မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ (၁၆) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ (၁၆) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၂၂

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၂၂ ရက်နေ့ နေ့လယ်က စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ၁၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်အတွက် အာမခံကြေးကို ပြင်ဆင်သတ်မှတ်ပေးသွင်းစေသည့် ဗဟိုကော်မတီ၏ “အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)”ကို ၂၀၂၅ ခုနှစ် ၊ မတ် ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ၊ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားရေရိက္ခာဖူလုံစေရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် မြေ လွတ်၊ မြေလပ်နှင့်မြေရိုင်းများအား အသုံးပြု လုပ်ကိုင်ခွင့်ပြုနိုင်ရန် ယနေ့အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး၍ စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း၊ ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊  ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းစေမည့်(Quick Win)လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုသွားရမည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့်ရရှိထားပြီး စည်းကမ်းချက် သတ်မှတ်ကာလ ၄ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသည့် မြေဧရိယာများကို အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုပေးထားသော လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များအား ပြန်လည် ရုပ်သိမ်းနိုင်‌ရေး နှင့် အာမခံကြေးများအား နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းနိုင်ရေး တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများအား တင်ပြရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များက လုပ်ငန်းရပ်တစ်ခုချင်းအပေါ် ဆွေးနွေး စိစစ် ဆောင်ရွက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ၁၆ ကြိမ်မြောက် ကျင်းပသည့် ယနေ့အစည်းအဝေး၌ သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောထား ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊ ယခင် ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည် စိစစ် တင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ခွင့်ပြုမိန့်ပြန်လည်အပ်နှံသည့်ကိစ္စရပ်၊ ပေးသွင်းထားသည့် အာမခံကြေး ပြန် လည်ထုတ်ယူခွင့်ပြုပါရန် တင်ပြလာသည့်ကိစ္စရပ်၊ အကောင်အထည် ဖော်ရမည့် ကာလ သက်တမ်းတိုးမြှင့်ပေးပါရန် တင်ပြသည့် ကိစ္စရပ်၊ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့် ရရှိသူများက မြေခွန်ပေးသွင်းရန် ကျန်ရှိမှုအခြေအနေ စသည့် အကြောင်းအရာ ၁၈ ရပ် တို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOALI