စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း တစ်ခုဖြစ်သည့် ကြံသီးနှံကို ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအဖြစ် ဖော်ဆောင်

နေပြည်တော်၊ ဒီဇင်ဘာ(၁၈)
ပြည်တွင်းစားသုံးမှု သကြားကုန်ကြမ်း အခြေခံ စားသောက်ကုန်လုပ်ငန်းများ နှင့် သကြားပို့ကုန် အတွက် အရေးပါသော စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း တစ်ခုဖြစ်သည့် ကြံသီးနှံကို ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်း မျိုးကြံများ ဖြန့်ဖြူးခြင်းစီမံကိန်း အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အထူး ရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်သည့် ကြံသီးနှံနည်းပညာပေးသင်တန်း ကို ဒီဇင်ဘာလ(၁၈) ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ပျဉ်းမနားမြို့ ရှိ ကြံသီးနှံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ၌ ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသား ကြံတောင်သူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က သင်တန်းဖွင့် အမှာစကား ပြောကြားရာ၌ မြန်မာကြံသကြားစက်မှုလုပ်ငန်း ရေရှည်တည်တံ့စေရန် ကြံတစ်ဧက အထွက် နှုန်းတိုးတက်ရေး ၊ သုတေသနလုပ်ငန်းများမှ ဖော်ထုတ်ရရှိသော အထွက်တိုးနည်းပညာ များ၊ ရေမြေဒေသနှင့် ကိုက်ညီပြီး အရည် အသွေးမီ မျိုးကောင်းမျိုးသန့်များ ၊ အထွက်ကောင်းကြံမျိုးများ တောင်သူလက်ဝယ်ကို ရောက်ရှိပြီး စိုက်ပျိုးနိုင်ရေး ကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လက်ရှိကြံရာသီတွင် စက်ရုံအရောက် ကြံတစ်တန်ဈေးနှုန်း ကျပ် ၁၁၀၀၀၀ မှ ၁၅၀၀၀၀ ကျပ် ဖြစ်၍ တောင်သူများ အတွက် တွက်ခြေကိုက်သည့် ဈေးနှုန်းဖြစ်နိုင်ကြောင်း၊ တောင်သူများ အနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း၊ ကြံသီးနှံ၏ ပန်းတိုင်အထွက်နှုန်း တစ်ဧက တန် ၃၀ ထွက်ရှိရေးကြိုးပမ်း ကြခြင်းဖြင့် တစ်နိုင်ငံလုံးရှိ ကြံစိုက်ဧက ၄ သိန်းကျော်၏ ကြံအထွက် တိုးတက်ရေးနှင့် သကြားထုတ်လုပ်မှုမြင့်မားရေး ကြိုးပမ်းကြစေလိုကြောင်း။
ဌာနကဆောင်ရွက်ပေးလျက်ရှိသော တောင်သူပညာပေး စံနမူနာပြ စိုက်ကွင်းများ ထူထောင်ပြသခြင်း၊ တောင်သူပညာပေးလုပ်ငန်းများ၊ ကွင်းသရုပ် ပြပွဲများ၊ စံပြကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်း လုပ်ငန်းများတွင် တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်ရန် လိုအပ်သည့်နည်းတူ ကြံစိုက်တောင်သူနှင့် သကြားစက်ရုံအကြား အပေးအယူ မျှတကောင်းမွန်သော ကန်ထရိုက်လယ်ယာစနစ် (Contract Farming) တည်ထောင် ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ချမှတ်ပေးထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီသော ဆောင်ရွက်မှု လုပ်ငန်းစဉ်များ(Standard Operating Procedure - SoP) နှင့်အညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ကြံသီးနှံနည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ကြံမျိုးရင်းထိန်းသိမ်းစိုက်ပျိုးထားသော စိုက်ခင်းများ၊ တစ်သျူးနည်း ဖြင့်ထုတ်လုပ်ထားသောကြံမျိုးပွားစိုက်ခင်းများ၊ လမိုင်းအထွက်ကောင်း