ်ထားသည့် အပွင့်အိမ်လေးမျှသာဖြစ်၏။ အသီးအစစ်မှာ ပန်းပွင့်အိမ်၏ အစွန်းတွင် အပေါက်ငယ်တစ်ခုမျှသာရှိပြီး အတွင်းရှိ အပွင့်ငယ်လေးများက ဝတ်မှုန်ကူးခြင်းကို လုပ်ဆောင်၏။ ရေသဖန်းပင်၏ အကိုင်းအခက်နှင့် ပင်စည်လုံးပတ်တွင် အသီးခိုင်များ ကပ်ပြီးသီး၏။ အသီးကို ဟင်းသီးဟင်းရွက်အဖြစ် ချက်ပြုပြင်ဆင်ပြီး စားသုံးကြ၏။
ပုံမှန်အားဖြင့် ရေသဖန်းပင်သည် သဘာဝအလျောက် ပေါက်သည့် အပင်မျိုးဖြစ်သော်လည်း ယင်းအပင်၏ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးခြင်း၊ အာဟာရတန်ဖိုးကြွယ်ဝခြင်း၊ အသီးနှင့်အရွက်နုတို့ကို ဟင်းသီးဟင်းရွက်အဖြစ် အသုံးပြုနိုင်ခြင်းနှင့် တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုနိုင်ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံတွင် ရေသဖန်းပင်ကို ပန်းခြံများ၊ အိမ်ခြံဝင်းများ၊ ဘုရားကျောင်းဝင်းထဲတို့တွင် စနစ်တကျစိုက်ပျိုးကြ၏။ ရေသဖန်းပင်၏ ကြီးမားထူထဲသော အားကောင်းသည့်အမြစ်များကြောင့် မြေဆီလွှာပျက်သုဉ်းခြင်းမှ ကာကွယ်ပေးနိုင်သည့်အတွက် မြစ်ချောင်းနံဘေးတွင် စိုက်ပျိုးကြသကဲ့သို့ တောင်တန်းဒေသများတွင် လေကာပင်အဖြစ်လည်း စိုက်ပျိုးလေ့ရှိကြ၏။
လတ်ဆတ်သည့် ရေသဖန်းသီးတွင် ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ အိုင်းယွန်း၊ ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်နှင့် ပရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်၏။

ရေသဖန်းသီးသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့်အတွက် အစာခြေလမ်းကြောင်း၏ လုပ်ငန်းဆောင်တာများကို ပုံမှန်ဖြစ်စေ၏။ အမျှင်ဓာတ်ကြောင့် အဆာခံနိုင်ပြီး ကိုယ်အလေးချိန်ကျစေရန် အထောက်အကူဖြစ်စေ၏။ ထို့အပြင် သွေးအတွင်းရှိ ကိုလက်စရောကို ကျဆင်းစေပြီး နှလုံးရောဂါနှင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ချေမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။
ကယ်လ်စီယမ်ကြွယ်ဝစွာ ပါဝင်သည့် သဖန်းသီးသည် အရိုးများကို ကြံ့ခိုင်သန်းစွမ်းစေ၏။ အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ပြီး အရိုးအက်ခြင်း၊ အရိုးကျိုးခြင်းတို့မှ ကာကွယ်ပေးနိုင်၏။
ရေသဖန်းသီးတွင် ပိုတက်စီယမ်အရင်းအမြစ် ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ခြင်း၊ ကိုယ်တွင်းအရည်ပမာဏကို မျှခြေဖြစ်စေခြင်းကို အထောက်အကူပြုစေ၏။
ရီဘိုဖလာဘင်ပါဝင်ခြင်းကြောင့် ကိုယ်တွင်းစွမ်းအင်များကို တိုးနိုင်စေခြင်း၊ ခွန်အားကို တိုးပွားစေနိုင်ခြင်း အကျိုးကျေးဇူးကို ရရှိစေနိုင်၏။
သံဓာတ်ကြွယ်ဝခြင်းကြောင့် သွေးအတွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းကို လုပ်ဆောင်သည့် ဟေမိုဂလိုဘင်ပရိုတင်းကို တည်ဆောက်ပေးနိုင်ခြင်း အစရှိသည့် ကျန်းမာရေး အကျိုးကျေးဇူးကောင်းများစွာ ရှိ၏။
အာယုဗေဒဆေးပညာရပ်အရ ရေသဖန်းရွက်၊ အသီး၊ အမြစ်နှင့် အခေါက်တို့ကို ရောဂါမျိုးစုံကို ကုသပေးနိုင်သည့် သဘာဝဆေးတလက်အဖြစ် အသုံးပြုကြ၏။
ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ရောင်ရမ်းနာကျင်ခြင်းရောဂါများ၊ ဒူလာလိပ်ခေါင်းရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ခြင်ကိုက်ခံရခြင်းနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ဆေးအဖြစ် အသုံးပြုကြ၏။
ထို့အပြင် ရောင်ရမ်းနာကို ဆန့်ကျင်နိုင်ခြင်း၊ ကိုယ်ခန္ဓာကို သန့်စင်စေခြင်း၊ သွေးသန့်စင်ခြင်းတို့အတွက် အဓိက အသုံးပြုကြ၏။
ထိခိုက်ရှနာများ၊ အပူလောင်နာများ၊ ကြွက်သားနာကျင်ခြင်း၊ ဝက်ခြံဖြစ်ခြင်း၊ ဝဲနာ၊ ဝဲခြောက်ပေါက်ခြင်းနှင့် ဒူလာလိပ်ခေါင်းရောဂါ အစရှိသည့် ရောဂါများအတွက် ဝေဒနာ ခံစားရသည့်နေရာတွင် သဖန်းပင်မှရရှိသည့် အစေးများကို လိမ်းကျံပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်၏။
ရေသဖန်းသီးသည် အအေးဓာတ်ကြွယ်ဝသည့်အတွက် နှလုံးကို အားဖြစ်စေခြင်း၊ ဆီးနှင့်ပတ်သက်သည့် ရောဂါများကို သက်သာစေခြင်း၊ သည်းခြေအိတ်ကျန်းမာစေခြင်းနှင့် ဓမ္မတာစက်ဝန်းကို မှန်ကန်စေခြင်း အစရှိသည့် ကျန်းမာရေး အကျိုးကျေးဇူးကောင်းများကို ရရှိစေနိုင်၏။
ရေသဖန်းပင်သည် ကျန်းမာရေးအကျိုးကျေးဇူးကောင်းများစွာကို ပေးစွမ်းနိုင်သည့် အပင်မျိုးဖြစ်ပြီး အထူးသဖြင့် ကိုယ်တွင်းအင်္ဂါများကို ကျန်းမာစေခြင်း၊ သွေးကိုသန့်စင်စေခြင်း၊ အစာလမ်းကြောင်းတလျှောက်ရှိ သန်ကောင်များကို နှိမ်နင်းပေးနိုင်ခြင်းတို့ကို ရရှိနိုင်၏။
ရေသဖန်းပင်မှ အရေပြားရောဂါများဖြစ်သည့် အနာကြီးရောဂါ၊ လေဖျဉ်းသွေးဖျဉ်း ဖောရောင်ခြင်းတို့ကိုလည်း သက်သာစေနိုင်၏။
