ရေပေါ်ရေလွှာနေ ငါးကွန်းရှပ်၏ သဘာဝနှင့်အသုံးဝင်ပုံ

ရေပေါ်ရေလွှာနေ ငါးကွန်းရှပ်၏ သဘာဝနှင့်အသုံးဝင်ပုံ

Spanish Mackerel

ငါးကွန်းရှပ်ငါးမျိုးများကို အပူပိုင်းနှင့် သမပိုင်းဒေသများဖြစ်သော အင်ဒိုပစိဖိတ်ပင်လယ်ပြင်တွင် အများဆုံးတွေ့ရှိရပြီး တူနာ၊ ဘိုနီတို ငါးမျိုးများထက် အရွယ်သေးငယ်၍ သွယ်လျသောခန္ဓာကိုယ်ရှိသည်။  ငါးကွန်းရှပ်အုပ်စုငါးမျိုးများမှာ မျိုးရင်း-Scombridae အုပ်စုတွင်ပါဝင်ပြီး မျိုးစိတ် ၅၀ ခန့်အထိ ရှိသည်။ 

ငါးကွန်းရှပ်ငါးကို အင်္ဂလိပ်လို Spanish Mackerel ဟုသိရသည်။ မြန်မာလို ငါးကွန်းရှပ် ( ခေါ် ) ငါးညို့ဟုလည်း လူသိများကြပါသည်။ ငါးကွန်းရှပ်ငါးများမှာ ရေပေါ်ရေလွှာနေငါးများဖြစ်ကြပြီး ရေငန်ဒေသ၊ ရေချိုရေငန်စပ်ဒေသများတွင် တွေ့ရများသည်။ ရေပေါ်ငါးဖြစ်သော ငါးကွန်းရှပ်ငါးကို ကမ်းဦးရေတိမ်ပိုင်းရှိ ရေလယ်ပိုင်းတွင်အများဆုံးတွေ့ရှိရသဖြင့် ဖမ်းဆီးရလွယ်ကူပြီး ဒရွတ်ဆွဲပိုက်ဖြင့်ဖမ်းဆီးရန်မလိုအပ်သောကြောင့် ပင်လယ်ကြမ်းပြင်အောက်ခြေကို ထိခိုက်မှုမရှိသဖြင့် ရေလုပ်သားများနှင့် ပင်လယ်ဂေဟစနစ်အတွက် အထူးကောင်းမွန်သည်။

ငါးကွန်းရှပ်ငါးမှာ အကြေးခွံမပါသော အကြေးခွံမဲ့ ငါးတစ်မျိုးဖြစ် သည်။ အရိုးနည်းပြီး အသားများကာ အရသာထူးခြားကောင်းမွန်လှပါ သည်။

တွေ့ရှိရသည့် ဒေသ

မြန်မာနိုင်ငံ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့တွင် Spanish mackerel,Indian mackerel, Short mackerel မျိုးစိတ်များကို အများဆုံး တွေ့ရသည်။ 

အစာစားသည့်အလေ့အထ

ငါးကွန်းရှပ်ငါးများမှာ အသားစားငါးများဖြစ်ကြပြီး ငါးငယ်များ၊ ပုစွန်၊ ကင်းမွန် စသည့် အခွံမာရေသတ္တဝါများကို ၄င်းတို့၏အစာအဖြစ် စားသုံးကြပါသည်။

အရွယ်ရောက်ခြင်းနှင့် မျိုးပွားခြင်း

မိတ်လိုက်ရာသီတွင် အပူပိုင်းမှ သမပိုင်းသို့ အုပ်စုလိုက်ရွှေ့ပြောင်းသွားလာကြ၍ မိတ်လိုက်ဥချကြသည်။ငါးကွန်းရှပ်ငါးမျိုးများသည် အသက်အားဖြင့် လပေါင်း (၂၀)လ   ခန့်၊ အရွယ်အားဖြင့် ခန္ဓာကိုယ် အလျား ၃၇ မှ ၄၀ စင်တီမီတာခန့်တွင် အရွယ်ရောက်ရှိကြပြီး ငါးအမတစ်ကောင်သည် ဥပေါင်း ၃သိန်းမှ ၁၅ သိန်းခန့်ထိ ဥချနိုင်သည်။

ငါးကွန်းရှပ်ဥများသည် ရေပေါ်တွင် ပေါလောမျော၍နေပြီး သားလောင်းလေးများသည်သတ္တမျောလှေးများကို စားသုံးကြပြီး သက်ကြီးကောင်များမှာ ထက်မြက်သော သွားပါရှိ၍ ငါး၊ပုစွန်၊ ကင်းမွန်လေးများကို စားသုံးကြသည်။ ငါးကွန်းရှပ်ငါးမျိုးများ၏ သက်တမ်းမှာ  ၁၆ နှစ်ခန့် ရှိပါသည်။

