ဝင်ငွေတိုးဖို့ ပုစွန်မွေးကြပါစို့

ဝင်ငွေတိုးဖို့ ပုစွန်မွေးကြပါစို့

ပုစွန်

ပုစွန်၏အရသာသည်ထူးကဲသဖြင့်ကျွန်မတို့နိုင်ငံ၌လူကြိုက်များရုံမကပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း လူကြိုက်များသည့် ရေထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။  ပြည်တွင်း၌စားသုံးရန် ရောင်းချခြင်း အပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ၍ရနိုင်သဖြင့် မြန်မာနိုင်ငံရှိ ပုစွန်မွေးမြူသူများ၊ ကမ္ဘာပေါ်ရှိ ပုစွန် မွေးမြူသူ အားလုံးအတွက် ဈေးကောင်းရသည့် ရေ သတ္တဝါမျိုးစိတ်တစ်မျိုးဖြစ်ပါသည်။ ပုစွန်မှာ အမျိုး အစားအားဖြင့် ရေချိုနှင့်ရေငန်ဟူ၍(၂)မျိုးရှိပါသည်။ ရေချို ပုစွန်မျိုးစိတ်တွေထဲတွင် အထင်ရှားဆုံးနှင့် လူကြိုက်များသည့်ရေချိုပုစွန် မျိုးမှာရေချိုပုစွန်တုပ်ကြီးဟုခေါ်သည့် (Macrobrachium rosenbergii) မျိုးဖြစ်၍  အထင်ရှားဆုံး မွေးမြူကြသည့် ရေငန်ပုစွန်မျိုး စိတ်များမှာ ကျားပုစွန် (Penaeus monodon) နှင့် ပုစွန်ဖြူ  (Lito-penaeus vannamei) တို့ဖြစ်ကြပါသည်။ 

ရေချိုပုစွန်တုပ်ကြီးမျိုးသည်အရွယ်အစားကြီးမား၍အသားမှာနူးညံ့ပြီးအရသာရှိသောရေချို မျိုးစိတ် တစ်မျိုးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် Macrobrachium မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိပြီး ၎င်းတို့အနက် မှ ၄၉ မျိုးအား စီးပွားဖြစ်မွေးမြူကြပါသည်။ အာရှနှင့်ပစိဖိတ်ဒေသတွင် စီးပွားဖြစ်မွေးမြူသည့် မျိုးစိတ် ၂၇ မျိုးခန့်တွေ့ရှိရပါသည်။ ရေချိုပုစွန် ထုပ်ကြီးကို အပူပိုင်းနဲ့အပူသမပိုင်းရာသီဥတုရှိသည့် အင်ဒိုပစိဖိတ် ဒေသများဖြစ်သော မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံ တို့တွင် တွေ့ရှိရပါသည်။  ၎င်းမျိုးစိတ်များအား ရေချိုရှိရာကန်များ၊ မြစ်များ၊ ချောင်းများ၊ မြောင်းများ၊ တူးမြောင်းများ၊ ချိုင့် ဝှမ်းများ၊ မြေနိမ့်ပိုင်း ရေလွှမ်းလွင်ပြင်များနဲ့ မြစ်ဝများတွင်တွေ့ရပြီး အာရှနှင့် အရှေ့တောင်အာရှ၏ ဒေသမျိုးရင်းဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ကျွန်းစုများ၌လည်း တွေ့ရပါသည်။

ရေချိုပုစွန်တုပ်ကြီးမျိုးဖြစ်သော ဥဆောင်အမများသည် မျိုးပွားချိန်တွင် ရေချိုမှ ရေချိုရေငန်စပ်ရှိ ရာ မြစ်အောက်ပိုင်း၊ မြစ်ဝများသို့၎င်းတို့၏ဥများအုချရန် အတွက်ရွှေ့ ပြောင်းသွား လာတတ်ပါသည်။ အမများမှ ဥအုချသောသားလောင်းများ သည် ရေချိုရေငန်စပ်ထဲတွင် လွတ်လပ် စွာ ကူးခတ်နေပြီးရုပ်သွင် ပြောင်းလဲခြင်း ၁၁ ဆင့်ကူးပြောင်းပြီးနောက် သားပေါက်ကောင်ဟုခေါ်သော (Post Larvae)အဆင့် တွင်ရေချိုရှိရာ အထက်ပိုင်းအရပ်သို့ရွှေ့ပြောင်းသွားလာလေ့ရှိပြီး ရေချိုတွင် သက်ကြီးကောင်အဆင့် အထိ နေထိုင်ကျက်စား လေ့ရှိပါသည်။  

မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူနေသော ရေချိုမျိုးစိတ်မှာဖော်ပြပါ ရေချိုပုစွန်တုပ်ကြီးမျိုး ဖြစ်ပါသည်။မြန်မာနိုင်ငံတွင်ရေချိုပုစွန်တုပ်ကြီးအား ရေချိုအရင်းအမြစ်များရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် အများဆုံးမွေးမြူကြောင်းတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ရေချို၊ ရေငန်ပုစွန် မွေးမြူ ဧရိယာ စုစုပေါင်း ၁၃၈၃၀၀ ဒသမ ၀၂ ဧကရှိပါသည်။ မြန်မာနိုင်ငံရှိ ရေချိုပုစွန် မွေးမြူသူအများစုမှာ ပုစွန်သီးသန့် မွေးမြူခြင်းထက် ငါးများနှင့်ရောနှောမွေးမြူသည့်စနစ် (Polyculture System)နည်းဖြင့် မွေးမြူကြသည်ကို တွေ့ရှိရပါသည်။ ကျွန်မတို့နိုင်ငံတွင် ရေချို ပုစွန်နှင့် ရောနှောမွေးမြူသည့် ငါးအမျိုး အစားများမှာ ငါးခေါင်းပွ၊ ငါးမြစ်ချင်းနှင့်ငွေရောင်ငါးကြင်း တို့ဖြစ်ကြပါသည်။ ပုစွန်သည် ကန်အောက်ခြေတွင် နေထိုင်ကျက်စား သွားလာတတ်သည့်အတွက် ပုစွန်နှင့်တွဲမွေးမည့်ငါးသည် ရေလယ်နှင့်ရေပေါ်နေ ငါးမျိုးစိတ်များသည် ပိုသင့်လျော်ကြောင်းတွေ့ ရပါသည်။ 

ငါးနှင့်ရောနှောမွေးမြူသည့် ပုစွန်အရွယ်အစားမှာ သက်လတ်ကောင် (Juvenile) ဟုခေါ်သော ၁" မှ ၂" အရွယ်များဖြစ်ပါသည်။ ငါးနှင့်ပုစွန်ရောနှောမွေးမြူသူအများစုသည် ငါးကန်ကျယ်ကြီးများတွင် ငါးအစာ ကို သာကျွေး၍ ပုစွန်အစာမကျွေးဘဲ မွေးမြူတတ်ကြပါသည်။ တစ်ဧကလျှင် ငါးဖျန်း ၅ လက်မ၊ ၆ လက်မ အရွယ်ကောင်ရေ ၁၅၀၀ ခန့်နှင့် ပုစွန်အား တစ်ဧကလျှင် Juvenile အကောင်ရေ ၁၅၀၀ မှ ၂၀၀၀ ခန့် ထိထည့်သွင်း မွေးမြူကြောင်းတွေ့ရှိရပါသည်။ မွေးမြူကာလမှာ ၈ လ ဖြစ်ပြီး ရရှိသော ပုစွန်အရွယ်မှာ တစ်ကီလိုဂရမ်တွင် ၁၅ ကောင် (တစ်ကောင် လေးကျပ်သားခန့်) ရှိတတ် ကြပါသည်။

