ထူးခြားသည့် ဝိသေသလက္ခဏာများနှင့် တဖြည်းဖြည်းရေပန်းစားလာမည့် ကော်ဖီမျိုး လိုက်ဘရီကာ

လိုက်ဘရီကာကော်ဖီ (Liberica Coffee) သည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိက အသုံးပြုသည့် မျိုးလေးမျိုးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး (Rubiaceae) မျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Coffea liberica ဖြစ်ပါသည်။ ၎င်း၏ မူလဇာတိမှာ အနောက်နှင့် အလယ်အာဖရိကဒေသ ဖြစ်သော်လည်း ကိုလံဘီယာ (Colombia)၊ ဗင်နီဇွဲလား (Venezuela)၊ ဖိလစ်ပိုင် (Philippines)၊ ဘော်နီယို (Borneo Island) နှင့် ဂျားဗား (Java Island) ကျွန်းများ အပါအဝင် အရှေ့တောင်အာရှဒေသများထိ ပျံ့နှံ့ကာ ရှင်သန်ပေါက်ရောက်လာခဲ့ပါ သည်။ အဆိုပါကော်ဖီမျိုးကို ဖိလစ်ပိုင် (Philippines) နှင့် မလေးရှား (Malaysia) နိုင်ငံတို့တွင် အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ၁ ဒသမ ၅ - ၂ ရာခိုင်နှုန်းထိ ရှိပါသည်။ လိုက်ဘရီကာကော်ဖီမျိုးသည် ရေပန်းစားသည့်ကော်ဖီမျိုးများဖြစ်သော အာရေးဗီးကားကော်ဖီ (Arabica) နှင့် ရိုဘတ်စတာကော်ဖီ (Robusta) မျိုးများနှင့်မတူပဲ ကွဲထွက်လျက် တစ်မူ ထူးခြားသော ကော်ဖီမျိုးတစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် အဆိုပါ လိုက်ဘရီကာကော်ဖီမျိုး ရှင်သန်ဖြစ်ထွန်းနိုင်ကြောင်းကို ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စမ်းသပ် စိုက်ပျိုးထားရှိခဲ့သော လိုက်ဘရီကာကော်ဖီပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုကို လေ့လာကြည်ရှု့ပြီး သိရှိနိုင်မည်ဖြစ်ပါသည်။
လိုက်ဘရီကာကော်ဖီသည် ပူပြင်းစွတ်စိုသော အပူပိုင်းဒေသ မြေပြန့်ရာသီဥတုတွင် ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးပါသည်။ ၎င်းကို ပင်လယ်ရေမျက်နှာပြင် မှ မီတာ ၉၀၀ (၂၉၅၃ ပေ) အမြင့်အထိ၊ အပူချိန် ၂၁ မှ ၃၀°C (၇၀ မှ ၈၆°F) ကြား၊ နှစ်စဉ် မိုးရေချိန် ၁၂၅၀ မှ ၃၅၀၀ မီလီမီတာ (၄၉ မှ ၁၃၇.၈ လက်မ) ကြားရရှိသည့် ဒေသရေမြေရာသီဥတုတွင် စိုက်ပျိုးနိုင်သည်။ ၎င်း၏ ရှယ်လျားကျယ်ပြန့်သော အမြစ်စနစ်ကြောင့် မြေဆီလွှာအမျိုးမျိုးတွင် ရှင်သန် ကြီးထွားနိုင်ပြီး အခြားကော်ဖီမျိုးစိတ်များထက် ပိုမိုကြံ့ခိုင်ကာ မိုးခေါင်ရေရှားဒဏ်ကို ခံနိုင်ရည် ရှိပါသည်။ ဤမျိုးစိတ်သည် ဟန်မီလီယားဗက်စ်စတာထရစ်မှို (Hemileia vastatrix) ကြောင့်ဖြစ်သော ကော်ဖီသံချေးမှိုရောဂါ (Coffee Leaf rust disease) အပါအဝင် ရောဂါများ နှင့် ပိုးမွှားများကို အလွန်အမင်း