ငါးကွန်းရှပ်ငါးမှာ လူသားတို့၏ ကျန်းမာရေးအတွက် အလွန်အကျိုးပြု သော ငါးတစ်မျိုးလည်းဖြစ်သည်။ ငါးကွန်းရှပ်ကို စားခြင်းအားဖြင့် လူတို့၏သွေးအတွင်းရှိ သကြားဓာတ်ကို လျော့ချပေး၏။ လူသားတို့အတွက် မရှိမဖြစ်လိုအပ်သည့် အိုမီဂါသရီးဖက်တီးအက်ဆစ်ကိုလည်း ရရှိစေပါသည်။

ငါးကွန်းရှပ် စားဖွယ်စုံ 

ငါးကွန်းရှပ်ငါးဟင်းလျာများမှာ ငါးကွန်းရှပ်ငါးကြော်နှပ်၊ ငါးကွန်းရှပ်ငါးဆုပ်လုံးဆီပြန်၊ငါးကွန်းရှပ်သောက် ဆမ်း/ မွန်ဟင်း၊ ငါးကွန်းရှပ်ရေညှိလိပ်၊ ငါးကွန်းရှပ်ခြောက်ဆီပြန်ရေကျန်ဟင်း စသည်တို့အပြင် ငါးကွန်းရှပ်ကို ကြော်စားခြင်း၊ ကင်စားခြင်း၊ ငါးကျပ်တိုက်ပြုလုပ်စားခြင်းများလည်း ရှိသည်။ ထို့ပြင် ငါးကွန်းရှပ် ငါးခြောက်ဆားပေါ့များမှာ ဈေးကောင်းလှသလို ငါးကွန်းရှပ်ငါးဖြင့် ပြုလုပ်သော ငါးသေတ္တာ၊ ငါးမုန့်မှာလည်း အရသာကောင်းမွန်လှပေသည်။ ရွာဓလေ့အလှူများတွင်လည်း ငါးခြောက်ထောင်းကြော်၊ ငါးခြောက်နှပ်ဟင်းလျာများအတွက် ငါးကွန်းရှပ်ငါးခြောက်ကို အများဆုံးအသုံးပြုကြပါသည်။

ငါးကွန်းရှပ်တွင်ပါဝင်သော အာဟာရဓာတ်များ

မြန်မာအမည် ငါးကွန်းရှပ်၊ ရခိုင်ဒေသအခေါ် ငါးညို့သည် ကျန်းမာရေး အတွက် ကောင်းမွန်စေသော အဟာရဓာတ် များစွာပါဝင်သော ပင်လယ် ငါးမျိုးဖြစ်သည်။ ငါးကွန်းရှပ်တွင်    ပရိုတင်း၊ဗီတာမင် ဘီတူး၊ ဘီ-၃၊ဘီ-၆၊ ဘီ-၁၂ နှင့် ဗီတာမင်- ဒီနှင့် သတ္တုဓာတ်များဖြစ်သည့် ကော့ပါး၊ ဆီလီနီယမ်၊ အိုင်အိုဒင်း၊ ဇင့်၊ ဖော့စ်ဖောရပ်၊ဖောလိတ် စသည့် သတ္ထုဓာတ်များကြွယ်ဝစွာပါဝင်သည်။ ငါးကွန်းရှပ် ၁ ဂရမ် တွင်  အိုမီဂါ -၃ ပါဝင်မှု ၂၆၇၀ မီလီဂရမ်/ဂရမ်၊ ဗီတာမင် ဘီ ၁၂ -၁၄၅ ရာခိုင်နှုန်းနှင့် ဗီတာမင် ဒီ ၉ဝ ရာခိုင်နှုန်း  အထိပါဝင်သည့်အတွက် ငါးကွန်းရှပ်အစိုကိုစားသုံးခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုသည်။

ငါးကွန်းရှပ်ငါးမျိုးများသည် အခြားပင်လယ်ငါးများထက်  ပြဒါးပါဝင်မှု အလွန်နည်းပြီး (သုညဒသမ ဝ၁၃-သုညဒသမ ဝ၅)ပီပီအမ် သာပါဝင်ကြောင်း တွေ့ရှိရသည့်အတွက် ငါးကွန်းရှပ်ကို စားသုံးပေးခြင်းဖြင့် အိုမီဂါ -၃ အကျိုးကျေးဇူးဖြစ်သော နှလုံးသွေးကြောကျဥ်းခြင်း၊လေဖြတ်ခြင်း၊ကျောက်ကပ်၊ ကင်ဆာ၊ မျက်လုံးအမြင်စွမ်းအား၊ခန္ဓာကိုယ် ရောင်ရမ်း ခြင်း စသည့် ရောဂါများ ဖြစ်ပွားနိုင်မှုကို လျော့ချနိုင်သည့်အပြင် ဗီတာမင် ဘီ ၁၂ - ၁၄၅ ရာခိုင်နှုန်း နှင့် ဗီတာမင် ဒီ ၉၀ ရာခိုင်နှုန်ထိပါဝင်သဖြင့် သွေးအားနည်းခြင်း ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပြီး တန်ဖိုးလည်းမများပါသော ငါးကွန်းရှပ်ကို စားသုံးသင့်ပါသည်။