ရေချိုပုစွန်တုပ်ကြီးအား သီးသန့်မွေးမြူနည်းစနစ် (Monoculture System) အား ကုမ္ပဏီ အချို့နှင့် မွေးတောင်သူအနည်းစုမှမွေးမြူကြပါသည်။ သီးသန့်မွေးမြူနည်းစနစ်တွင် မွေးမြူသည့် ပုစွန် အရွယ်အစား မှာသားပေါက်ကောင် (Post Larvae - PL) ၁ စင်တီမီတာမှ ၁.၅ စင်တီမီတာ အရွယ်အား တစ်လခွဲမှ နှစ်လ အထိ ပျိုးကန်တွင်ပြုစုထားတတ်ကြပြီး ၁" မှ ၂" Juvenile အရွယ်အား မွေးကန်ထဲထည့်၍ မွေးမြူကြကြောင်းတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်ရေချိုပုစွန်သီးသန့် မွေးမြူသူ များသည်တစ်ဧကတွင် ပုစွန်Juvenile ကောင်ရေ ၁၀၀၀၀ ခန့် မှ ၁၅၀၀၀ ခန့် အတွင်းထည့် သွင်း၍ ပုစွန်အစာသီးသန့်ကျွေး၍ ၈ လခန့် အထိမွေးမြူကြပြီး မွေးကာလ ၄ လခန့်အကြာတွင် တစ်စိတ်တစ်ပိုင်းဖမ်းဆီးခြင်း (Partial Harvest) လုပ်ဆောင်တတ်ကြပါ သည်။ ၂၀ ဂရမ်မှ ၄၀ ဂရမ် အရွယ်များအား ရွေးချယ်ဖမ်းဆီးကြပြီး နောက်ထပ် ၄ လအကြာတွင် ကန် အကုန်လုံးဖော်၍ ဖမ်းဆီးကြပါ သည်။ ပုစွန်တစ်ကီလိုဂရမ်တွင် ၁၀ ကောင် (ပုစွန်တစ်ကောင် ၆ ကျပ်သား အရွယ်) ရတတ်ကြပါသည်။ ကုမ္ပဏီအချို့ကတော့ လေပေးစနစ်၊ အစာ ကျွေးစနစ်များ ထပ်မံဖြည့်စွက်ပါက ထည့်သွင်းနှုန်းကိုဖော်ပြပါနှုန်းထက်ပို၍ထည့်သွင်းတတ်ကြပါ သည်။ 

ရေငန်တွင်မွေးမြူသည့်ပုစွန်များအနက်အထင်ရှားဆုံးမွေးမြူကြသည့် ရေငန်ပုစွန်မျိုးစိတ်များ မှာ ကျားပုစွန် (Penaeus monodon) နှင့် ပုစွန်ဖြူ (Litopenaeus vannamei) တို့ဖြစ်ကြပါသည်။   ကမ္ဘာပေါ်တွင်ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်း၏ ၇၀% သည် အာရှတိုက်မှာမွေးမြူနေကြပါသည်။၊ ကမ္ဘာ ပေါ်တွင် ရေငန်ပုစွန်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိသည့်အနက် မျိုးပေါင်း ၁၀၀ ခန့်အား ဖမ်းဆီးခြင်း၊ မွေးမြူခြင်းများဆောင်ရွက်လျက်ရှိပါသည်၊ ကျားပုစွန်ကို အင်ဒိုပစိဖိတ်ဒေသ၏ မြောက်ဖက်ပိုင်းရှိ ဂျပန်နှင့်ထိုင်ဝမ်အထိ၊ တောင်ဘက်တွင် ဩစတေးလျ၊ အနောက်ဘက်တွင် အာဖရိကတိုက်အထိ ပျံ့နှံ့ လျက်ရှိပါသည်။ အရှေ့ဖက်ပစိဖိတ်ကျွန်းစုများဖြစ်သည့် ဖီဂျီ၊ ဩစတေးလျ၊ ပါပူဝါနယူးဂီနီ၊ ထိုင်ဝမ်-တရုတ်၊ အရှေ့တောင်အာရှဒေသများ၊  အိန္ဒိယနှင့် မဒါဂတ်စကားကျွန်းအထိတွေ့ရပါသည်။ ကျားပုစွန်မျိုး များအား ကမ်းဝေးမှရေမိုင်  ၂၀ အကွာ ပင်လယ်ပြင် အနက် မီတာ (၆၀ မှ ၈၀) အတွင်းမိတ်လိုက်ခြင်း၊ မျိုးပွားခြင်းများ ဆောင်ရွက်နိုင်ကြောင်းသိရှိရပါသည်။ ရေငန်ကျားပုစွန်မျိုးဖြစ်သော ဥဆောင်အမများ သည် ရေငန်နှုန်းမြင့်သည့် ပင်လယ်ထဲတွင် ဥအုချ၍ ရုပ်သွင်ပြောင်းလဲခြင်းအနေဖြင့် သားလောင်းအဆင့် ၃ ဆင့်ကူး ပြောင်း ပြီးနောက် သားပေါက်ကောင် ဟုခေါ်သော(Post Larvae)အဆင့်ထိရှင်သန်ကြီးထွားနိုင်ပါသည်။ သားပေါက်ကောင်နှင့်သက်လတ် ကောင်များသည် ရေချိုရေငန်စပ်ဒေသ၊ ဒီရေရောက်တော များတွင် ၄ လမှ ၆ လအထိ နေထိုင် ကျက်စား နိုင်ကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတွင်လက်ရှိမွေးမြူနေသောရေငန်ပုစွန်မျိုးစိတ်မှာ ကျားပုစွန်နှင့်ပုစွန်ဖြူတို့ဖြစ်ကြပါ သည်။ ကျားပုစွန်မွေးမြူခြင်းအား ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ တွင်တွေ့ရပြီး ပုစွန်ဖြူ မွေးမြူခြင်းအား တနင်္သာရီတိုင်းဒေသကြီးတွင်အများအပြားမွေးမြူကြပြီး ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင်အနည်းငယ်သာမွေးမြူကြကြောင်း သိရှိရပါသည်။ 

