စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၄)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၄)

australia center for agricultural research

(ယခင်အပတ်မှ အဆက်)

(ဃ) ဩစတေးလျအပြည်ပြည်ဆိုင်ရာစိုက်ပျိုးမွေးမြူရေးသုတေသနဌာန (Australian Centre for International Agricultural Research - ACIAR, Australia)

ဩစတေးလျအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေးသုတေသနအဖွဲ့ (ACIAR - Australian Centre for International Agricultural Research)သည်စိုက်ပျိုး မွေးမြူရေးနည်းပညာ၊ သုတေသနနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးကို ပံ့ပိုးရန်အတွက် ဩစတေးလျ အစိုးရမှ ၁၉၈၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ဤအဖွဲ့သည် နိုင်ငံအပြင်၌ရှိသည့် ဖွံ့ဖြိုးမှုအဆင့်နိမ့်သော နိုင်ငံများတွင် စိုက်ပျိုးရေး သုတေသနများကို ရင်းနှီးမြှုပ်နှံခြင်းကို အသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ စားသောက်လုံခြုံရေးနှင့် ဆီလျော်သော ထုတ်လုပ်မှုစနစ်များ တီထွင်ဖန်တီးရန် ရည်ရွယ် သည်။

အပြည်ပြည်ဆိုင်ရာအဖွဲ့“ACIAR - International” လို့ခေါ်ရခြင်းအကြောင်းရင်းမှာ ACIAR သည် သုတေသနများကို တစ်နိုင်ငံတည်းမဟုတ်ဘဲ အာရှ၊ အာဖရိက၊ အင်ဒို-ပစိဖိတ်ဒေသ စသော ဖွံ့ဖြိုးရေးအဆင့်နိမ့်သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ "International" လို့ ခေါ်သည်။ ACIAR သည်သုတေသနကို ကိုယ်တိုင်မလုပ်ပါ၊ ထိပ်တန်းတက္ကသိုလ်များ၊ သုတေသနဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို အလှူရှင် ဩစတေးလျအစိုးရမှ၎င်း၊ ချမ်းသာသူ တောင်သူ သူဌေး တစ်ဦးချင်းစီမှလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးကုမ္ပဏီများမှလည်း ကောင်း ကုန်ကျ စရိတ် ပံ့ပိုးထောက်ပံ့ပေးခြင်းဖြစ်သည်။

ဤကဲ့သို့ နိုင်ငံတကာကို ဦးတည်သောသုတေသနပူးပေါင်းမှုများကနေ သီးသန့် ဩစတေးလျ နိုင်ငံစီးပွားရေးနှင့် အထွေထွေရေးရာတွင် အကျိုးဖြစ်ထွန်းမှုများကို ဖန်တီးပေးနိုင်သည်။ ဤသို့ ဩစတေးလျနိုင်ငံတွင်းတက္ကသိုလ်များ၊ ဗဟိုသုတေသနဌာန (CSIRO) နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနဌာနများကို ငွေကြေး ပံ့ပိုးခြင်းဖြင့် သိပ္ပံပညာ တိုးတက်ရေးကို မြှင့်တင်ပေးသည်။ ဩစတေးလျလူငယ်သုတေသနပညာရှင် များအတွက် နိုင်ငံတကာအတွေ့အကြုံများစွာရရှိစေသည်။ နိုင်ငံတကာကိုလည်း စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာများ အကူအညီပေးပြီးသားဖြစ်သည်။

သဘာဝဘေးအန္တရာယ်များ၊ ကျန်းမာရေးအန္တရာယ်များ၊ ကူးစက် ရောဂါများ ကဲ့သို့သော ဇီဝလုံခြုံရေး (Biosecurity) အန္တရာယ်များကို တင်းကျပ်စွာ ထိန်းချုပ်နိုင်ရန် သုတေသနများစွာကို ပံ့ပိုးနိုင်သည်။ ACIAR ၏ သုတေသနတချို့မှာ ဩစတေးလျ နိုင်ငံတောင်သူများ အတွက်ပါ အသုံးဝင်သည်။ ဥပမာ- ပဲတီစိမ်းမျိုးစေ့ကောင်းများ ဖန်တီးထုတ်လုပ်နိုင်ခဲ့သည့် "International Mungbean Improvement Network" စီမံကိန်း ကွင်းဆက် သုတေသနက စပြီး ကွင်းစလန် (Queensland) ပြည်နယ် တောင်သူ များက နည်းပညာ အသစ်၊ မျိုးကောင်းမျိုးသန့်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဩစတေးလျ နိုင်ငံ အတွက် တစ်နှစ်လျှင် ဩစတေးလျဒေါ်လာ ၁၀၀ သန်းအထိ တန်ဖိုးဖြစ်ထွန်း အမြတ်ရစေသည်။

