သမားရိုးကျမွေးမြူရေးမှ ခေတ်မီမွေးမြူရေးစနစ်ဖြင့် တိုးချဲ့မွေးမြူနိုင်ရေးနှင့် အဆင့်မြင့် ကုန်ချောများထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဒီဇင်ဘာ ၁၀ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာရှိ GOOD BROTHER Co.,Ltd နို့စားနွားမွေးမြူရေးခြံတွင် ဘရာမင် မျိုးမြှင့်တင် နွားသားပေါက်များ၊ မျိုးနွားသိုးများနှင့် မျိုးမြှင့်တင်ရေးဆောင်ရွက်နေသည့် ဒေသနွားများ မွေးမြူထားရှိမှု ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျိုးရည်ခဲချောင်းဖြင့် နွားမျိုးမြှင့်တင် သားဖေါက်နေမှု၊ နွားစာမြက်စိုက်ပျိုးထားရှိမှု ၊ နွားနောက်မွေးမြူထားရှိမှု နှင့် GBS Co.Ltd အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်ရှိသော နွားများအား မွေးဖက်ပေး မွေးမြူထားရှိမှု၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကာကွယ်ဆေး ထိုးပေးခြင်း ၊ ဆေးဝါး ထောက်ပံ့ပေးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသဝမ်းစာ ဖူလုံရေးနှင့် ဈေးကွက်လိုအပ်ချက် ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး ဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
အလားတူ အောင်လံမြို့နယ်၊ ထရော်ကုန်းရပ်ကွက်ရှိ (စူပါမလိုင်) လုပ်ငန်း၏ မလိုင်လုံး၊ မလိုင်ခဲ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ်ကွင်းဆက် တစ်လျှောက်တွင် ပါဝင်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ၎င်းနောက် ဇေယျဝတီရပ်ကွက်ရှိ မွေးမြူရေးတောင်သူ ဦးစိုးလွင်၏ နို့စားနွားမွေးမြူရေး ခြံတွင် နို့စားနွား(၂၁)ကောင် မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေး စနစ်နှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး၊ သမားရိုးကျ မွေးမြူရေးမှ ခေတ်မီမွေးမြူရေး စနစ်သို့ ကူးပြောင်းဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။
ဒုတိယဝန်ကြီးသည် အောင်လံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန အောက်ရှိ မြို့ နယ် စိုက်ပျိုးမွေးမြူရေး တာဝန်ခံများနှင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၂) ဧည့်ခန်းမတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံ၍ ပြည်တွင်း စားသုံးဆီဖူလုံရေးမျှော်မှန်းချက် အောင်မြင်စေရန် နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန်ကိစ္စရပ်များ၊ အခြားဝင်ငွေရသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု လျော့ ကျခြင်း မရှိစေရန် နေကြာသီးနှံ ဖြစ်ထွန်းအောင်မြင်နိုင်သည့် ဒေသများကို ရွေးချယ်၍ စိုက်ပျိုးမြေ အရည်အသွေးစစ်ဆေးပေးခြင်း၊ လိုအပ်ပါက မြေဆီအာဟာရ ထည့် သွင်းခြင်းနှင့် စိုက်ပျိုးမြေ ပြုပြင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ သွင်းအားစုနှင့် လိုအပ်ချက်များ ဖြည့် ဆည်းကူညီကြပ်မတ်၍ တောင်သူ အကျိုးရှိ စေမည့် သီးနှံအထွက်နှုန်းနှင့် လက်တွေ့ထိရောက်သော စားသုံးဆီ ထုတ်လုပ်မှု ဖြစ်စေရေး ဆောင်ရွက်ကြရန်၊ နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု မြင့်မားလာစေရေးနှင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှု လျော့ချ နိုင်ရေးအတွက် မေထုန်မဲ့သားစပ် လုပ် ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်မြို့၊ အောင်မြေရွာရှိ မွေးမြူရေးတောင်သူ ဦးလင်းသက်အောင်၏ အသားတိုးကြက်မွေးမြူရေး ခြံတွင် အသားတိုးကြက် ၁၅၀၀၀ မွေးမြူထားမှုကိုလည်းကောင်း၊ လက်ပံတန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ မွေးမြူရေး တောင်သူ ဦးလှရွှေ ၏ San Jin, MRC ဥစားကြက် ၁၃၅၀၀၀ မွေးမြူထားပြီး ဒေသတွင်း ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်း ခွင် ဆောင်ရွက်သူများ ကူးစက် ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
MOALI