ခံနိုင်ရည်ရှိခြင်း၊ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် (Climate Change) ရင်ဆိုင်ရချိန်တွင် ရောဂါပိုးကျရောက်လွယ်သည့် အာရေးဗီးကား (Arabica) နှင့် ရိုဘတ်စတာ (Robusta) အပင်များအား အစားထိုးရန်အတွက်ရွေးချယ်စရာ တစ်ခု ဖြစ်လာစေ ပါသည်။ လိုက်ဘရီကာကော်ဖီမျိုးသည် ကော်ဖီမျိုးများစွာထဲတွင် တောင့်တင်းသန်မာသည့် မျိုးတစ်မျိုး ဖြစ်သည့်အတွက် ပိုးမွှားနှင့်ရောဂါဒဏ်ကိုခံနိုင်ရည် ရှိပြီး ရာသီဥတုအပြောင်း အလဲဖြစ်မှုဒဏ်ကို ခံနိုင်ရည်ရှိ ပါသည်။ ၎င်း၏ အရွက်နှင့်ချယ်ရီသီးများသည် အခြားမျိုးများထက် သိသာစွာ ကြီးမားပြီးရှည်လျားကြပါသည်။
အခြားကော်ဖီမျိုးများသည် အပင်ပု၍ ချုံပုတ်သဏ္ဍာန်ရှိသော်လည်း လိုက်ဘရီကာ ကော်ဖီမျိုးသည် အလွန်မြင့်မားစွာကြီးထွားနိုင်ပြီး အမြင့်ပေ ၆၅ (မီတာ ၂၀) အထိ မြင့်မားနိုင်ခြင်းသည် ဤမျိုး၏ ထူးခြားချက်ဖြစ်ပါသည်။ ၎င်း၏ အရွက်များမှာ ကြီးမား၍ ခြောက်သွေ့မာကြောပြီး ဘဲဥပုံ သဏ္ဍာန် ရှိပါသည်။ ရွက်ပြား၏ အနားပိုင်းသည် လှိုင်းတွန့်သဏ္ဍာန် ဖြစ်နေကာ အရွက်ကြောအကြားတွင် ဖောင်းကြွနေသဖြင့် တွန့်ရှုံ့နေသကဲ့သို့ ဖြစ်နေပါသည်။ လိုက်ဘရီကာကော်ဖီသည် တနှစ်ပတ်လုံး ပန်းပွင့်သည့် သဘော သဘာဝရှိပြီး ပန်းရနံ့မှာလည်း အခြားကော်ဖီမျိုးများထက် ပိုမိုမွှေးကြိုင်ပြီး ပိုပြင်းပါသည်။ ပန်းပွင့်ချိန်မှ အသီးရင့်မှည့်ချိန် ကာလသည် ၁၂ - ၁၄ လထိ ကြာမြင့်ပါသည်။ ထို့ကြောင့် ကော်ဖီသီးမှည့်များကို ၎င်းတို့ ရင့်မှည့်မှု အရ တနှစ်ပတ်လုံး ရွေးချယ်ခူးဆွတ်ရန် လိုအပ်ပါသည်။ ထိုသို့ တနှစ်ပတ်လုံး ပန်းပွင့်သည့် သဘောသဘာဝရှိခြင်း၊ အလွန်မြင့်မားစွာကြီးထွားနိုင်ခြင်းတို့ကြောင့် လိုက်ဘရီကာကော်ဖီအား ရိုဘတ်စတာကော်ဖီမျိုးနှင့်တွဲဖက်၍ သီးရောစနစ် (Intercropping System) ဖြင့် ကော်ဖီ စိုက်ပျိုးပါက ရိုဘတ်စတာကော်ဖီအား ဝတ်မှုန်ကူးခြင်းရာခိုင်နှုန်း (Pollination Percentage) ပိုမိုလာစေပြီး အသီးတင်မှုရာခိုင်နှုန်း (Fruit Setting Percentage) ပိုမိုလာနိုင်စေမည် ဖြစ်သလို ၎င်း၏ ပြင်းရှသောရနံကြောင့် ၎င်းနှင့်တွဲဖက် စိုက်ပျိုးသည့် ကော်ဖီမျိုး၏ သောက်သုံးမှု အရည်အသွေးအပေါ် ကောင်းမွန်သည့် ရနံ့ဖြစ်ပေါ်မှုကို မျှော်လင့်နိုင်မည် ဖြစ်ပါသည်။ ထို့အတူ လိုက်ဘရီကာကော်ဖီအား အကူအရိပ် (Secondary Shade) အဖြစ် အသုံးချနိုင်မည်ဖြစ်သလို လိုက်ဘရီကာမှလည်း ထပ်ဆောင်း၍ ကော်ဖီသီးများ ခူးဆွတ်ရရှိနိုင်မည်ဖြစ်ပါသည်။