စာရေးသူ၏အတွေးတစ်စ

မြန်မာနိုင်ငံအတွက် "Myanmar Agricultural Science/Research Council (MAS Council)"  လွတ်လပ်သောအဖွဲ့ (Autonomous Organization) ကို တည်ထောင် ခြင်း ဖြင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်း ဖြစ်နိုင်ပါသည်။ နိုင်ငံအချို့တွင်တော့ အမျိုးသား စိုက်ပျိုးမွေးမြူရေးသုတေသနစနစ် (NARS – National Agricultural Research System) ဆိုသည့်  နိုင်ငံတစ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် တည်ထောင်ထားသည့် အများပြည်သူနှင့် သီးခြားအဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခု ဆောင်ရွက်နေပါသည်။ ၎င်းစနစ်သည် နိုင်ငံအတွက် အစားအစာဖူလုံရေး၊ စီးပွားရေး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတို့ကို ဦးတည်သည့်မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုစနစ်တစ်ခုဖြစ်သည်။ သို့သော် နိုင်ငံအတွင်း၊ တက္ကသိုလ်အားလုံး၊ သုတေ သနဌာနအားလုံး၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး သုတေသနအကြောင်းအရာများထပ်မနေဘဲ တောင်သူပြဿနာများကို စနစ် တကျ အဖြေရှာဖွေဖေါ်ထုတ်ခြင်းဖြစ်ပါသည်။ သို့သော် ဝန်ကြီးဌာနအားလုံး၊ တက္ကသိုလ်၊ သုတေသနဌာနအားလုံး ညှိနှိုင်း ပူးတွဲဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း သီးသန့်တစ်ခုလိုပါသည်။

အဓိကရည်ရွယ်ချက်များ (Objectives)

(က) နိုင်ငံတစ်ဝန်း စိုက်ပျိုးမွေးမြူရေးသုတေသနများ အားလုံးစုစည်းညှိနှိုင်းခြင်း ဖြင့် သုတေသနများထပ်နေမှုမရှိ၊ ပညာရပ်ဆိုင်ရာသုတေသန (Academic Research) နှင့် အသုံးချသုတေန (Applied Research) များ ဆက်စပ်ပေးနိုင်ခြင်း၊

(ခ) မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များ အားလုံး (All Universities in Myanmar)၊ သုတေသနဌာနများ အားလုံး (All Research Departments/ Centres)၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များ (International Development Partners) များအားလုံးနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကျိုးရှိသုတေသနများ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊

(ဂ) တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေးသုတေသနရလဒ်များကို တောင်သူသုံးနိုင်ရန် နည်း ပညာ အကူအညီ ပေးနိုင်ခြင်း၊

(ဃ) အစားအစာအာဟာရ ဘေးကင်းလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် မြေဆီလွှာပျက်စီး၊ ဆုံးရှုံးမှုများကို ရှောင်ကြဉ်ရန် သိပ္ပံအခြေပြုဖြေရှင်းနည်းများ ဖော် ထုတ်နိုင်ခြင်း၊

(င) မြန်မာ့စိုက်ပျိုးမွေးမြူရေးပညာများအတွက် အရည်အချင်း ပြည့်ဝသော ပညာ ရှင်များ ဖွံ့ဖြိုးရေး ပံ့ပိုးပေးနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။

ယခင်က စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောပညာရပ်များ အကယ်ဒမီ (Myanmar Academy of Agriculture, Livestock and Forestry) ရှိခဲ့ဖူးပါသည်။ ဤအဖွဲ့အစည်းမှာ ၂၀၁၁ ခုနှစ် တွင် ဖျက်သိမ်းသွားခဲ့ပါသည်။ စာရေးသူ အမျိုးသားပညာရေး မူဝါဒကော်မရှင် (NEPC -National Education Policy Commission) အဖွဲ့ တွင်တာဝန် ထမ်းဆောင် ခဲ့စဉ်ကလည်း ဥပဒေအရ ပြည်ထောင်စုလွှတ်တော်သို့ ၆ လတစ်ကြိမ် တိုက်ရိုက်အစီရင်ခံခြင်းဖြင့် ပညာရေးဆိုင်ရာ အကြံပြုချက်များ လွတ်လပ်စွာ၊ ပွင့်လင်းမြင်သာစွာ၊ တင်ပြခဲရ ပါသည်။

(ခေတ်မီစိုက်ပျိုးမွေးမြူရေးပညာများ အသုံးပြုပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်ပါ စေရန် ဆုတောင်းပေးလျက်)

(ဆက်လက်ဖော်ပြပါမည်)                                        

ဒေါက်တာမျိုးကြွယ်