ငါးကွန်းရှပ်စားခြင်း၏ကျန်းမာရေးကောင်းကျိုးများ

ငါးကွန်းရှပ်သည် ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများသောကြောင့် ဦးနှောက်အတွက် အကျိုးပြုပါသည်။ ငါးကွန်းရှပ်ငါး သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသော အိုမီဂါသရီး ဖက်တီးအက်စစ် လည်းပါဝင်ပါသည်။ လူ့ခန္ဓာကိုယ်သည် အိုမီဂါသရီးဖက်တီးအက်စစ်ကို မထုတ်လုပ်နိုင်ပေ။လေ့လာမှုများအရ အိုမီဂါသရီးဖက်တီးအက်ဆစ်သည် နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အရေးပါပါသည်။ ငါးကိုမကြိုက်ဘူး ဆိုလျှင်တောင်မှ ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့်မျှ ငါးစားပေးသင့်ပါသည်။ ငါးကွန်းရှပ်စားခြင်းဖြင့်-

၁။  နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း
    လေ့လာမှုများအရ တစ်ပတ်လျှင်တစ်ကြိမ် ပုံမှန် ငါးစားသုံးသောသူများသည် ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေသည်ကို တွေ့ရှိခဲ့ကြပါသည်။ ငါး လုံးဝမစားသူများသည် ရံဖန်ရံခါ ငါးစားသူများထက် နှလုံးရောဂါဖြစ်နိုင် ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်သည်ဟုလည်း  သိရပါသည်။ ငါးကွန်းရှပ်တွင်ပါသော အိုမီဂါသရီးဖက်တီးအက်ဆစ်သည် နှလုံး ရောဂါခံစားရနိုင်ခြေကို ကျဆင်းစေပါသည်။ 

၂။ အယ်လ်ဇိုင်းမား(Alzheimers)ဖြစ်နိုင်ခြေကို နည်းပါးစေခြင်း
    တစ်ပတ်လျှင် တစ်ကြိမ်ခန့် ငါးစားသုံးပေးမည်ဆိုလျှင် ဦးနှောက်   နှင့်မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေနိုင်ပါသည်။ ငါးကွန်းရှပ်ကို ကြော်စားခြင်းထက် ဟင်းချက်စားခြင်း၊ပေါင်းစားခြင်းသည် ကျန်းမာရေးနှင့် ပိုသင့်တော်ပါသည်။ ငါးသည် ဦးနှောက်ဆဲလ်များကို ကျန်းမာစေနိုင်ပါသည်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူများအတွက် ငါးသည် အသင့်တော်ဆုံးအစားအစာဖြစ်သည်။

၃။ အရေပြားနှင့် ဆံသားကို ကျန်းမာစေနိုင်ခြင်း
    အရေပြားနှင့် ဆံသားကျန်းမာစေရန်အတွက် ခန္ဓာကိုယ်တွင် ကျန်းမာ သောအဆီပြည့်ဝနေဖို့လိုပါမည်။ အဆီပြည့်ဝနေမှ အသားအရေသည် မွဲခြောက်မှုကင်းစင်မည်ဖြစ်သည်။ ငါးကွန်းရှပ်တွင်ပါသော omega-3 သည် ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီဖြစ်သောကြောင့် စားသုံးရန် သင့်တော်ပါသည်။ Omega-3 သည်အသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါသည်။

၄။စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေခြင်း
   လေ့လာမှုများအရ ငါးကွန်းရှပ်တွင်ပါသော အိုမီဂါသရီးသည် စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်သည်ဟု သိရပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် တစ်နေ့လျှင် အိုမီဂါ -၃ ၃၀၀ မီလီဂရမ်စားသုံးပေးမည်ဆိုလျှင် ကိုယ်ဝန်ဆောင်ကာလအတွင်း ခံစားရနိုင်သော စိတ်ကျရောဂါကို သက်သာစေနိုင်သည်ဟု ဆိုပါသည်။

