ရွှေ့ပြောင်းတောင်ယာစနစ်လျော့နည်းရေး ပြိုင်တူတွန်းအားပေး

ရွှေ့ပြောင်းတောင်ယာစနစ်လျော့နည်းရေး ပြိုင်တူတွန်းအားပေး

ရွှေ့ပြောင်းတောင်ယာ

ခန္တီးဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတည်ရှိ ၍ နာဂဒေသပြီးလျှင် ဒုတိယ အဝေးဆုံးဒေသ ဖြစ်သည်။ မိုးကောင်းသောက်ဒေသဖြစ်၍ မြေယာအသုံးချမှုအရ ၂၀၂၅၈၈၈ ဧကရှိသည်။ အသားတင်စိုက်ပျိုးနိုင်သော ဧရိယာမှာ ၁၀၆၈၉ ဧက ရှိသည်။ ၎င်းထဲတွင် လယ် ၃၀၁၁ ဧက၊ ကိုင်းကျွန်း ၁၂၂၉ ဧက၊ လှပ်မြေ ၁၇၇ ဧက၊ တောင်ယာ ၅၂၆၈ ဧက ပါဝင် သည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တော၊ တောရိုင်း၊ မြေရိုင်း၊ အခြား၊ စိုက်ပျိုးခြင်းမပြုနိုင်သော မြေများ ပါဝင်တည်ရှိသည်။  ပူအိုက် စွတ်စိုသော ရာသီဥတုရှိပြီး ပုံမှန်ရွာသွန်းမြဲ မိုးရေချိန် ၁၂၂ ရက် (၁၅၁ ဒသမ ၀၉)လက်မရှိသည်။ ဆည်/ မြောင်းတာတမံ၊ မြစ်ရေတင်၊ မြေ အောက်ရေ လုပ်ငန်းများမရှိ၊ မိုးရေကို အားထားစိုက်ရသည်။ ရွာရက်အတွင်း မိုးရေချိန်လက်မများစွာ ရွာသွန်းခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများရှိသည်။

ခန္တီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၀-၆၅၀၀ ပေအထိရှိသည်။ ကျေးရွာ အုပ်စု ၂၉၊ ရပ်ကွက် ၃ ခု၊ ကျေးရွာပေါင်း ၈၂ ရွာဖြင့် ဖွဲ့စည်းထားသည်။မြစ်ရိုးတစ်လျှောက်  ကျေးရွာပေါင်း ၂၄ ရွာ တည်ရှိ၍ တောင်ပေါ်ကျေးရွာ ၅၈ ရွာ ရှိသည်။ခန္တီးခရိုင်ရှိ  စိုက်ပျိုးနိုင်သောဧရိယာ မှာစစ်ကိုင်းတိုင်းဒေသကြီး၊ အခြားခရိုင်များ အတွင်းရှိ ကျေးရွာအုပ်စု (၃-၄) အုပ်စု၏  စိုက်ဧရိယာခန့်သာရှိသည်။ လယ်စိုက်ပြီး ကျန်ရှိအစိုဓါတ်ဖြင့် သီးထပ်စိုက်ပျိုးနိုင်ပြီး ယာ မြေသီးသန့်မရှိပေ။ နှစ်စဉ်နွေစပါးစိုက်ပျိုးမှု အနေဖြင့်(၃၀-၃၅)ဧကရှိပြီး အင်းရေကျချိန် ရေကျနောက်စိုက် မုယင်းစပါးသာဖြစ်သည်။     

ခန္တီးဒေသတွင် ဌာနေတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ နာဂ၊ ချင်း၊ ကချင်နှင့် မြန်မာ၊ ရွှေ့ပြောင်း လုပ်သားများ အတူတကွနေထိုင်လျက်ရှိသည်။ ဒေသအားသာချက်မှာ သဘာဝ တရား၏ လက်ဆောင်ဖြစ်သောရွှေနှင့်ကျောက်မျက် ရတနာ တူးဖော်နိုင်သော  ရွှေမှော်၊ ပယင်း မှော်၊ ကျောက် မှော်လုပ် ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ရတနာနယ်မြေ ဖြစ်ခြင်း၊ စိုက်ပျိုးမြေနည်းပါးခြင်း၊ လုပ်သားရှားပါးခြင်း၊ (လုပ်သားအများစုမှာ မျှော် လင့်ချက်များဖြင့် ရွှေတူး၊ ကျောက်တူး၊ လုပ်ငန်းများ သွားရောက်လုပ်ကိုင်ခြင်း)၊ ခေတ်မီလယ်ယာ သုံးကိရိယာနည်း ပါးခြင်း၊ စရိတ်စကကြီးမြင့်ခြင်းများကို သိရှိရင်ဆိုင်လျက်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်း များမှ အထွက်နှုန်း ပိုမိုလာရန်၊ ဒေသတွင်း ဆန်၊ ဆီ၊ ပဲ ဖူလုံမှု တိုးတက်စေရန် အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်လျက်ရှိပေသည်။ 

ဒေသခံ  တိုင်းရင်းသားများမှာ  မိရိုးဖလာအရ ဝမ်းစာရေးအတွက် သဘာဝပေါက် သစ်တောများကို ခုတ်ထွင် ရှင်းလင်းမီးရှို့မြေသင်း၍ တောင်ယာစိုက်ပျိုးခြင်း၊ သဘာဝသစ်ဥ၊ သစ်ဖုများ ရှာဖွေစားသောက်ခြင်း၊ သားငါးအတွက် အမဲလိုက်ခြင်း လုပ်ငန်းများကို အဓိကထား ဆောင် ရွက်ကြသည်။ သို့ရာတွင် လမ်းပန်း ဆက်သွယ်ရေးဝေးလံခက်ခဲမှုကြောင့် တောင်ယာများတွင် ဓာတ် မြေဩဇာ၊ ဓာတုပိုးမွှားရောဂါကာကွယ်ဆေးများ သုံးစွဲနိုင်မှု နည်းပါးသဖြင့် သဘာဝဩဂဲနစ်စိုက်ပျိုးရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်နေပါသည်။

နှစ်စဉ်မိုးဦးအမီ တောင်ယာ စိုက်ပျိုးနိုင်ရန်အတွက် ကောက်သစ်စားပွဲပြီးချိန်၌  မြေယာခုတ်ထွင် မီးရှို့ ရှင်းလင်းမြေသင်းခြင်းလုပ်ငန်း စတင်လုပ်ကိုင်လေ့ရှိပါသည်။ လက်ရှိ တောင်ယာတွင် ၃ နှစ်ခန့်စိုက်ပျိုးပြီးပါက တောသစ်ထပ်မံရှင်းလင်းကြသည်။ အနည်းဆုံး (၅-၆)နှစ်ခန့်ကြာသည့်အခါ ယခင်စိုက်ပျိုးခဲ့သောတောင်ယာကို ထပ်မံ ခုတ်ထွင် ရှင်းလင်း မီးရှို့၍ စိုက်ပျိုးရန်ပြင်ဆင် ခြင်းအားဖြင့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း သံသရာ လည်နေပါသည်။ နှစ်စဉ်ထိုအချိန်၌ တောတောင်တစ်ခွင် မီးခိုးမြူငွေ့ဆိုင်းနေလေ့ရှိသည်။ တောင်ယာခုတ်မီးရှို့စိုက်ပျိုး၍ ပတ်ဝန်းကျင် ဂေဟစနစ် ယိုယွင်းလာသည်။ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်းဖြစ်စေသည်။ နောက်ဆက်တွဲပြဿနာများစွာ(ကျန်းမာရေး၊ တောတောင် ပြုန်းတီးခြင်း သဘာဝသားရဲ တိရိစ္ဆာန် များရှားပါး/ မျိုးသုန်းခြင်း၊ မျှခြေ   ဂေဟစနစ် ယိုယွင်းလာခြင်း) ကို ဖြစ်ပေါ်စေသည်။ 

တောင်ယာခုတ်ထွင် စိုက်ပျိုးမှုသည် ၃ နှစ်ခန့်သာ အထွက်ကောင်းပြီး နောက်ပိုင်း တွင်အထွက်များစွာကျဆင်းလာသဖြင့် တောင်ယာ သစ်ခုတ်ပြန်သည်။ မြေဆီလွှာများကို  ပျက်သုန်းစေပြီး မျှော်လင့်မထားသည့် သဘာဝဘေးအန္တရာယ်များပိုမိုကျရောက်လာမည်ဖြစ် သည်။ စိုက်ပျိုးသောသီးနှံများ၏ အရည်အသွေးလည်းကျဆင်းလာနိုင်သည်။ ယခုအခါ  ပြည်ပမှ မီးရှို့တောင်ယာတွင် စိုက်ပျိုးထွက်ရှိသော စိုက်ပျိုးရေးထွက်ကုန် ဝယ်ယူမှုအပေါ် ကန့်သတ် /တားမြစ်မှုများရှိလာပြီဖြစ်ပါသည်။

ခန္တီးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှ ခရိုင်ဦးစီးမှူး၏ စီမံခန့်ခွဲမှုဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ယိုယွင်းမှု ကာ ကွယ်ရန်၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး/အထွက်ပိုမိုလာစေရန်၊ ဒေသဝမ်းစာဖူလုံမှုတိုး တက်လာရန် ရည်ရွယ်လျက် ဌာနရှိ စိုက်ပညာရှင်ဝန်ထမ်းများနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာ ရှင်များမှ ခေတ်မီတောင်စောင်းစိုက်ပျိုးရေးနည်းစနစ်၊ ကွန်တိုစိုက် ပျိုးရေးနည်းပညာပေးသင်တန်း၊ လက်တွေ့ကွင်းသရုပ်ပြပွဲများ၊ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးနည်းစနစ်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းပညာပေးသင်တန်းများအားအခါအခွင့်သင့်သလို ပြုလုပ်ပေးနေပါသည်။ ထို့အပြင် နာဂရိုးရာယဉ်ကျေးမှုနှင့် စာပေ(ဗဟို)ဖြင့် ညှိနှိုင်း၍ နာဂရိုးရာ(ဇင်္ဂလိန်း)ကွင်း ၌ နာဂမစ်သင်တန်းတွင် တောင်သူများအား ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်၍ ရေရှည်တည်တံ့ သော စိုက်ပျိုးနည်းပညာ၊  ခေတ်မီတောင် စောင်း/ကွန်တိုစိုက်ပျိုးရေးများ ဆောင်ရွက်လာစေရန်အတွက် စာတွေ့လက်တွေ့သင်တန်းများ ပြုလုပ်ပေးခဲ့ပါသည်။

ခန္တီးမြို့နယ် ၊လောင်ပကျေးရွာရှိ ဒေသခံ တောင်သူများမှာ ရှေးအစဉ်အဆက် ဆူးထိုးစိုက် (တောင် ယာ) စနစ်ဖြင့် စိုက်ပျိုးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဒေသဖွံ့ဖြိုးရေးခရီးစဉ်တွင် ရွှေ့ပြောင်းတောင် ယာ စိုက်ပျိုးမှု လျော့ချရေး၊ ဒေသခံတိုင်းရင်းသားများ စားရေရိ က္ခာဖူလုံရေး ရည်ရွယ်လျက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ၂၀၂၂ခုနှစ်တွင် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊လောင်ပကျေးရွာ အနီးတွင် ကုန်းမြင့်လယ်ယာဧက ၂၀၀ အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့်ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ 

အိမ်နီးချင်းနိုင်ငံများမှလည်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ထိန်းချုပ်စောင့်ကြည့်ရေးလုပ်ငန်းများ၊ မီးရှို့တောင်ယာမှ ထွက်ရှိသော စိုက်ပျိုးသီးနှံများ ဝယ်ယူမှုဆိုင်းငံ့ခြင်း၊ ရပ်တန့်ခြင်းများ စတင်ကျင့်သုံး ဆောင်ရွက်နေပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချနိုင်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ မဖြစ်ပေါ်ရေး၊ စိုက်ပျိုးသီးနှံများ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်စေရန်၊ ဒေသဝမ်းစာဖူလုံမှုနှင့် GDP တိုးတက်စေရန် အတွက် စိုက်ပျိုးရေးဆိုင်ရာတိုးချဲ့ နည်းပညာပေးမှုအပေါ် မျိုးနွယ်စုခေါင်းဆောင်များ၏ အုပ် ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုင် ရာသက်ရောက်မှုဖြင့်အကောင်အထည်ဖော် ဆောင် ရွက်ပေးနိုင်လျှင် မိရိုးဖလာရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှုမှ ခေတ်မီတောင်စောင်း/ကွန်တို စိုက်စနစ် များသို့ ပြောင်းလဲစိုက်ပျိုးလာကြမည်ဖြစ်ပါသည်။

ခန္တီးဒေသ၏ လယ်စိုက်ဧက ၃၀၁၁ အနက် ဆင်းဧကရီ(၃)၂၃၀၂ ဧက (၈၇ ဒသမ ၉၀ တင်း နှုန်း)၊ ဧည့်မထ ၆၂၂ ဧက (၆၂ ဒသမ ၂၅ တင်းနှုန်း)၊ ကောက်ညှင်း ၈၇ ဧက (၅၅ ဒသမ ၇၅) တင်းနှုန်း အသီးသီးဖြစ်ပြီး တောင်ယာ ၅၂၆၈ ဧကတွင်( ၅၉ ဒသမ ၅၆ တင်းနှုန်းဖြစ်သဖြင့် စုစုပေါင်းစပါး စိုက်ဧက ၈၂၇၉ တွင် ၆၇ ဒသမ ၆၀ တင်းနှုန်းထွက်ရှိနေပါသည်။ ပျှမ်းမျှတစ်ဧကအထွက်နှုန်း လျော့ နည်းမှုတွင် တောင်ယာ စိုက်ပျိုးမှုမှ ဆွဲချနေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့အတွက် တောင်ယာစိုက်ဧက ၅၂၆၈ ဧကအား ခေတ်မီတောင် စောင်း/ ကွန်တိုစိုက် နည်းစနစ်များဖြင့် ပြောင်းလဲစိုက်ပျိုးလာလျှင် တစ်ဧက အနည်းဆုံး (၁၀-၁၅) တင်းနှုန်း အထွက် ပိုမိုလာပါက ယနေ့ဖူလုံမှု ၉၀ ဒသမ ၁၃ ရာခိုင်နှုန်း ထက်ပိုမိုတိုးတက်လာ၍ ဒေသဝမ်းစာဖူလုံမှု ပြည့်စုံသွားမည်ဖြစ်ပါသည်။ ဆက်စပ်အနေဖြင့် အခြား ဆီ၊ ပဲဖူလုံမှုလည်း တိုးတက်လာမည်ဖြစ်ပါသည်။ ခန္တီးဒေသတွင် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ပိုမို ကောင်း မွန်လာစေရန်နှင့် တိုင်းရင်းသားတောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန်အတွက် ရွှေ့ ပြောင်းတောင်ယာ စိုက်ပျိုးမှုလျှော့ ချရေးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါဟု တိုက်တွန်းလိုက်ရပါသည်။

ကျော်မြင့်ဦး (khanti-DOA)