မြန်မာနိုင်ငံတွင် ကျားပုစွန်မွေးမြူသူအများစုမှာ သမရိုးကျမွေးမြူနည်း စနစ် (Trap& Hold System) ကိုအများဆုံးမွေးမြူ ကြပါသည်။ ကျားပုစွန်ကန်အများစုအား ဒီရေရောက်တော ဒေသတွေမှာ အများဆုံးတွေ့ရပါသည်။  မွေးကန် များသည် ကန်ကျယ်များဖြစ်ပြီး ဧက(၂၀ မှ ၁၀၀) အထိရှိတတ် ကြပါသည်။ လပြည့်/လကွယ် ဒီရေအတက်တွင် ရေသွင်း၍သဘာဝမှပါလာသော ကျားပုစွန်သားပေါက် များအား ရေတံခါးပိတ်၍မွေးမြူခြင်း (Trap & Hold System) ဖြစ်ပြီး သားပေါက်နှင့်အစာထည့်သွင်း မွေးမြူခြင်းမရှိဘဲ သဘာဝအစာကိုသာ အားကိုးပြီး မွေးမြူသည့် နည်းဖြစ်ပါသည်။ ယခုနောက်ပိုင်း ကာလများတွင် သဘာဝမှသားပေါက်အရနည်းသည့်အခါများတွင် ပုစွန်မွေးမြူသူအချို့မှာ ကျားပုစွန် သားဖောက်ရုံများမှသား ပေါက်များ (သို့) သဘာဝမှ သား ပေါက်များအား ကန်ထဲသို့ထည့်သွင်းခြင်း၊ အစာအနည်းငယ်ကျွေးမွေးသည့် ကန်ကျယ် မွေးမြူနည်းစနစ် (Extensive Plus System) ကိုမွေးမြူ နေကြပါသည်။ သိပ္ပံနည်းကျ မွေးမြူသည့်နည်းစနစ် (Semi- intensive)နှင့် သိပ္ပံနည်းကျကန်ကြပ် မွေးမြူနည်းစနစ်(Intensive) တို့အား ပုစွန်မွေးမြူရေးတိုးချဲ့လုပ်ငန်း စတင်သည့် ၂၀၀၀ ခုနှစ်ပတ်ဝန်း ကျင်တွင် ကုမ္ပဏီအများစုမှ မွေးမြူကြသော်လည်း ၂၀၀၂ ခုနှစ်တွင်  White Spot Syndrome Virus ရောဂါကျရောက်ခဲ့ပြီးနောက် ကျားပုစွန်အား သိပ္ပံနည်းကျမွေးမြူသူ နည်းပါးသွားခဲ့ပါသည်။ ၂၀၀၃ ခုနှစ် နောက်ပိုင်း ပြန်လည် မွေးမြူလာကြသော်လည်း ကန်ကျယ်မွေးမြူနည်း စနစ်သာ အများစုမွေးမြူကြပါသည်။