၅။ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေခြင်း
    ငါးကွန်းရှပ်တွင်ပါသော အိုမီဂါ-၃ နှင့်  ငါးကနေရရှိနိုင်သော အခြားအာဟာရဓါတ်များသည် ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက် ကောင်းမွန်စေနိုင်ပါသည်။အိုမီဂါ- ၃ စားသုံးပေးခြင်းသည်ကလေးငယ်များတွင် ADHD ရောဂါလက္ခဏာများ မဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်ဟု ကျွမ်းကျင်သူများက လေ့လာတွေ့ရှိခဲ့ပါသည်။

၆။ နာတာရှည်ဝေဒနာများမဖြစ်အောင် ကာကွယ်ပေးခြင်း
    ငါးကွန်းရှပ်တွင်ပါသော အိုမီဂါသရီးသည် အမျိုးအစား- ၁ ဆီးချိုရောဂါကဲ့သို့ နာတာရှည်ဝေဒနာများမဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။အိုမီဂါသရီးသည် ကလေးငယ်လေးများ တွင်လည်း အမျိုးအစား-၁ ဆီးချို ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို လေးဖက်နာဝေဒနာနှင့် အာရုံကြောထိခိုက်ပျက်ယွင်းသော ဝေဒနာများခံစားရနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါသည်။

၇။ကလေးငယ်များတွင် ပန်းနာရင်ကျပ်မဖြစ်အောင် ကာကွယ်ပေးခြင်း
  ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ နာတာရှည်လေပြွန်ရောင်ရမ်းနေ  သည့်အနေအထားတစ်ရပ်ဖြစ်သည်။ ယခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်မှာ တော်တော်လေးတိုးလာနေပါသည်။လေ့လာမှုများအရ ငါးကွန်းရှပ်အပါ အဝင် ငါးပုံမှန်စားသုံးပေးသော ကလေး ငယ်များတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေမှာ ပုံမှန်ထက် ၂၄ ရာခိုင် နှုန်းပိုနည်းသည်ကို တွေ့ရှိခဲ့ရပါ သည်။ ကလေးငယ်လေးများမှာ ငါးများများစားလေလေ ပန်းနာရင်ကျပ် ရောဂါဖြစ်နိုင်ခြေ နည်းလေလေဖြစ်သည်။

၈။အမြင်အာရုံ ကောင်းမွန်စေခြင်း
   လူကြီးများတွင်ဖြစ်သော မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်းမှာ  အမြင်အာရုံထိခိုက်ဆုံးရှုံးရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ အသက်အရွယ်ရလာသည်နှင့်အမျှ အမြင်အာရုံမှာတဖြည်းဖြည်း အားနည်းလာပါသည်။ ငါးကွန်းရှပ်တွင်ပါသော အိုမီဂါသရီးဖက်တီးအက်စစ်များမှာ မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။ငါးကွန်းရှပ် ငါးပုံမှန်စားသုံးပေးမည်ဆိုလျှင် အမျိုးသမီးများတွင် အမြင်အာရုံထိခိုက်ခြင်းကို ၄၂ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားများထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါသည်။ လူကြီးများတွင် အမြင်အာရုံထိခိုက်ခြင်းမဖြစ်စေရန် တစ်ပတ်တစ်ကြိမ်ခန့်မျှငါး ကျွေးပေးပါ။

၉။ ကောင်းကောင်းအိပ်ပျော်စေနိုင်ခြင်း
    ယနေ့ခေတ်တွင်  ညအိပ်မပျော်ရသည့်အကြောင်းအရင်းများမှာ အတော်လေးများလာပါသည်။ ညဘက် အိပ်မပျော်ခြင်းသည် အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါ သည်။ ခန္ဓာကိုယ်ထဲတွင် ဗီတာ မင်-D နည်းလျှင်လည်း အိပ်မပျော်ခြင်း ဖြစ်နိုင်ပါသည်။တစ်ပတ်လျှင် ငါးကွန်းရှပ်ငါး ၃ ကြိမ်ခန့်စားသုံးပေးမည်ဆိုလျှင် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဗီတာမင်-ဒီ ကိုရရှိမည်ဖြစ်ပါသည်။

၁၀။ လေဖြတ်နိုင်ခြေကို လျော့နည်းစေခြင်း
    ငါးကွမ်းရှပ်အပါအဝင် ငါးစားခြင်းသည် လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါသည်။။ ငါးတွင်ပါသော အိုမီဂါသရီးဖက်တီးအက်ဆစ်မှာ လေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်-
ငါးကွန်းရှပ်ငါးသည် လူကြိုက်များသော ငါးအမျိုးအစားတွင်ပါဝင်ပြီး စျေးကွက်ဝင်စျေးကောင်းရသော ငါးတစ်မျိုးလည်းဖြစ်သည်။ထို့ပြင် ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားလှသဖြင့် စားပေးသင့်သော ငါးအမျိုးအစားဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)