အထွက်ကောင်း ဝင်ငွေတိုးစေဖို့၊ ပဲတီစိမ်းကို နည်းစနစ်မှန်စွာ စိုက်ကြစို့

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံအားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်များဖြစ်သည်။ ပြည်ပပို့ကုန်ကဏ္ဍများ တွင်လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုကဏ္ဍမှာ အားထားရသည့်ကဏ္ဍတစ်ခု ဖြစ်နေသကဲ့သို့ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုကဏ္ဍတွင်လည်း ပဲမျိုးစုံသည် အားထားရသည့် အဓိက ပို့ကုန်တစ်မယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံ စိုက်ဧကမှာ ၁၀ သန်းကျော် ရှိသည့်အတွက် ပဲမျိုးစုံသည် မြန်မာနိုင်ငံအတွက် ဒုတိယ အရေးကြီးသော သီးနှံဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတွင် အာဆီယံ နိုင်ငံများအတွင်း ဦးဆောင်နိုင်ငံ (leading country) အဖြစ် ရပ်တည်လျှက်ရှိပြီး ပဲမျိုးစုံတင်ပို့ရောင်းချမှုတွင် ကမ္ဘာ၌ တတိယအများဆုံးနိုင်ငံဖြစ်ပါသည်။ ပြည်ပဝယ်လိုအားများခြင်း၊ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းတို့ကြောင့်တောင်သူ အများစုသည် ပဲသီးနှံကို ဝင်ငွေရသီးနှံ (Cash crop) အဖြစ် စိုက်ပျိုးလျှက်ရှိရာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာနိုင်ငံအတွက် စပါးပြီးလျှင် ဦးစားပေးဆောင်ရွက်ရသည့် အရေး ကြီး သီးနှံတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးနေပြီး ယင်းတို့အနက် ပဲတီစိမ်းစိုက်ဧကသည် အများဆုံးဖြစ်သည်။ ပဲတီစိမ်းသည် ပြည်ပပို့ကုန် တွင်လည်းအားကိုးရပြီး ပြည်တွင်းစားသုံးမှုအတွက်လည်း အားထားရသော သီးနှံဖြစ်သည်။ မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသည့် ပဲတီစိမ်းပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်အား အိန္ဒိယ၊ တရုတ်၊ ယူအေအီး၊ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇူလိုင်လအထိ ပြည်ပနိုင်ငံများသို့ ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၂၅၃၃၆၈ ခန့်နှင့် အမေရိကန်ဒေါ်လာ ၁၆၆ သန်းခန့် ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်များစွာကပင် ပဲတီစိမ်းကို ဓာတ်မြေသြဇာအသုံးပြုမှု နည်းပြီး ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိသော သီးနှံတစ်မျိုးအဖြစ် ယနေ့တိုင်ထင်ရှားသော သီးနှံဖြစ်သည်။ အိန္ဒိယနှင့်အာရှသည် ပဲတီစိမ်း၏ မူလပေါက်ရောက်ရာ ဒေသများဖြစ်သည်။ ပဲတီစိမ်းတွင် အသားဓာတ်သည် ၂၅ ရာခိုင် နှုန်းပါဝင်ကာ အခြားနှံစားသီးနှံများထက် ၃ဆ ပိုများသည်။ လူနှင့်တိရစ္ဆာန်များအတွက် အရေးပါသလို မြေဆီလွှာ အတွက်လည်း အာဟာရ ထည့်သွင်းပေးသည့် သီးနှံဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်သလို သီးထပ်သီး ညှပ် စိုက်ပျိုးလို့ ကောင်းသည့် အပင်မျိုးအစားလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုးနှင့်ဆောင်း ရာသီတွင် စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ဆောင်းပဲအဖြစ်စိုက်ပျိုးပြီး သြဂုတ်လတွင် မိုးပဲအဖြစ်စိုက်ပျိုးကြသည်။ ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေး၊ မွန်၊ ရှမ်း၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင် များစွာ စိုက်ပျိုးကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ်၌ ပဲတီစိမ်း စိုက်ဧက ၄၁၄၁၉၉ ခန့် စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအားဖြင့် ၁၅ တင်းကျော် ရရှိခဲ့သည်။ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပဲတီစိမ်းစိုက်ဧကသည် ၂၀၀၅ - ၂၀၀၆ ခုနှစ်မှစ၍ ၂၀၂၃ - ၂၀၂၄ ခုနှစ်အထိ စိုက်ဧက ၃သိန်းကျော်မှ ၄ သိန်းကျော်အထိ နှစ်စဉ်တိုးတက်လျက် ရှိပါသည်။ ၂၀၂၄ - ၂၀၂၅ခုနှစ်၊ သန်လျင်ခရိုင်အတွင်း မြို့နယ်များတွင် ပဲတီစိမ်းသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်း ၂၀ တင်း ရရှိစေရန်နှင့် မျှော်မှန်းအထွက်နှုန်း ရရှိစေရန် အထူးဇုန်များ သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် သဘာဝရေ၊ မြေ၊ အရင်းအမြစ် သယံဇာတ အထောက်အပံ့ ကောင်းစွာရရှိသော်လည်း သီးနှံစိုက်နည်းစနစ်များကို လက်ခံကျင့်သုံးနေသော ပဲတီစိမ်း စိုက်တောင်သူများ၏ သီးနှံအထွက်နှုန်းနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်မားစေရန်မှာ လိုအပ်လျှက်ရှိပါသည်။ ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားစေရန် အဓိက အရေးကြီးသည့်အချက်သည် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ တစ်ဧကသတ်မှတ် အပင်ဦးရေ ၁၃၀၀၀၀ ဝင်ဆံ့အောင် အတန်းကြား ပင်ခြား ၁၈လက်မ နှင့် လေးလက်မခြား စိုက်ပျိုးရန်ဖြစ်သည်။ တစ်ဧကသတ်မှတ်အပင် ဦးရေပြည့်မီမှုမရှိခြင်းနှင့်ဝင်ဆံ့သည့် အပင်ဦးရေထက်များပြားခြင်းသည် ပဲတီစိမ်း၏ အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေးအပေါ် အနှောင့်အယှက်ပေးလေ့ရှိပါသည်။
ပဲတီစိမ်းသီးနှံ အထွက်နှုန်းကောင်းစေရန်အတွက် တောင်သူများအနေ ဖြင့် မျိုးရွေးချယ်မှု မှန်ကန်ရန်လိုအပ်သကဲ့သို့ မျိုးစေ့နှုန်းထားနှင့် စိုက် နည်းစနစ်မှန်ကန်ရန်လည်း အရေးကြီးလှပါသည်။ ပဲတီစိမ်းမျိုးအဖြစ် အရည်အသွေးကောင်း၊ အထွက်ကောင်းမျိုးများ ဖြစ်သည့် ရေဆင်း-၁ ၊ ရေဆင်း-၉၊ ရေဆင်း-၁၁၊ ရေ ဆင်း-၁၅ နှင့် ရေဆင်း-၁၆ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသအလိုက် အားသာသောမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ ၎င်းမျိုးများ သည် သီးတောင့်အရေအတွက်များခြင်း၊ အပင်ပုခြင်း၊ အပင်အုပ်ဆိုင်းခြင်း၊ အပင်အသေအပျောက်နည်းခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်းနှင့် ဈေး ကွက်ဝင်မှုတို့ကြောင့် တောင်သူများ ကြိုက်နှစ်သက်ကြသည်။ စိုက်ပျိုးချိန်၌ သင့်တော်သော အစိုဓာတ်ရှိရမည်။
ပဲတီစိမ်းသီးနှံကို ရေစီးရေလာကောင်းပြီး ဘယ်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်သော်လည်း မြေချဉ်ငန်ဓာတ် (၆ ဒသမ ၅) ကနေ (၇ ဒသမ ၅) ရှိသောမြေမျိုးဖြစ်ရပါမည်။ မြေချဉ်ငံဓာတ် (၅ ဒသမ ၅) အောက်နိမ့်သည့်မြေမျိုးတွင်စိုက်ပါက အပင်ဖြစ်ထွန်းမှုညံ့ဖျင်းပါသည်။ ဆားပေါက်သည့် မြေမျိုးတွင် မစိုက်သင့်ပါ။ ရေသွင်းရေထုတ်ကောင်းသော မြေမျိုးဖြစ်ရပါမည်။ စနယ်မြေစေး၊ လယ်မြေနှင့် မြေသားထုထူသည့် နုန်းသမမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။
ပဲတီစိမ်းတစ်ဧက ပန်းတိုင် ၂၀ တင်းထွက်ရှိရန် မြေဩဇာနှုန်းထားအနေနှင့် မြေပြင်ချိန်တွင် နွားချေး ၁၂၅ တင်းထည့်ပါ။ ထယ်ရေးပြင်ချိန်တွင် ယူရီးယားလေးပုံတစ်ပုံ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ်အိတ်ဝက် ထည့်ပေးပါ။ အပင်ပေါက်ကောင်း၍ အပင်ပေါက် ညီညာအောင် ပဲတီစိမ်းမျိုးစေ့များကို နာရီဝက်ရေစိမ်ပြီး ပဲမြစ်ဖုတစ်ထုပ်နှင့် သမအောင် လူးနယ်ပြီး စိုက်ရမည်။ လချေးပေါင် ၁၀၀၊ ဖီဖာ ၃ပေါင်၊ ဂျစ်ပဆန် မြေဩဇာ တစ်အိတ်ကို စိုက်ချိန်တွင်အသုံးပြုရမည်။ အပင်နှစ်ပတ်သားမှ ပန်းပွင့်သီးကင်းဝင်ချိန်အထိ ပေါင်းမြက် ကင်းစင်ရပါမည်။ ပဲတီစိမ်းသီးနှံတွင် အဝါရောင်မိုစေ့ရောဂါကျရောက်သဖြင့် ရောဂါ သယ်ဆောင်သော ယင်ဖြူကာကွယ်ရန် အပင်သက် နှစ်ပတ်သားမှစ၍ ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ရမည်။
ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် ထရိုင်ခိုဒါးမားမှိုကိုမြေဆွေးအဖြစ်အသုံးပြုနိုင်သလို သီးနှံမြေဆောင်ရောဂါအချို့ကိုလည်း အလွန်ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်၍ ရောဂါကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင်ပါသည်။ ထရိုင်ခိုဒါးမားမှိုကိုနှစ်စဉ်ဆက်တိုက် အသုံးပြုပေးပါက မြေဆောင်ရောဂါအချို့ကို စိုက်ပျိုးမြေမှ ကင်းစင်စေနိုင်ပြီး ပဲတီစိမ်းသီးနှံပင်၏ အမြစ်ကြီး သန်စွမ်းမှုနှင့် ကြီးထွား မှုကို အားကောင်းစေသည့်အတွက် မြေဆွေးပြုလုပ်ရာတွင်လည်း ကောင်း၊ ပဲတီစိမ်းမျိုးစေ့ ဆေးစီရင် ရာတွင်လည်းကောင်း၊ မြေပြင်ရာ တွင်လည်းကောင်း၊ ရောဂါကျနေသည့် ပဲတီစိမ်းစိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုနိုင် ပါသည်။
ပတ်ဝန်းကျင်ရာသီဥတုအခြေ အနေ ပြောင်းလဲမှုသည်လည်းပဲ ပဲတီစိမ်းသီးနှံ အထွက်နှုန်းကောင်းစေရေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပဲတီစိမ်းသီးနှံ၏ အထွက်နှုန်းကို လျော့ ကျစေနိုင်သော အကြောင်းအရင်းတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုး သည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေ ဝပ်/ရေလွှမ်းခြင်း စသည့်အကြောင်းအရင်းများလည်း ပါဝင်နေသည်။ ထို့အပြင် မရိတ်သိမ်းမီ အပင်ပေါ်တွင် အညှောင့်ပေါက်ခြင်း နှင့် သီးတောင့် ကွဲခြင်းသည်လည်း ပဲတီစိမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေ သော ပြဿနာ များဖြစ်ပါသည်။
ယင်းဖြစ်စဉ်ကြောင့် ပဲတီစိမ်းသီးနှံ၏ အထွက်နှုန်းကို ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်သည့်အပြင် သီးနှံ၏အရည်အသွေးကိုပါ ထိခိုက်စေနိုင်ပါသည်။ ပဲတီစိမ်း စိုက် တောင်သူများအနေဖြင့် အပင်ပေါ်အညှောက်ပေါက်ခြင်းနှင့် သီးတောင့်ကွဲခြင်းမှ ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာ
ဆောင်ရွက်သင့်ပါသည်-
သီးတောင့်များ ၅၀ ရာခိုင်နှုန်း အညိုရောင် (သို့) အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့နေချိန်တွင် စတင် ရိတ်သိမ်းပါ။
ပဲတီစိမ်းသီးနှံသည် သီးတောင့်ဖြစ်ပေါ်မှုကာလကြာရှည်၍ (၂) ကြိမ် မှ (၃) ကြိမ် ရိတ်သိမ်း ရသည့် အတွက် ၇-၁၀ရက်ကြာလျှင် နောက်တစ်သီးဆွတ်ခူးပါ။
တစ်ကြိမ်တည်းစက်ဖြင့်ရိတ်သိမ်းမည်ဆိုပါက သီးတောင့်များ၏ ၉၀ ရာခိုင်နှုန်း အနက်ရောင်ပြောင်းချိန်တွင် ချက်ချင်းရိတ်သိမ်းခြွေလှေ့သန့်စင်ပါ။
သီးတောင့်ရင့်မှည့်ချိန်ကာလအတွင်း မိုးရွာခြင်းနှင့် မိုးအုံး၍ စိုထိုင်းဆများခြင်းများ ကြုံတွေ့ရပါက ချက်ချင်းခူးဆွတ်၍ အခြောက်ခံ ကာ နေချင်းပြီး ချွေလှေ့သန့်စင်ပါ။ သီးနှံ ၏အရည်အသွေးကို ထိန်းသိမ်းရန် အစိုဓာတ် ၈-၉ ရာခိုင်နှုန်းတွင် သိုလှောင်ပါ။
ထို့အပြင် နိုင်ငံတကာစားနပ်ရိက္ခာကုန်စည်ရောင်းဝယ်မှုတွင် အစား အစာ ဘေးကင်း ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်း ကျင်ရေရှည်တည်တံ့ရေးတို့ကို ဦးစားပေးအချက်အနေဖြင့် ဆောင် ရွက်လျက်ရှိရာ ပဲတီစိမ်းသီးနှံစိုက် ပျိုးရာတွင် မရိတ်သိမ်းမီနှင့် ရိတ် သိမ်းပြီးနောက်ပိုင်း စီမံခန့်ခွဲမှု အလိုက် ဆောင်ရွက်ရမည့် Myanmar GAP guidelines များနှင့်အညီ စိုက်ပျိုးသည့် အလေ့အကျင့်ကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါသည်။
ထို့ကြောင့် GAP နည်းစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမှုမှ GAP အသိ အမှတ်ပြုလက်မှတ် ရရှိပါက စိုက် ပျိုးရေးဖြင့်ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ခြင်း၊ စိုက်ပျိုးသူနှင့် စားသုံးသူကျန်းမာရေးအတွက်ဘေးကင်းသော အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ ပြည်ပ ဈေးကွက် ဦးစားပေးရရှိခြင်း၊ အရည် အသွေးကောင်းသဖြင့် ဈေးနှုန်းပိုမိုရရှိခြင်း၊ ခိုင်မာသော ဈေးကွက်ရှိခြင်း၊ ဈေးနှုန်းပိုမိုရရှိသဖြင့် တောင်သူ ဝင်ငွေတိုးတက်လာခြင်း၊ ဓာတုဆေးများ အား လိုအပ်မှသာ အသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း စသည့် အကျိုးကျေးဇူး များစွာရှိသည့်အတွက် ပဲတီစိမ်းသီးနှံကို GAP စနစ်ဖြင့် စိုက်ပျိုးခြင်းသည်စိုက်ပျိုးသူ၊ စားသုံးသူနှင့် ပတ်ဝန်း ကျင်အားလုံးအတွက် ရေရှည်အကျိုး ရှိသော စိုက်ပျိုးမှုစနစ် တစ်ခု ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးရေးကဏ္ဍတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် အခြေခံ နည်းလမ်းလေးသွယ်ကိုပေါင်းစပ်ကာ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက် ပျိုးခြင်း၊ မြေဆီလွှာကျန်းမာသန်စွမ်းစေရန် အာဟာရများ ဂရုတစိုက် ထည့်သွင်းခြင်း၊ ရေရရှိရေးနည်းလမ်း များဖြင့် စိုက်ပျိုးရေရရှိခြင်း၊ ခေတ်မီနည်းစနစ်များကို အသုံးပြု၍ အပင်ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ အပင်ဦးရေပြည့်မီစွာ စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းသည် ကျန်းမာသန်စွမ်း၍ အစေ့အဆန် ပြည့်ဝသော အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းသီးနှံကို လက်ဝယ် ပိုင်ဆိုင်ရရှိခြင်းနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အရည်အသွေးကောင်း ပဲတီစိမ်းမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ခိုင်မာ သော ပဲတီစိမ်းဈေးကွက် ရရှိစေပြီး တောင်သူဝင်ငွေတိုးတက်စေမှာ ဧကန်မလွဲပင်ဖြစ်ပါသည်။
ခိုင်စုရွှေဦး(DOA Ygn)