ရေငန်ပုစွန်ဖြူအား အဆင့်မြင့်သိပ္ပံနည်းကျကန်ကြပ်မွေးမြူနည်း စနစ် (Super intensive system) ဖြင့်မွေးမြူနေကြပါသည်။ သား ပေါက်ထည့်သွင်းခြင်း၊ အစာအားစနစ်တကျကျွေးမွေးခြင်း၊ ကန်အောက်ခြေ (High Density Polyethylene – HDPE)  ခင်း၍ မွေးမြူခြင်း၊ ရေအားလဲလှယ်နှုန်းနည်း သည့် Close Type System ဖြင့်မွေးမြူကြခြင်း၊ ၂၄ နာရီလေပေးခြင်း၊ မွေးကန်ဧရိယာမှာ ၁ ဟက်တာ နှင့် ၁ ဟက်တာ အောက်ကိုသာအသုံးပြု၍  သားပေါက်ထည့်သွင်းနှုန်းမှာ အနည်းဆုံး တစ်မီတာ ပတ်လည်ကို သားပေါက်ကောင်ရေ ၁၅၀ မှ ၃၀၀ အထိ ထည့်သွင်းတတ်ကြပြီး၊ အထွက်နှုန်းမှာ ၁၅ တန် မှ ၂၅ တန်အထိထွက် ရှိကြပါသည်။ ရှင်သန်နှုန်း ၉၀ ရာခိုင်နှုန်းအထိ ရရှိသည်ကို လေ့လာသိရှိရပါသည်။

နိုင်ငံတော်မှလည်းမြေလွတ်၊ မြေရိုင်းများ၊ စိုက်ပျိုး၍မရသည့်ဆားငန်ရေဝင်ရောက်သည့်မြေများတွင် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များကို ပုစွန်မွေးမြူရေးလုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် မွေးမြူ ရေးဇုန်များအားရှာဖွေဖော်ထုတ်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိနေပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးအနေဖြင့်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုစွန်မွေးမြူထုတ် လုပ်မှုတိုးတက်လာစေရန် ပုစွန်မွေးကန်များတူးဖော်ရေး အတွက် မြေအသုံးချခွင့်များရရှိရေး ပံ့ပိုးဆောင် ရွက်ပေးလျက်ရှိပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပုစွန်မွေးမြူသူတောင်သူများလိုအပ်သည့် အစာနှင့်သားပေါက်များ တင်သွင်းနိုင်ရန်အတွက် ကုန်သွယ်ရေး ဦးစီးဌာနသို့ထောက်ခံချက်များပေးခြင်း၊ မွေးမြူသည့်ရေ သတ္တဝါများ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များထုတ် ပေးခြင်း၊ ရောဂါပိုးကင်းစင်ကြောင်း အလွယ်တကူ စစ်ဆေးနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးနှင့်တနင်္သာ ရီတိုင်းဒေသကြီးတို့တွင် PCR ဓါတ်ခွဲခန်း များဖွင့်လှစ်၍ဆောင်ရွက်ပေးခြင်း၊ ပြည်ပသို့တင်ပို့လိုသည့် ငါး/ပုစွန်/ကဏန်းမွေးမြူရေးကန်များ အတွက် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်ဖြင့် မွေးမြူကြောင်း အသိအမှတ်ပြုလက်မှတ်များထုတ် ပေးခြင်းတို့အား ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

စီးပွားဖြစ်ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ဆောင်သူများအနေဖြင့် သဘာ၀ပတ်၀န်းကျင်အား မထိ ခိုက်စေသည့်ကောင်းမွန်သောရေ သတ္တဝါမွေးမြူရေးကျင့်စဉ်နဲ့အညီ မွေးမြူကြရမှာဖြစ်ပါသည်။ စီးပွား ဖြစ်ပုစွန်မွေးမြူထုတ်လုပ်သူများအနေဖြင့်ရောဂါကျရောက်ပျံ့နှံ့မှုမရှိရေးအတွက် ဇီဝလုံခြုံရေး ကို ကောင်းစွာလိုက်နာကျင့်သုံးပြီးဆောင်ရွက်ပါကပုစွန်မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့စေ နိုင်ပြီး ထုတ်လုပ်မှုလည်း တိုးတက်လာမှာဖြစ်ပါသည်။