စိုက်စနစ်ဖြင့် စိုက်ပျိုးခြင်း ၊ ကြံစိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးကြသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် မြန်မာ နိုင်ငံ တွင် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးထုတ် လုပ်မှုကို ဖော်ဆောင်နိုင်ရန် အတွက် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်း မျိုးကြံများ ဖြန့်ဖြူးခြင်းစီမံကိန်း အရ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေး တိုင်းဒေသကြီး တို့တွင် စီမံကိန်းသက်တမ်းက ၂ နှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ တောင်သူများ၏ နည်းပညာအခက်အခဲများ သိရှိရန် စစ်တမ်းကောက်ယူခြင်း၊ နည်းပညာအသစ်များကို တောင်သူများ ကျင့်သုံးလာနိုင်ရန်အတွက် ကြံသီးနှံနည်းပညာပေး သင်တန်းများပြုလုပ်ခြင်း၊ နည်းပညာပေး စမ်းသပ်ကွက်၊ စံပြကွက်များ၊ သရုပ်ပြပွဲများ ဆောင်ရွက်ပြသခြင်း၊ ကြံသီးနှံ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူး ပေးခြင်း၊ လိုအပ်သည့် ကြံစိုက်စက်၊ ဆေးဖြန်းပုံးများ စသည့် ကွင်းလုပ်ငန်းသုံး ပစ္စည်းများ ပံ့ပိုးခြင်း လုပ်ငန်းများ ပါဝင်ကြောင်း၊ ယခုဖွင့်လှစ်သည့် ကြံသီးနှံနည်းပညာပေးသင်တန်း တွင် တောင်သူများ နှင့် ဌာနတွင်း သင်တန်းသား (၆၀)ဦး တက်ရောက်လေ့လာလျက်ရှိပြီး လမိုင်းအထွက်ကောင်း စိုက်ပျိုးနည်းစနစ် နှင့် ကြံစိုက် စက်ဖြင့် စိုက်ပျိုးနည်းစနစ် တို့ကို ဒီဇင်ဘာလ(၁၈) ရက်နေ့ မှ (၂၀)ရက်နေ့အထိ (၃)ရက်ကြာ လက်တွေ့ပြသ ရှင်းလင်းခြင်း ဆွေးနွေးအသိပညာ ဖလှယ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများသည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ တောင်သူစိုက်ကွင်းတွင် လူအား၊ စက်အားတို့ဖြင့် ကြံခုတ်သိမ်း နေမှုကို ကြည့်ရှုအားပေးပြီး မြေပြင်စိုက်ပျိုးသည်မှ ခုတ်သိမ်းသည်အထိ စက်ကိရိယာများ အသုံးပြုရေး၊ သီးနှံဘေးထွက် အကြွင်းအကျန်များကို မီးရှို့ခြင်းမပြုပဲ သဘာဝမြေဩဇာ အဖြစ် ပြန်လည်အသုံးပြုကြခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော ရေရှည် တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ချက်များ ကို တောင်သူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများသည် စိုက်ပျိုးရေး ဦးစီးဌာနပိုင် စက်ရုံ အား ယုဇနကုမ္ပဏီလီမိတက်က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ပျဉ်းမနား သကြားစက်ရုံ ၏ ကြံဝယ်ယူရေးလုပ်ငန်း၊ သကြားထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး စက်စွမ်းအားပြည့်လည်ပတ် နိုင်ရေး၊ စက်ရုံလိုအပ်သည့် ကုန်ကြမ်းအပြည့်အဝ ရရှိနိုင်ရေး အတွက် လုပ်ငန်းရှင်နှင့် တောင်သူများပူးပေါင်း ဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ပီပြင်စွာ လုပ်ကိုင်ရန် လိုအပ်ချက်များ၊ ကြံမျိုးကောင်း မျိုးသန့်ရရှိရေး နှင့် နည်းပညာအပါအဝင် လိုအပ်ချက်များ ကို တည်ဆဲ ဥပဒေများနှင့်အညီ ဌာနဘက်က ပံ့ပိုးကူညီပေးနိုင်မည့် အခြေအနေများ၊ ပုဂ္ဂလိက ရင်းနှီး မြုပ်နှံမှုတိုးချဲ့နိုင်ရေး အခွင့်အလမ်းများကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။