ရန်ကုန်ဈေးကွက်
(၁၀-၁၂-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်
ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၈၅၀၀၀ ကျပ်နှုန်းဖြင့်၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်း၊ ဇီယာဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်း၊ငစိန်ဆန် ဟောင်းအလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့်၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းအကြမ်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၄၇၀၀၀ကျပ်နှုန်းဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ရွှေဘိုပေါ်ဆန်းဆန်တစ်မျိုးသာ ယခင်လနှင့် နှိုင်းယှဉ်ပါက ဆန်တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာခဲ့ပြီးကျန် ဆန် အမျိုးအစားအားလုံး ယခင်လဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ရွှေဘိုပေါ် ဆန်း ဆန်မှာ ဆန်ဟောင်းလက်ကျန်များလက်ကျန်အလွန်နည်းလာချိန်ဖြစ်ခြင်း၊ လှောင်လက်များ လက်ဝယ်သာဆန်ရှိခြင်း၊ ဆန်သစ်အချို့ စတင်ရိတ်သိမ်းမှုရှိလာချိန်တွင်ပေါ်ဦးပေါ်ဖျား ရောင်းလိုသော စက်ပိုင်များသည် စိုက်ပျိုးထွက်ရှိရာဒေသများသို့ ကိုယ်တိုင်ဆင်း၍ တိုက်ရိုက် ဝယ်ယူမှုများရှိလာခြင်းတို့ကြောင့် ရွှေဘိုပေါ်ဆန်းဆန်စပါးဈေး၊ ဆန်ဟောင်းဈေးနှင့် ဆန်သစ် ဈေးနှုန်းများ သိသာစွာဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ပြည်ပပို့ဆန်ဈေးကွက်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းနေခြင်း၊ ပြည်တွင်း/ ပြည်ပမှ ဝယ်လိုအားပုံမှန်ရှိခြင်း၊ တရုတ်၊ မဒါဂက်စကာ၊ပိုလန်၊ ချက်ရီပက်ဘလစ်၊ ဗီယက်နမ်၊ တီမောလက်စတီ၊ စလိုဗေးနီးယား၊ အီတလီ၊ တူရကီ၊ နယ်သာလန်နိုင်ငံများအပြင် အခြားသော နိုင်ငံ ၂၀ ခန့်သို့ ပုံမှန်တင်ပို့မှုရှိခြင်းတို့ကြောင့်လည်းကောင်း၊ကျန်ဆန်အမျိုးအစားအားလုံး ရောင်းလိုအား၊ ဝယ်လိုအားမျှနေခြင်းနှင့် ဆန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်စေရေးအလို့ငှာ စားသုံးသူများထံသို့ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ကားများလှည့်လည်ရောင်းချပေးလျက်ရှိခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့သည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းဈေးကွက်
ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်း မွေးမြူရေး အစားအစာနှင့် အရက်ချက်စက်ရုံများ၏ ဝယ်လိုအားရှိလာခြင်း၊ ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ကြက်မွေးမြူရေးလုပ်ငန်းများ တိုးတက်လာခြင်း၊ ဝက်မွေးမြူရေးလုပ်ငန်း နာလန်ထူလာခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းချက်များထွက်ပေါ်လာခြင်း၊ ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ် တင်သွင်းရန် အချိန်နီးကပ်လာခြင်းကြောင့် လှောင်လက်အချို့ ဝယ်ယူမှုရှိခြင်းစသည့် အခြေအနေများကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ယခင်လထက် မြင့်မားလာခဲ့ပြီး ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်လ၏ ပျမ်းမျှ ဈေးနှုန်းမှာ ၇၇၂၂၀ ကျပ်ဖြစ်ပြီး ဒီဇင်ဘာလ၏ ပထမအပတ်နှင့် ဒုတိယရက် သတ္တပတ်၏ ဈေးနှုန်းမှာ ၇၈၃၀၀ ကျပ်ဖြစ်သည်။