အိန္ဒိယနိုင်ငံတွင် ရေသဖန်းခေါက်ကို သွေးပြီးလျှင် အပူလောင်ခြင်းနှင့် ခြင်ကိုက်ပြီးယားဖုများအပေါ်တွင် လိမ်းကျံခြင်းဖြင့် ဝေဒနာသက်သာစေရန် အသုံးပြုကြ၏။ ခူယားကောင်များကိုက်ခံရလျှင် သဖန်းရွက်၏ ကြမ်းသည့်မျက်နှာပြင်ဖက်နှင့် ပွတ်ပြီး ယားယံခြင်းကို သက်သာစေရန် အသုံးပြုကြ၏။
ရေသဖန်းရွက်၊ ရေသဖန်းသီးတို့ကို မြို့မဈေးများတွင် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ခက်ခဲသော်လည်း နယ်မြို့များတွင် အပင်တွင် အလွယ်တကူ ဆွတ်ခူးကာ စီမံချက်ပြုတ်စားသုံးနိုင်၏။
ရေသဖန်းသီးကို အစိမ်းအတိုင်းဖြစ်စေ၊ ဆားရည်စိမ်ပြီးဖြစ်စေ၊ ငပိရည်ကျိုဖျော်၊ ငပိထောင်း၊ ငရုတ်သီးထောင်း၊ ခရမ်းချဉ်သီးပန်ထွေဖျော် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် အလွယ်တကူ အများဆုံး စားသုံးတတ်ကြ၏။
ကန်စွန်းရိုးနီနှင့်ချဉ်ပေါင်တို့ကို ချဉ်စပ်ချက် ခပ်ပျစ်ပျစ်ချက်၊ ထမင်းဖြူပူပူလေးထဲတွင် သမအောင်နယ်၊ ရေသဖန်းသီးအစိမ်းလေးကိုကိုက်ပြီး တို့စားလိုက်ရလျှင်ဖြင့် အလွန်ကို ထမင်းမြိန်လှပေ၏။
ရေသဖန်းသီးများကို အချဉ်တည်လိုပါက ဦးစွာပထမ အသီးခိုင်မှ သဖန်းသီးများကို တစ်လုံးချင်း ခြွေချပြီး သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ။ ထမင်းရည် သို့မဟုတ် ဆန်ကို ခပ်ကျဲကျဲကျိုထားသည့်အရည်နှင့် ဆားတို့ ရောစပ်ထားသည့် ရေထဲသို့ သဖန်းသီးများကို ထည့်ပြီး သန့်ရှင်းခြောက်သွေ့သော ဗူး/ပုလင်းထဲထည့်ပြီး လေလုံအောင်ပိတ်ကာ ၃ ရက်ခန့် အခန်းအပူချိန်အတိုင်း (မီးဖိုဆောင်တွင်) ထားပေးပါ။ အေးမြသည့်ရာသီဥတုရှိသည့် ဒေသများတွင် ၄ ရက် ၅ ရက်ခန့်ထားပြီးလျှင် ထမင်းမြိန်စေမည့် သဖန်းသီးချဉ် မွှေးမွှေးလေး ရရှိနိုင်၏။
သဖန်းသီးချဉ်ကို ခပ်စပ်စပ်ချက်ထားသည့် ငါးပိကောင်ချက်၊ ငါးခြောက်ချက်၊ ပုစွန်ခြောက်ငံပြာရည်ချက် အစရှိသည်တို့နှင့် နှစ်သက်သလို တွဲဖက်ပြီး စားသုံးနိုင်၏။
သဖန်းသီးချဉ်ကို ပါးပါးလှီးပြီးလျှင် ကြက်သွန်နီပါးပါးလှီး၊ ဆီချက်ကြော်၊ မြေပဲဆံလှော်နှင့် နှမ်းလှော်ထောင်း၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်တို့ကို ထည့်ပြီး သမအောင် ရောနယ်၊ အနံ့လေးမွှေးအောင် သံပုရာသီးစိတ်လေးညှစ်ပြီး သုပ်စားသည့်အခါ အလွန်ပင်နှုတ်မြိန်စေသည့် အစာတစ်မျိုးဖြစ်၏။ ဝါးလိုက်လျှင် တထုတ်ထုတ်နှင့် ထမင်းဖြူနှင့်ဖြစ်စေ၊ ရေနွေးကြမ်းပူပူကို မှုတ်သောက်ပြီးဖြစ်စေ၊ တွဲဖက်စားသုံးနိုင်သလို ထမင်းဝိုင်းတွင်လည်း ဟင်းပွဲတမယ်တိုးစေ၏။
