မန္တလေးဈေးကွက်
(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၁၀-၁၂-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်
ရန်ကုန်ပေါ်ဆန်းမှာ အသစ်ဝင်ချိန်နီးသော်လည်း မဝင် သေးခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်တင်းခွဲ တစ်အိတ် ၁၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ အဝင်နည်းခဲ့ခြင်း၊ အသစ်မဝင်သေးခြင်း၊ မြို့တွင်းစားသုံးမှုအတွက် ဝယ်ယူမှုပုံမှန်ရှိခြင်း ကြောင့် ယခင်အပတ်တစ်အိတ် ၁၇၅၀၀၀ကျပ်မှ ၁၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ မနောသုခဆန်မှာ အသစ်များ ဝင်ရောက်မှုရှိခြင်းကြောင့် အသစ်တစ်အိတ် ၆၅၀၀၀ကျပ်၊ အဟောင်း တစ်အိတ် ၈၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ငစိန်ဆန်မှာ အသစ်အဝင်နည်းသေးခြင်းကြောင့် အသစ်တစ်အိတ် ၅၅၀၀၀ကျပ် အဟောင်းတစ်အိတ် ၆၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်ပြီး အသစ်အဝင် များလာသော်လည်း အဟောင်းကို မြို့တွင်းစားသုံးမှုများရှိခြင်းကြောင့် အသစ်တစ်အိတ် ၆၃၀၀၀၊ အဟောင်း တစ်အိတ် ၇၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ ဧရာမင်းဆန်မှာ မန္တလေးဝန်းကျင်မှ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ သယ်ယူပို့ဆောင်ခအနေဖြင့် ဆန်အိတ်အနည်းအများပေါ်မူတည်၍ ရန်ကုန်မှ မန္တလေး ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ် ရွှေဘိုမှ မန္တလေးတစ်အိတ် ၅၀၀၀ကျပ်မှ ၇၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဆီထွက်သီးနှံနှင့် ဆီဈေးကွက်
မြေပဲ (လုံးဆန်)မှာ ကျောက်ပန်းတောင်းဘက်မှ အသစ်များဝင်ရောက်ခြင်း၊ အရည်အသွေးကောင်းခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၀၀ပိဿာ ၈၄၀၀၀၀ကျပ်မှ ၈၇၀၀၀၀ကျပ် ထိဖြင့် လုပ်ငန်းသမားများ အဝယ်များသည်။ မြေပဲ(ဆီဆန်)မှာလည်း အသစ်များ အဝင်ရှိသော်လည်း ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ၇၈၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ဖြင့် ဆီစက်သမားများ အဝယ်ပုံမှန်ရှိသည်။ ဆောင်းနှမ်းအသစ်များ ဝင်ရောက်ခြင်း၊ မိုးနှမ်းလက်ကျန်နည်းခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်း တစ်အိတ် ယခင်အပတ် ၂၅၅၀၀၀ကျပ်မှ ယခုအပတ် အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းညိုမှာ အသစ်အဝင်နည်းပြီး ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၇၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ နှမ်းနက် (စမုံ)မှာ အရောင်း အဝယ်အေးသော်လည်း ၄၅ပိဿာလျှင် ၇၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပန်းနှမ်းမှာ အသစ်မဝင်သေးသော်လည်း လက်ကျန်ပစ္စည်းရှိသော်လည်း ဈေးမြင့်သဖြင့် ရောဆီအဖြစ် ကြိတ်ရန် အဝယ်နည်းခြင်း၊ ပရဆေးသမားအဝယ်နည်းခြင်းကြောင့် အရောင်းအဝယ်အေးကာ ၄၅ ပိဿာ ၂၉၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းအနေဖြင့် လက်ကျန်နည်းပြီးဆီစက်သမားအဝယ်နည်းသော်လည်း ၂၇ပိဿာ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်ဈေးကွက်