စားဖိုဆောင်သီးနှံဈေးကွက်
ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲငရုတ်ခြောက် အဟောင်းစနှင့် အအေးခန်းလှောင်စများ၊ မြားနီငရုတ်ခြောက်အဟောင်းနှင့် အအေးခန်းလှောင်စများ၊ ရှမ်း(ရှည်)ငရုတ်ခြောက်များ ဈေးကွက်သို့ ကုန်အဝင်နည်းခြင်းနှင့် အရည်အသွေးကောင်းခြင်း၊ စားသုံးသူများမှ ဝယ်လိုအား များခြင်းကြောင့်လည်းကောင်း၊ငရုတ်ခြောက်(လတ်)မှာ ပျော်ဘွယ်မိုးထောင် တစ်မျိုးတည်းသာ ကုန်အဝင်ရှိခြင်းနှင့် ကုန်အဝင်နည်းခြင်းကြောင့် ၎င်းငရုတ်ခြောက်(ရှည်၊လတ်)များ ဈေးမြင့်ခဲ့ ကြသည်။ ငရုတ်ခြောက်(ပွ)မှာ ဆင်ဖြူကျွန်း(ပု)၊ ဇီပွ(ပု)နှင့် မြစ်ဝ(ပု)အနည်းငယ်မျှသာ ဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ ကုန်အဝင်မရှိသလောက်နည်းခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားနည်းခြင်း၊ ရောင်းလိုအား ဝယ်လိုအားမျှနေခြင်းကြောင့် ယခုအပတ် ဈေးနှုန်း များဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ငရုတ်ခြောက်(ရှည်၊လတ်၊ ပွ) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၁၂၂၅၀-၁၄၀၀-၂၆၇၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၃၇၅၀-၁၄၂၅၀-၂၆၇၅၀ ကျပ်ဖြစ်သည်။
ကြက်သွန်နီ(ထူးနှင့်သေး)မှာ ကုန်အဝင်များခြင်း၊ အဟောင်းစ များ အစို့အညှောင့်ပေါက်လာခြင်း၊ စားသုံးသူ ဝယ်လိုအား နည်းလာခြင်းတို့ကြောင့် ယခင် အပတ်ထက်ဈေးနိမ့်ခဲ့သည်။ ကြက်သွန်နီ(လတ်)မှာ ကုန်အဝင်နည်းခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးမြင့်လာခဲ့သည်။ ကြက်သွန်နီ (ထူး၊လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၁၃၁၃-၇၅၀-၄၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၃၀၀-၈၀၀-၃၇၅ ကျပ်ဖြစ်သည်။ ရန်ကုန် ဈေးကွက်သို့ ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ တောင်သာဒေသများမှ ကုန်ဝင်ရောက်မှုများခဲ့ကြောင်း သိရသည်။ ကြက်သွန်ဖြူ(ရှမ်း)နှင့် ကြက်သွန်ဖြူ (ကြူကုတ်)မှာ ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၅၀၀၀ ကျပ်ဖြစ်ပြီး ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၁၈၀၀၀ ကျပ်ဖြစ်သည်။ ရှမ်းအာလူးနှင့် တရုတ်အာလူးများ ယခင်လထက်ဈေးနိမ့်လာခဲ့ပြီး အာလူး(Ok ၊ S1 ၊ S2)တစ်ပိဿာလျှင် ယခင်အပတ်နှင့် ယခုအပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၃၀၀- ၃၈၀၀-၄၈၀၀ ကျပ်ဖြစ်သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင်အပတ်နှင့်ယခုအပတ် ပျမ်းမျှဈေးနှုန်းမှာ ၅၅၀၀ ကျပ်ဖြစ်သည်။
စားသုံးဆီဈေးကွက်
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၁၄၀ ကျပ်ဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီ တစ် ပိဿာ၏ ပြင်ပပေါက်ဈေးမှာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း