ကမ္ဘာ့ရေငန်ပုစွန်ဖြူမွေးမြူထုတ် လုပ်မှုသည် ၂၀၂၄ ခုနှစ်၌တန်ချိန် ၅ ဒသမ ၇သန်းအထိရှိခဲ့ပြီး၂၀၂၅ ခုနှစ်၌ ထုတ်လုပ်မှုတန်ချိန် ၆ ဒသမ ၁ သန်းအထိရှိလာမည်ဟု ခန့်မှန်းထားကြပါသည်။ ၂၀၂၄ ခုနှစ် ကိန်းကဏန်းအရ ကမ္ဘာ့ရေငန်ပုစွန်ဖြူဈေးကွက်ရှယ်ယာအား အဓိကမွေးမြူထုတ် လုပ်သော နိုင်ငံများ ဖြစ်သည့် အိန္ဒိယနိုင်ငံမှ ၂၉ ဒသမ ၄၇ ရာခိုင်နှုန်း၊ အီကွေဒေါနိုင်ငံမှ ၁၆ ဒသမ ၁၉ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား နိုင်ငံမှ ၇ ဒသမ ၈ ရာခိုင်နှုန်း နှင့်အခြား နိုင်ငံများမှ ၃၈ ဒသမ ၀၄ ရာခိုင်နှုန်း ရရှိလျက်ရှိပါသည်။ 

ကမ္ဘာပေါ်တွင် ၂၀၂၄ ခုနှစ်  ရေချို၊ ရေငန်ပုစွန်များ၏ လက်ရှိလက်ကားဈေးနှုန်းမှာ တစ်ကီလိုဂရမ် ကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ မှ ၁၃ ဒသမ ၅၇ ဒေါ်လာအတွင်း အရွယ် အစားအမျိုးမျိုးပေါ်မူတည်၍ ရရှိကြပြီး ပုစွန်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်ထိရရှိလျက်ရှိပါသည်။  ပြည်တွင်း ဈေးကွက်အနေဖြင့် ရေငန် ပုစွန်ဖြူနှင့်ကျားပုစွန်  ၁၆ ဂရမ်မှ ၃၀ ဂရမ်အရွယ် ၁ ပိဿာလျှင် ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်ခန့်အထိ ရရှိတတ်ကြပါသည်။ ရေချိုပုစွန်မွေးမြူသူများအနေဖြင့် ၁၆ ဂရမ်မှ ၃၀ ဂရမ်အရွယ် ၁ပိဿာလျှင် ၃၈၀၀၀ ကျပ် မှ ၄၃၀၀၀ ကျပ်ခန့်အထိရရှိတတ်ကြပါသည်။ ပုစွန် မွေးမြူသူများ အနေဖြင့် ရေချို၊ ရေငန်ပုစွန် အရှင်များအား ပြည်တွင်းရှိ Super Market များနှင့် စားသောက်ဆိုင်များသို့ ရောင်းချကြကြောင်း သိရှိရပါသည်။ ပုစွန်မွေးမြူသူများအတွက် ပြည်ပ ဈေးကွက်အပြင်ပြည်တွင်းဈေးကွက်လည်း အခိုင်အမာ ရှိနေပါသည်။ ထို့အပြင် Value Added များ၊ ပုစွန်ပြုတ်ခြောက်များအစရှိသဖြင့် ပြည်တွင်း ပြည်ပဈေးကွက် အပေါ်မူတည်၍ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။  

လက်ရှိ ပုစွန်မျိုးစိတ်များသည်  အခြားသော ရေသတ္တဝါမျိုးစိတ်များထက် မွေးကာလ တိုတောင်း ခြင်း၊ ဈေးကောင်းရရှိခြင်း၊ ဝယ်လိုအားအမြဲရှိနေခြင်း၊ မြောက်များစွာထွက်ရှိနိုင်ခြင်း တို့ကြောင့် မွေးမြူရေးသမားများအတွက် ဝင်ငွေရလွယ်သည့် မွေးမြူရေးရေထွက်ကုန်တစ်မျိုး ဖြစ်ကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။

ရွှေပုစွန်လေး (ငါးဦးစီး)