လိုက်ဘရီကာကော်ဖီစေ့များသည် ကော်ဖီမျိုးစိတ်အားလုံးထဲတွင် ကော်ဖီစေ့အကြီးဆုံး မျိုးများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ လိုက်ဘရီကာကော်ဖီစေ့၏ ပုံသဏ္ဍာန်မှာ အချိုးမညီပဲ တဖက်တိုပြီး တဖက်ရှည်ကာ မျက်ရည်စက် ပုံသဏ္ဍာန်ရှိသဖြင့် ထူးခြားသည့်သဏ္ဍန် ရှိနေပါသည်။ ကော်ဖီဆံ၏ ထိပ်ဖျားတွင် "ချိတ်" ကဲ့သို့ ကွေးနေသော ပုံစံလက္ခဏာ ရှိပါသည်။ မျိုးရိုးဗီဇအရ လိုက်ဘရီကာ ကော်ဖီသည် ကရိုမိုဆုမ်း ၂၂ စုံပါသည့် ဒီပလွိုက် (diploid) မျိုးစိတ်တစ်ခု ဖြစ်ပါသည်။
လိုက်ဘရီကာကော်ဖီ၏ ရှားပါးသည့်အရည်အသွေးများကြောင့် အထူးတန်းဝင်ကော်ဖီ လေလံတင် ရောင်းချသည့်ဈေးကွက်တွင် အာရေဗီးကားကော်ဖီထက် ဈေးနှစ်ဆ ပိုမိုရရှိပါသည်။ ကော်ဖီချယ်ရီသီး၏ ဖွဲ့စည်းတည်ဆောက်ပုံကိုကြည့်မည်ဆိုပါက အာရေဗီးကားနှင့်ရိုဘတ်စတာ ကော်ဖီမျိုးများတွင် အနှစ် (pulp) ၄၀ ရာခိုင်နှုန်းနှင့် အဆံ (parchment) ၆၀ ရာခိုင်နှုန်းရှိပြီး လိုက်ဘရီကာကော်ဖီမျိုးတွင် အနှစ် (pulp) ၆၀ ရာခိုင်နှုန်းနှင့် အဆံ (parchment) ၄၀ ရာခိုင်နှုန်းရှိသောကြောင့် ထူးခြားမှုရှိသည့် မျိုးတစ်မျိုး ဖြစ်ပါသည်။ ထိုသို့ထူးခြားသည့် ချယ်ရီသီး၏ ဖွဲ့စည်းတည်ဆောက်မှုကြောင့် သကြားဓါတ် ပိုမိုပါဝင်စေပြီး သဘာဝအခြောက်ခံ နည်း (Natural Dry Processing Method) ဖြင့် ကော်ဖီပြုပြင်ထုတ်လုပ်ပါက အချိုဓာတ်ပိုကဲ၍ သစ်သီးရနံ့ (ပိန္နဲသီးရနံ့)ကို ရရှိစေပါသည်။
လိုက်ဘရီကာကော်ဖီအား ၎င်းအစပြုရှင်သန်ပေါက်ဖွားရာနိုင်ငံဖြစ်သော လိုက်ဘေးရီး ယား (Liberia) နိုင်ငံအား အစွဲပြု၍ လိုက်ဘရီကာကော်ဖီ (Liberica Coffee) ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းသည် ၁၈ ရာစု နှောင်းပိုင်း ဥရောပကိုလိုနီလက်အောက်တွင် အရှေ့တောင်အာရှ နိုင်ငံများသို့ ပျံ့နှံခဲ့ပါသည်။ ထိုအချိန် ကာလသည် ကမ္ဘာ့ကော်ဖီလုပ်ငန်းအား ကော်ဖီသံချေးမှို ရောဂါ အကြီးအကျယ် ကူးဆက်ပျံ့ပွားမှုကြောင့် အာရေးဗီးကားကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားသော အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။
ကော်ဖီချစ်သူများအတွက် ကံကောင်းစေသည့်အချက်မှာ လိုက်ဘရီကာကော်ဖီသည် ထိုသို့ ဆိုးရွားပြင်းထန်သောကူးစက်ပြန့်ပွားမှုကို ခံနိုင် ရည်ရှိနေသောအချက်ဖြစ်ပါသည်။ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် ရိုဘတ်စတာကော်ဖီအစား လိုက်ဘရီကာ ကော်ဖီမျိုးကို အစားထိုး စိုက်ပျိုးထုတ်လုပ်လာခဲ့ကြပါသည်။ အဆိုပါအချက်ကြောင့် ဖိလစ်ပိုင် နိုင်ငံသည် နိုင်ငံ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ၉၀% ကို လိုက်ဘရီကာကော်ဖီ စိုက်ပျိုးခဲ့ခြင်း ကြောင့် ယခုအချိန်တွင် လိုက်ဘရီကာကော်ဖီကို အဓိက စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံ စာရင်းဝင် နေခြင်း ဖြစ်ပါသည်။ ယခုအခါ၌ လိုက်ဘရီကာကော်ဖီ အားလုံးသည် အရှေ့တောင်အာရှ တိုင်းပြည်များဖြစ်သော Philippines, Malaysia, နှင့် Indonesia နိုင်ငံ များမှ အဓိကထုတ်လုပ် နေခြင်းဖြစ်ပါသည်။ မလေးရှားနိုင်ငံသည် လိုက်ဘရီကာကော်ဖီကို အခြေခံ၍ ကော်ဖီအမျိုးမျိုးကို အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိရာ အထူးတန်းဝင်ကော်ဖီအမျိုးအစား ထုတ်လုပ်မှု တွင် မိုင်လိုက်ဘရီကာအမှတ်တံဆိပ် (My Librica Brand) သည် ထင်ရှားကျော်ကြားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံရှိ အထူးတန်းဝင်ကော်ဖီအမျိုးအစား ထုတ်လုပ်မှုတွင် ဂွတ်ကပ်အမှတ်တံဆိပ် (Good Cup Brand) သည် ထင်းရှားလူသိများပါသည်။
လိုက်ဘရီကာကော်ဖီကို အခြားကော်ဖီမျိုးများနှင့်မတူပဲ ထူးခြားစေသောအချက်မှာ ၎င်း၏ မြင့်မားသောဖွဲ့စည်းပုံ၊ ခံနိုင်ရည်ရှိသောသဘော သဘာဝနှင့် စိန်ခေါ်မှုရှိသောရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေအရင်းအမြစ်နည်းပါးချိန်တွင် ရေကိုရရှိစေမည့် ပိုမိုနက်ရှိုင်းပြီး ကျယ်ပြန်သော အမြစ်စနစ်တို့ ပါဝင်နေခြင်း ဖြစ်ပါသည်။ ထိုသို့ ခံနိုင်ရည်ရှိသော သစ်ပင် အမျိုးအစားဖြစ်သည့်အတွက် အခြားကော်ဖီမျိုးများ ခံနိုင်ရည်မရှိသော ပြင်းထန်သောရာသီဥတု၊ မြေနိမ့်ဒေသများနှင့် မြေဆီဩဇာ ညံ့ဖျင်း သော အခြေအနေများတွင် ရှင်သန်နိုင်ပြီး စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းဖြစ်ပါသည်။ ထိုသို့ နက်ရှိုင်းကျယ်ပြန့်သည့်အမြစ်စနစ် ရှိနေခြင်းကြောင့် ရေ နှင့် အစာအဟာရများကို ပိုမိုစုပ်ယူ နိုင်စေခြင်းသည် လိုက်ဘရီကာ ကော်ဖီကို ကိုင်းဆက်မျိုးပွားခြင်း (Grafting) ပြုလုပ်ရာတွင် အောက်ခံပင်အဖြစ် (Stock) အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ဓာတုဖွဲ့စည်းမှုအရ၊ လိုက်ဘရီကာကော်ဖီတွင် ကလိုရိုဂျီနစ်အက်ဆစ် (chlorogenic acid) ပါဝင်မှုသည် ရိုဘတ်စတာ (Robusta) ထက် နည်းသော်လည်း အာရေးဗီးကာ (Arabica) ထက် မြင့်မားပါသည်။ အဆိုပါဓာတ်သည် ကော်ဖီ၏ ခါးသက်မှု နှင့် ဖန်သောအရသာ (astringency) ကို လွှမ်းမိုး ပြောင်းလဲစေပါသည်။ ကဖိန်း (caffeine) ပါဝင်မှုမှာ ယေဘုယျအားဖြင့် အာရေဗီးကာနှင့် ရိုဘတ်စတာ ကြားတွင် ရှိနေတတ်သော်လည်း ၎င်းစိုက်ပျိုးရာပတ်ဝန်းကျင်နှင့် ပြုပြင် ထုတ်လုပ်သည့် နည်းလမ်းများ (processing methods) အပေါ် မူတည်၍ ကွာခြားမှုများ ရှိနိုင်ပါသည်။ ထူးခြားသော အနံ့ထုတ်လုပ်သည့် ဒြပ်ပေါင်းများ (unique volatile compounds) ဖြစ်သည့် မီသိုင်းကီတုန်း (methyl ketones) နှင့် လက်တုန်း (lactones) တို့ကဲ့သို့သော ဒြပ်ပေါင်းများသည် ၎င်း၏ ပြင်းထန်သော၊ ထင်ရှားသော ရနံ့ (bold aroma) ကို ဖြစ်ပေါ်စေပြီး၊ သစ်သားဆန်သော (woody)၊ မီးခိုးနံ့ရှိသော (smoky) သို့မဟုတ် ပန်းနံ့သင်းသော (floral) အဖြစ် ဖော်ပြလေ့ရှိကြပါသည်။ ဤရနံ့အမျိုးအစားမှာ ကော်ဖီလှော်သော နည်းစနစ် (roast profile) အပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။
လိုက်ဘရီကာကော်ဖီ၏ အမှန်တကယ်ထူးခြားပြီး ချိုမြိန်သောအရသာကို ပေးစွမ်းနိုင်ခြင်းသည် အခြားကော်ဖီ အမျိုးအစားများနှင့် အတော်လေးကွာခြားစေသည့် အချက်ဖြစ်ပါသည်။ လိုက်ဘရီကာကော်ဖီကို အများအားဖြင့် သဘာဝအတိုင်းပြုပြင်ထုတ်လုပ်လေ့ရှိသောကြောင့် ကော်ဖီချယ်ရီသီးများထဲ၌ သစ်သီးအချိုအနှစ်ဓါတ်များ ပိုမိုပါဝင်ခြင်းသည် အချဉ်ဖောက်ခြင်း ဖြစ်စဉ်ကြောင့် ပိုမိုချိုမြိန်စေပြီး သစ်သီးရနံ့ထူးကဲသောကော်ဖီရနံ့နှင့်အရသာကို ဖြစ်ပေါ်စေခြင်း ဖြစ်ပါသည်။ လိုက်ဘရီကာကော်ဖီသည် အာရေးဗီးကားကော်ဖီထက် ပိုမိုချိုမြိန်ပြီး ထူးကဲသော သစ်သီးအရသာနှင့် စံပယ်ပန်းရနံ့၊ နှင်းဆီပန်းရနံ့ကဲ့သို့သော ရနံ့များပေါင်းစပ်ထားသကဲ့သို့ ဖြစ်စေပါသည်။ ယင်းကော်ဖီသည် သောက်သုံးပြီးနောက် ချောမွေ့သော ခံတွင်းနံ့နှင့်သာယာသော ချိုမြိန်မှုအား ကြာရှည်စွဲကျန်မှုကို ပေးစွမ်းနိုင် ပါသည်။
ထိုသို့ ထူးခြားသော ဝိသေသလက္ခဏာများဖြစ်သော အလွန်မြင့်မားစွာ ကြီးထွားမြင့်မား နိုင်ခြင်းနှင့် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော အမြစ်စနစ်တို့ရှိခြင်းကြောင့် အခြားကော်ဖီမျိုးများ ခံနိုင်စွမ်းမရှိသော ပြင်းထန်သောရာသီဥတု၊ မြေနိမ့်ဒေသများနှင့် မြေဆီဩဇာညံ့ဖျင်းသော အခြေအနေများတွင် ရှင်သန်ဖြစ်ထွန်းနိုင်ခြင်း၊ ကော်ဖီချယ်ရီသီးတွင် အနှစ် ၆၀ (Pulp 60%) ရာခိုင်နှုန်း ပါဝင်ပြီးသကြားဓာတ် ပိုမိုပါဝင်ခြင်းကြောင့် အချိုဓာတ်ပိုကဲ၍ သစ်သီးရနံ့ (ပိန္နဲသီးရနံ့)ကို ရရှိစေခြင်း၊ အခြားကော်ဖီမျိုးများနှင့် တွဲဖက်၍ သီးရောစနစ် (Intercorpping System) အသုံးပြုနိုင်ခြင်း၊ အခြားကော်ဖီမျိုးများစွာ ခံနိုင်ရည်မဲ့သော ကော်ဖီသံချေးမှိုရောဂါ (Coffee leaf rust disease) ကို ခံနိုင်ရည်ရှိခြင်း တို့ကြောင့် “လိုက်ဘရီကာ” ကော်ဖီမျိုးသည် ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူများအကြားစိတ်ဝင်စားမှုမြင့်တတ်လာပြီး တစ်ဖြည်းဖြည်း ရေပန်းစားလာမည့် ကော်ဖီမျိုးတစ်မျိုးဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
သူရိန်နိုင် (ကော်ဖီ-ရာသီ)