သိုးဆိတ်သားတိုးမြှင့်ထုတ်လုပ်ဖို့ ၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

သိုးဆိတ်သားတိုးမြှင့်ထုတ်လုပ်ဖို့ ၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

goat
မွေးလို့ရတဲ့ရွှေ (သို့မဟုတ်)သိုး/ဆိတ်မွေးမြူရေး

သိုး၊ ဆိတ်မွေးမြူရေးအား လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ခန့်ကပင် စတင်ဆောင်ရွက်ခဲ့ကြပြီး လူသားတို့ မွေးမြူသည့်တိရစ္ဆာန်များထဲမှ ရှေးအကျဆုံးတိရစ္ဆာန်များထဲတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ သိုး/ဆိတ်မွေးမြူရေးသည် လူ သားများအတွက် အသားနှင့်နို့ ရရှိမှုသာမက အမွေးနှင့်သားရေမှ အဝတ် အထည်နှင့် လူသုံးကုန်ပစ္စည်းများစွာအတွက် အသုံးဝင်သောမွေးမြူရေး လုပ်ငန်းတစ်ခု ဖြစ်လာပါသည်။    ကမ္ဘာ့ရေမြေရာသီဥတုသဘာဝများအရ မျိုးရိုးပုံပန်းသဏ္ဍာန်နှင့် အရည် အသွေးများ ကွဲပြားကြပါသည်။ မှတ်တမ်းတင်မှုများအရ ကမ္ဘာပေါ် တွင် သိုး/ဆိတ်မျိုးပေါင်း ၃၀၀ ကျော်ရှိပြီးအုပ်စုအားဖြင့် အသားတိုး ဆိတ်၊ နို့စားဆိတ်နှင့် အမွေးအမျှင်ရရှိရန် ရည်ရွယ်မွေးမြူသော ဆိတ်မျိုးဟူ၍ အုပ်စု ၃ စု ခွဲခြားနိုင်ပါသည်။ မူလ တောရိုင်းသိုး/ဆိတ်များအား ဖမ်းယူ ၍ ယဉ်ပါးအောင် မွေးမြူကြခြင်းဖြင့် ထိန်းကျောင်းမွေးမြူခြင်း အလေ့အထများ စတင်ခဲ့ကြပါသည်။ 

မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူဖြစ်ထွန်းနေသော ဆိတ်မျိုးများမှာ ရှေးယခင်ကာလ နိုင်ငံ အချင်းချင်း၊ ဒေသအချင်းချင်း ကုန်စည်ကူးသန်း ရောင်းဝယ်ကြရာမှအစပြုခဲ့ကြောင်း သိရှိရပါသည်။ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့်ရက်ပေါင်း များစွာ ခရီးသွားကုန်သွယ်ကြရာ ခရီးကာလအတွင်းလမ်းခရီး၌ အသား၊ နို့နှင့် ဥများရရှိနိုင်ရန် သိုး/ဆိတ်နှင့် အခြားတိရစ္ဆာန်များအား ခရီးသွားရင်း သယ်ဆောင်သွားကြသော အလေ့အထများ ရှိခဲ့ပါသည်။ ထိုမှတစ်ဆင့် ဒေသတစ်ခုမှ တစ်ခုသို့ ရောက်ရှိပျံ့နှံ့ရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မွေးမြူခဲ့ကြရာ အချိန်ကာလကြာမြင့်လာပြီး ရေမြေရာသီဥတုနှင့် အသားကျသင့်လျော်သော မျိုးများ ကျန်ရှိဖြစ်ထွန်းခဲ့ရာ ယနေ့ထိတိုင် ဒေသမျိုးရင်းများအဖြစ် မွေး မြူဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောသိုးနှင့်ဆိတ်မျိုးများ

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက် ယူမှု၊ ၂၀၂၃ ခုနှစ် စာရင်း ကောက်ယူမှုနှင့် လက်ရှိမြေပြင်စာရင်းများအရ သိုး/ဆိတ်ကောင်ရေ ၂ သန်းခွဲခန့်ရှိပြီး အသားကဏ္ဍ ဖူလုံရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် တန်ဖိုးကြီးသည့် အရင်းအမြစ်များဖြစ်ပါသည်။ အဓိကအားဖြင့် ဒေသမျိုးရင်းဆိတ်များဖြစ်သော ထိန်စမ်း၊ ဂျိတ်နီနှင့် ဝေသာလီမျိုးများ ဖြစ်ကြပါသည်။ ပြည်ပမှတင်သွင်းမွေးမြူသောဆိတ် မျိုးများမှာ ဘိုဝါအသားတိုးဆိတ်မျိုးနှင့် ဆာနန်နို့စား ဆိတ်မျိုးများ ဖြစ်ကြသည်။ 

ထိန်စမ်းဆိတ်မျိုးမှာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ထိန်စမ်းရွာမှ စတင်အောင်မြင် ပြန့်ပွားသော ဆိတ်မျိုးဖြစ်ပြီး ပုပ္ပားနယ်တစ်ဝိုက်၊ ချောက်၊ မြိုင်၊ နတ်မောက်မြို့နယ်တို့တွင် အဓိကတွေ့ရှိရပြီး ဒေသအတော် များများတွင် မွေးမြူဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကိုယ်လုံးဖြူ၊ ဦးခေါင်းမဲ၊ နှာခေါင်းပိုင်း အမွှေးဖြူတတ်ပြီး အများအားဖြင့် မုတ်ဆိတ်ပါသည်။ နားရွက်ရှည်ကာ မျက်နှာခုံးပြီး ဦးချိုနောက်ဘက်လန်ပြီး ကွေးနေတတ်သည်။ သာမန်အားဖြင့်အရွယ်ရောက်ပြီးသော ဆိတ်ထီး သည် ကိုယ်အလေးချိန် ၅၀ ကီလိုနှင့် အမသည် ၃၀ ကီလိုခန့်ရှိပါသည်။ 