ရေသဖန်းသီး ဆားရည်စိမ်ကို ကြက်သွန်ဖြူနီငရုတ်သီးထောင်းဆီသတ်၊ ပုစွန်ခြောက်ထောင်းထည့် ဆီသတ်ပြီးလျှင် သဖန်းသီးချဉ်ကို မထူမပါး လှီးပြီး ဆီပြန်သည်အထိ ချက်စားလျှင်လည်း ထမင်းမြိန်ပြီး ဟင်းရံတစ်ပွဲတိုးစေ၏။
အညာဒေသတွင် မုန့်ဟင်းခါးချက်သည့်အခါတွင်လည်း မုန့်ဟင်းရည်ပျစ်ပျစ်လေးတွင် အုန်းနို့ရနံ့သင်းစေရန် ရေသဖန်းရွက်ထည့်ပြီး ချက်ကြ၏။
အုန်းနို့ဆိုလျှင် သွေးတိုးမှာ စိုးကြောက်သည့်သူများအတွက် အုန်းနို့အစား နို့စိမ်းကို ဟင်းရည်ချက်ရာတွင်အသုံးပြုပြီး ဟင်းရည်ပွက်ပွက်ဆူသည့်အခါ ရေသဖန်းရွက်ကို ထည့်ခပ်လိုက်ခြင်းဖြင့် အုန်းနို့ရနံ့သင်းနေသည့် နို့စိမ်းခေါက်ဆွဲကို ဘေးကင်းစိတ်ချစွာဖြင့် သုံးဆောင်နိုင်၏။
ရေသဖန်းရွက်နုလေးများကို ရှမ်းနီလူမျိုးများက ဟင်းချိုရည်ချက်သောက်ခြင်း၊ သုပ်စားခြင်းများလည်း ပြုလုပ်စားသောက်ကြ၏။
ရေသဖန်းသီးအမှည့်ကို သစ်သီးအဖြစ် စားသုံးနိုင်သကဲ့သို့ အခြောက်လှန်းခြင်း၊ ယိုထိုးခြင်းပြုလုပ်စားသုံးနိုင်၏။
ရေသဖန်းရွက်ကို စားသုံးခြင်း၊ ဆေးဘက်ဝင်အဖြစ် အသုံးပြုခြင်းအပြင် အခြားသော အသုံးပြုပုံများကိုလည်း မျှဝေလိုက်ပါ၏။
အတိတ်တဘောင် နမိတ်ဆောင်သည်ဆိုသည့် အယူကို လက်ခံထားသော မြန်မာလူမျိုးများ အနေဖြင့် အိမ်သစ်ဆောက်သည့်အခါ ရေသဖန်းရွက်ကို ဆွဲချိတ်ခြင်းဖြင့် ကြီးပွားချမ်းသာသည့် ကောင်းကျိုးကိုရရှိမည်ဟု ခံယူကာ လုပ်ဆောင်တတ်ကြ၏။
ရေသဖန်းရွက်အရင့်ကို ဆင်စွယ်ရောင်ထွက်စေရန် ပွတ်တိုက်ရာတွင် အသုံးပြုကြ၏။ အရပ်ထဲတွင်လည်း အိုးတိုက်ရွက်ဟု လူသိများပြီး အလှူမင်္ဂလာပွဲများအတွက် ချက်ပြုတ်ရာတွင် အသုံးပြုသည့်အိုးများကို ပြောင်လက်အောင်တိုက်ချွတ်ဆေးကြောသည့်အခါတွင် အသုံးပြုကြ၏။သဖန်းခေါက်ကို ကြိုးကျစ်ရာတွင် အသုံးပြုကြ၏။
သဘာဝတရား၏လက်ဆောင်မွန် ရေသဖန်းပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာရေး အကျိုးကျေးဇူးကောင်းများ ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်