ငရုတ်ခြောက်ရှည်မှာ အဝင်နည်းခြင်း၊ မြို့တွင်းသုံးဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ငရုတ်ခြောက်(လတ်) အသစ်များ တစ်ပိဿာ ၁၉၀၀၀ကျပ်ဈေးရှိပြီး ငရုတ် ခြောက်(ပွ)မှာ ဧရာဝတီတိုင်းမှ Aircon များကုန်ချိန်ဖြစ်ပြီး ဆင်ဖြူကျွန်း(ပွ)များ သဲတောဘက်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၂၅၀၀၀ကျပ်ဈေးရှိသည်။ ကြက်သွန်နီမှာ လက်ကျန် နည်းသွားခြင်း၊ အသစ်မပေါ်သေးခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် ကြီးတစ်ပိဿာ ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်၊ လတ်တစ်ပိဿာ ၁၀၀၀မှ ၁၃၀၀ကျပ်၊ သေးတစ်ပိဿာ ၆၀၀မှ ၈၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေး ကွာခြားမှုပေါ်မူတည်၍တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၆၀၀၀ကျပ်ဖြင့် မြို့တွင်းသုံးစွဲမှု ပုံမှန်သာရှိသည်။ အောင်ပန်းအာလူးများ အိုကေတစ်ပိဿာ ၅၅၀၀ကျပ်၊ အေဝမ်းတစ်ပိဿာ ၄၅၀၀ကျပ်၊ ဆွဲတစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် မြို့တွင်းစားသုံးမှုပုံမှန်ရှိနေသည်။
ပဲမျိုးစုံဈေးကွက်
မတ်ပဲဈေးနှုန်းအနေဖြင့် ကျောက်ရစ်မှ အသစ်များ ဝင်ရောက်မှုရှိခြင်း၊ လက်ကျန်များ ဖြစ်ခြင်းကြောင့် ၃တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေပြီး စစ်ကိုင်း၊ မြင်းမူ၊ မြောင်ဘက်မှ ပဲအသစ်များ မှာ တစ်အိတ် ပဲအရည်အသွေးပေါ်မူတည်၍ ၂၁၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ ပဲတီစိမ်း(အညာ)မှာလည်း ဆောင်းပဲသစ်များ စတင်ဝင်ရောက်ပြီး ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်း၊ အရည်အသွေးကွာခြားမှုအလိုက် ဈေးကွာခြားခြင်းကြောင့် ၃တင်းတစ်အိတ် အနိမ့်ဆုံး ၃၁၅၀၀၀ကျပ်မှ အကောင်းဆုံး ၃၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကျောက်ပန်းတောင်းဘက်မှ အသစ်များမှ စတင်ဝင်ရောက်မှုရှိခြင်း၊ လှောင်သမား လက်ကျန်ထုတ်ရောင်းမှုရှိခြင်း၊ ပဲခွဲစက်နှင့် ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ပဲစဉ်းငုံ (နီ) ၃တင်း တစ်အိတ် ၂၄၀၀၀၀ကျပ်၊ ပဲစဉ်းငုံ(ဖြူ) ၂၁၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ မိုးပဲပုတ်အဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲပုတ် (မြန်မာ)၃တင်း တစ်အိတ် ၃၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ယခင်အပတ် ၃၀၀၀၀၀ကျပ်မှ ယခုအပတ် ၂၈၀၀၀၀ကျပ် သို့ဈေးနိမ့်သွားသည်။ ကုလားပဲ(လုံးဖြူကြီး/လုံးဝါကြီး)တို့မှာ တောင်သူထုတ်ရောင်းမှု ရှိ၍ အသစ်များဈေးကွက်အတွင်းဝင်ခြင်း၊ လုပ်ငန်းသမားနှင့်ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ကုလား ပဲ(လုံးဖြူကြီး) ၃တင်းတစ်အိတ် ၂၃၂၀၀၀ ကျပ် လုံးဝါကြီး ၂၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ခွဲခြမ်းမှာလည်း တစ်ပိဿာ ၅၈၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မြေထောက်ပဲမှာ မုံရွာဘက်မှ အသစ်များ ဝင်ရောက်ပြီး ၃တင်းတစ်အိတ် ၂၄၅၀၀၀ကျပ်၊ အညာဘက်မှ ဝင်သော ပဲ အရည်အသွေးပေါ်မူတည်၍ ၂၁၀၀၀၀ကျပ်မှ ၂၇၀၀၀၀ ကျပ်ဖြင့် ပဲကြော်/လှော် လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိသည်။ ပဲယင်းမှာ အသစ်မဝင်သေးခြင်း၊ ပဲခွဲစက်နှင့် ကြာဇံသမားအဝယ် နည်းခြင်းကြောင့် အရောင်းအဝယ်အေးကာ ၃တင်းတစ်အိတ် ၂၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားတော်ပဲ(ကျွန်း)မှာ လက်ကျန်နည်း ပစ္စည်းရှားခြင်း၊ ဈေးမြင့်လွန်းသဖြင့် လက်လီသမားအဝယ်နည်းခြင်းကြောင့် အရောင်းအဝယ် အေးခြင်းကြောင့် ပေါက်ဈေးနှုန်းထွက်ရှိခြင်း မရှိပါ။ စားတော်ပဲ(ကနေဒါ)များကိုသာ လက်လီသမားများ အဝယ်များပြီး ၃တင်းတစ်အိတ် ၃၂၀၀၀၀ကျပ်၊ အရည် အသွေးကောင်းအရောင်းလှ ၄၂၀၀၀၀ ကျပ်များသာ ရောင်းဝယ်မှုများသည်။ ကျောက်တွင်းဘက်မှ အသစ်များဝင်ရောက်မှုရှိခြင်းကြောင့် အရည်အသွေး ကောင်းပြီး ပဲကြော်/လှော်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၆၀၀၀၀၀ ကျပ်မှ ၆၅၀၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲကြီး(သေး) ၅၃၀၀၀၀ကျပ်မှ ၅၀၀၀၀၀ ကျပ်သို့ အသီးသီး ဈေးနိမ့်သွား သည်။ ထောပတ်ပဲ(ကြီး/သေး)တို့မှာ အညာဘက်မှ အသစ်များ စတင်ဝင်ချိန်နီးခြင်း၊ လှောင်သမား ထုတ် ရောင်းမှုရှိခြင်း၊ ပဲကြော်/လှော်လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၂၆၅၀၀၀ကျပ်၊ ထောပတ်ပဲ (သေး) ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲလွန်းဖြူ/ပြာ များလည်း အသစ်ဝင်ချိန်နီးခြင်း၊ စတင်ဝင်ရောက်စပြုခြင်း၊ လှောင်သမားထုတ်ရောင်း မှုရှိခြင်းကြောင့် ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၂၈၀၀၀၀ ကျပ်၊ ပဲလွန်းပြာ ၂၅၀၀၀၀ကျပ်ဖြင့် လက်လီသမားများ ဝယ်ယူမှုရှိသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်
မုံရွာ၊ ချောင်းဦးမှ ငရုတ်စို(ရှည်)နှင့် မိုးမျှော်သီးများ ဝင်ရောက်ပြီး ငရုတ်စို (ရှည်)တစ်ပိဿာ ၆၀၀၀ကျပ်၊ မိုးမျှော်တစ်ပိဿာ ၁၄၀၀၀ကျပ်၊ ငရုတ်စို(လတ်)၇၀၀၀ကျပ်ဖြင့် မြို့တွင်း ငပိထောင်း၊ လက်ဖက်သမားများ ပုံမှန်ဝယ်ယူမှုရှိသည်။ ရှမ်းတောင်ခရမ်းချဉ်မှာ ၂၀ ပိဿာ တစ်သေတ္တာ ၆၀၀၀၀ မှ ၇၀၀၀၀ကျပ်အထိ အရည်အသွေး ပေါ်မူတည်ရောင်းချသည်။ ဂေါ်ဖီထုပ်တစ်ထုပ် ၁၅၀၀ကျပ်၊ ပန်းမုံလာ အရည် အသွေးပေါ်မူတည် ၁၀၀၀မှ ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၁၀၀ကျပ် ဈေးဖြင့် စားသောက်ဆိုင်နှင့် မြို့တွင်းသုံးဝယ်ယူမှု ပုံမှန်ရှိသည်။ ရွာငံဘက်မှ ထောပတ်သီး ၁၂၀လုံးပါ တစ်အိတ် ၂၅၀၀၀ကျပ်၊ မန္တလေး ဝန်းကျင်မှ သခွားမွှေးများ အဝင်နည်းနေပြီး ရွှေသခွားများ ဝင်ရောက်သော်လည်း အရည် အသွေးညံ့သောကြောင့် တစ်လုံး ၁၅၀၀ကျပ်ဖြင့် မြို့တွင်းသစ်သီးဆိုင်များ ဝယ်ယူမှုရှိသည်။ သင်္ဘောသီးများ ၂လုံးတွဲ တစ်ထုပ် ၂၀၀၀ကျပ်၊ ရမည်းသင်းစပျစ်သီးများ BK တစ်ပိဿာ ၁၂၀၀၀ကျပ်၊ အာဂျီသီးအလုံးကြီး တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ သီပေါဘက်မှ လိမ္မော်သီးများ အရည် အသွေးအလိုက် ၁၀၀ ပိဿာ ၃၅၀၀၀၀ကျပ်မှ ၈၅၀၀၀၀ကျပ်ဖြင့် မန္တလေးဝန်းကျင် အမှာရှိသောမြို့များ ပြင်ဦးလွင်၊ ကျိုက်ထို စသောမြို့များသို့ တင်ပို့သည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်းဈေးကွက်
မြင်းမူ၊ မြောင်၊ မုံရွာ၊ ဆားတောင်၊ ဘုတလင်ဘက်မှ ဂျုံများမှာ အရည်အသွေး ပေါ်မူတည်၍ ၂၃၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်၊ အထွက်တိုးဂျုံမှာ ၁၉၀၀၀၀ကျပ်၊ ကလေးဂျုံ ၂၀၀၀၀၀ကျပ်၊ ပန်ဆိုင်ကြူကုတ်ဂျုံ ၁၉၅၀၀၀ ကျပ်၊ ရှမ်းဂျုံ ၂၀၀၀၀၀ ကျပ်ဖြင့် ဂျုံစက်များ အဝယ်နည်းပြီး အရောင်းအဝယ်အေးနေသည်။ လက်လီမုန့်လုပ်ငန်းသမားများ အနေဖြင့် ဩစတေးလျဂျုံမှုန့်မှာ တစ်ပိဿာ ၃၈၅၀ကျပ်ဖြင့် ဝယ်ယူမှုများသည်။ အစေ့ထုတ်ပြောင်းထွက်ရှိရာ ဒေသသို့ တိုက်ရိုက်ဆင်းဝယ်ယူမှုများခြင်းကြောင့် ဈေးကွက်အတွင်း အဝင်နည်းခြင်း၊ မိုးစိုက်အဝင်နည်း၍ အစာစပ်သမား ပုံမှန်ဝယ်ယူမှုရှိခြင်း၊ ဆောင်းစိုက် များဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၇၄၀၀၀ကျပ်မှ ယခု အပတ် ၇၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ခင်မေကြည်