မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ ‘ချင်း မြို့တော်’ ဖြစ်လာရန် လမ်းကြောင်းပေါ် ရောက်ရှိနေ

မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ ‘ချင်း မြို့တော်’ ဖြစ်လာရန် လမ်းကြောင်းပေါ် ရောက်ရှိနေ

မီဇိုရမ် ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းချင်းသီးနှံဗဟိုချက် (Ginger hub) အဖြစ် လျင်မြန်စွာ ပေါ်ထွက်လာပြီး စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ သုခချမ်းသာရေးဝန်ကြီးဌာန (Ministry of Agriculture and Farmers’ Welfare) နှင့် NITI Aayog တို့က ပြည်နယ်အား နိုင်ငံ၏ “ချင်းသီးနှံမြို့တော်” (Ginger Capital) အဖြစ် မြှင့်တင်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း၊ အဆိုပါ လုပ် ဆောင်ချက်သည် ပြည်နယ်၏ အဓိကသီးနှံဖြစ်သော ချင်းသီးနှံ၏ ထုတ်လုပ်မှု၊ အမှတ် တံဆိပ်နှင့် ဈေးကွက်ရောက်ရှိမှုကို မြှင့်တင်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆိုပြုချက်သည် New Delhi မြို့တော်တွင် NITI Aayog နှင့် Mizoram အစိုးရတို့ ပူးပေါင်းစီစဉ်ကျင်းပသော Mizoram ပြည်နယ်၏ ချင်းသီးနှံကဏ္ဍဆိုင်ရာ အဆင့်မြင့် အကြံဉာဏ် ရယူပွဲတွင် အရှိန်အဟုန်ရ လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် တောင်သူလယ် သမား ထုတ်လုပ်သူအဖွဲ့အစည်းများ၊ ထုတ်လုပ်မှုကဏ္ဍဆိုင်ရာ အသင်း အဖွဲ့များနှင့် တင်ပို့သူများမှ ကိုယ် စားလှယ်များသည် ဈေးကွက်ချိတ် ဆက်မှုများ ခိုင်မာစေရန်၊ ပြုပြင်ထုတ်လုပ်မှု အခြေခံအဆောက် အအုံများမြှင့်တင်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် မဟာဗျူဟာ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Mizoram ပြည်နယ်၏ ချင်းသီးနှံသည် ပြည်နယ်အစိုးရ၏ ‘Bana Kaih’ အစီအစဉ်နှင့် ၁ ကီလိုဂရမ်လျင် ရူပီး ၅၀ နှုန်းဖြင့် သတ်မှတ်ထားသော အနိမ့်ဆုံးပံ့ပိုးဈေးနှုန်း (MSP) အောက်တွင် အထောက်အပံ့ပေးထားကာ ပြီးခဲ့သည့် နှစ်နှစ်အတွင်း သိသိသာသာ တိုးချဲ့ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများက ထုတ်ကုန်၏ သဘာဝအရည် အသွေးကို ထိန်းသိမ်းခြင်း၊ ခေတ်မီပြုပြင်ထုတ် လုပ်မှုနည်းပညာများကို လက်ခံကျင့်သုံးခြင်းနှင့် ပြည်တွင်း ပြည်ပ ဈေးကွက်များကို ကွဲပြားအောင် လုပ်ဆောင်ခြင်းတို့သည် ခိုင်မာ သော အမှတ်တံဆိပ် အထောက်အထားကို တည်ဆောက်ရန်အတွက် အဓိကကျမည်ဟု မှတ်ချက်ပြုခဲ့ကြကြောင်း သိရသည်။

ဝန်ကြီးချုပ် Lalduhoma က မီဇိုရမ် ပြည်နယ်၏ အရည်အသွေး မြင့် ချင်းသီးနှံသည် ပြည်နယ်အား အိန္ဒိယ၏ ထိပ်တန်းထုတ်လုပ်သူများအလယ် နေရာရစေခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက စိုက်ပျိုး ရေးကို ရေရှည်တည်တံ့ပြီး အကျိုး အမြတ်ရှိသော လုပ်ငန်းတစ်ခု ဖြစ်လာစေရန် ကြိုးပမ်းနေသည့် လက်ရှိလုပ်ဆောင်မှုများကို အလေး ပေးပြောကြားခဲ့ပြီး ချင်းသီးနှံကဏ္ဍတွင် သာမက အခြားစိုက်ပျိုးရေးအခြေခံနှင့် တန်ဖိုးမြှင့်ကဏ္ဍများတွင်ပါ ပုဂ္ဂလိကပါဝင်မှုကို ဆွဲဆောင်ရန် ရည်ရွယ် သည့် မြှင့်တင်ထားသော ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ် လုပ်မှုကဏ္ဍဆိုင်ရာ မူဝါဒများကို မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။

အဆိုပါ အကြံဉာဏ်ရယူပွဲသည် ပိုမိုခိုင်မာသော စီးပွားရေးချိတ်ဆက်မှုများ ဖန်တီးရန်နှင့် ပြည်နယ်၏ ထုတ်ကုန်များကို နိုင်ငံတော်နှင့် နိုင်ငံတကာဈေးကွက်များသို့ ပြသရန် ရည်ရွယ်သည့် ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်နေ့အထိ Aizawl မြို့တော်တွင် ကျင်းပရန် စီစဉ်ထားသော ချင်းဝယ်သူ-ရောင်းချသူ တွေ့ဆုံပွဲအတွက် လည်း အခြေခံအုတ်မြစ်တစ်ခုဖြစ်စေခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ NITI Aayog ၏ ပူးတွဲအတွင်းရေးမှူး Rohit Kumar၊ APEDA ဥက္ကဋ္ဌ Abhishek Dev၊ အစားအသောက်ပြုပြင်ထုတ်လုပ်မှုကဏ္ဍ အတွင်းရေး မှူး A.P. Das Joshi၊ Ayush အတွင်းရေးမှူး Vaidya Rajesh Kotecha၊ စိုက်ပျိုးရေးဌာနအတွင်း ရေးမှူး Devesh Chaturvedi၊ Mizoram အလုပ်သမားဝန်ကြီး Lalnghinglova Hmar နှင့် အကြီးတန်းအတွင်းရေးမှူး K.R. Meena အပါအဝင် စုစုပေါင်း ၆၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကောင်းထွဋ်အောင်     

News Arena India (NAI), Mizoram on track to become India’s ‘Ginger Capital’, Nov 26, 2025.