၁၀ တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာတို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ဘားအံတွင် ကျင်းပ

၁၀ တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာတို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ဘားအံတွင် ကျင်းပ

ဘားအံ စက်တင်ဘာ ၆

ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့်တွဲဖက်သုံး ၁၀ တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၆ ရက် နံနက်  ၇ နာရီခွဲက ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာအနီး၊ ဘားကပ်အရှေ့ကွင်း၊ ကွင်းအမှတ် ၁၀၀၉-ခ ရှိ တောင်သူ ဦးအုန်းသန်း၏ လယ်မြေ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ဘားကပ်၊ ရသေ့ပျံ၊ တောကြီးကုန်း ကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကွင်းသရုပ်ပြပွဲသို့တက်ရောက်လာသော တောင်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားပြီး လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ရွေးချယ်ပေါင်းသတ်ဆေးများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ မြေဆီဩဇာတိုးတက် ကောင်းမွန်စေသော ငါးအမိုင်နိုအက်စစ်ပြုလုပ်သုံးစွဲနည်းနှင့် အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြုလုပ်ပြသခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ် ပြန်လည်ပြုလုပ်သုံးစွဲကြမည့် တောင်သူများအား အီးအမ်(အပြင်း)ရည်များကို အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့သည်။

ယင်းနောက် ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့်တွဲဖက်သုံး ၁၀ တန်းသွားမျိုးစေ့ချကိရိယာ၊ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါးစိုက်ပျိုးပြသခဲ့ရာ တက်ရောက်လာသော ဧည့်သည်တော်များနှင့် တောင်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

AMD