ဒေသမျိုးရင်းဆိတ်ဂျိတ်နီမျိုးမှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နယ်တစ်ဝိုက် တွင် မွေးမြူဖြစ်ထွန်းလျက်ရှိသည်ကိုအများဆုံးတွေ့ရှိရပါသည်။နီညို ရောင်၊ အုန်းခွံရောင်နှင့် မန်ကျည်းစေ့ရောင်ရှိပြီး အရွယ်ရောက်ပြီးသော ဆိတ်ထီးမှာ ကိုယ်အလေးချိန် ၅၀ ကီလိုခန့်နှင့် အမမှာ ၄၀ ကီလိုခန့် ရှိနိုင်ပြီး အရပ်အမောင်းကောင်းကြပါသည်။ အရောင်နှင့် ပုံပန်းသဏ္ဍာန်မှာ နှစ်လိုဖွယ်ရှိပြီး ဒေသရာသီဥတုနှင့် အစာကြမ်းဒဏ်အား ခံနိုင်ရည်ရှိကြသည်။ 

ဝေသာလီဆိတ်မျိုးအား မကွေး တိုင်းဒေသကြီး၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ် တစ်ဝိုက်တို့တွင် အဓိကတွေ့ရပါသည်။ အဖြူရောင်၊ အနက်ရောင်နှင့် အညိုရောင်၊ အဖြူနှင့်အနက်ကျားအရောင်များ တွေ့ရပါသည်။ အရပ်အမောင်း ကောင်းပြီး အရွယ်ရောက် အထီးသည် ကိုယ်အလေးချိန် ၄၀ ကီလိုခန့်နှင့် အမသည် ၃၀ ကီလိုခန့် ရှိတတ်ပါသည်။ 

အသားတိုးဆိတ်ဘိုဝါမျိုးမှာ တောင်အာဖရိကမျိုးရင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အောင်မြင် ဖြစ်ထွန်းကြောင်းတွေ့ရှိရပါသည်။ အသားတိုးနှုန်းနှင့် အသားအရည် အသွေး ကောင်းပြီး သားပေါက်နှုန်းကောင်းပါသည်။ ခန္ဓာကိုယ်အဖြူနှင့် ဦးခေါင်းနီညိုရောင်ရှိပါသည်။ ဦးချိုမှာ အနောက်ဘက်နှင့် အောက်ဘက်ကို ကွေးဆင်းပြီး မျက်နှာအခုံးနှင့် လိုက်ဖက်တင့်တယ်သည်။ သန်မာ ၍ အချိုးကျသော ခြေလက်များရှိပြီး အထီးသည် ကိုယ်အလေးချိန် ၁၆၀ ကီလိုနှင့် အမသည် ၁၁၀ ကီလိုအထိ ကြီးထွားနိုင်ကြပါသည်။ မြန်မာနိုင်ငံတွင် လတ်တလော မွေးမြူကောင်ရေ နည်းပါးသေးသော်လည်း ရေမြေရာသီဥတုနှင့် သင့်လျော်၍ ဖြစ်ထွန်း မှုအလားအလာကောင်းသော အသားတိုးဆိတ်မျိုး ဖြစ်ပါသည်။ 

ဆာနန်နို့စားဆိတ်မျိုးမှာ နို့ရရှိရန်အတွက် အဓိကရည်ရွယ် မွေးမြူကြပြီး အဖြူရောင်နှင့် နို့နှစ်ရောင် ရှိတတ်ပါသည်။ အရွယ်ရောက်ပြီးအထီးသည် ကိုယ်အလေးချိန် ၇၀ ကီလိုနှင့် အမသည် ၅၀ ကီလိုခန့် ရှိနိုင်ပြီး အရွယ်အစားကြီးသကဲ့သို့ နို့ထွက်နှုန်းနှင့် နို့အရည်အသွေး ကောင်းမွန်ကြပါသည်။ နို့အုံနှင့် ခန္ဓာကိုယ်ပုံစံ အချိုးကျနပြီး ပြေပြစ်လှပပါသည်။ ဦးခေါင်း သေးပါသည်။ နားရွက်များမှာ ချွန်၍ထောင်ပြီး အရွယ် အစားသေးသည်။ 

သိုးမွေးမြူရေးတွင်လည်း ဒေသသိုးမျိုးကိုသာ အဓိကမွေးကြပါ သည်။ ခန္ဓာကိုယ် အဖြူရောင် ရှိပြီး ဦးခေါင်းဝါနှင့် အမြီးမှာ တံခေါက်ကွေး အောက်အထိရှည်သော ခေါင်းဝါမျိုး (ကုလားသိုးဟု လည်း ခေါ်ကြသည်)အား အဓိကမွေးမြူကြပြီး ဦးခေါင်းမည်းအမြီးတိုမျိုးများထက် ကြီးထွားနှုန်း ပိုမို ကောင်းမွန်ကြပါသည်။အသားနှင့် သိုးမွှေးရရှိရေးအတွက်ရော အဓိကရည်ရွယ် မွေးမြူခဲ့ကြ ပါသည်။ ယခုအချိန်တွင် သိုးမွှေးဈေးကွက် အခက်အခဲအရ အသားအတွက်သာ အဓိကထား မွေးမြူကြကြောင်း တွေ့ရှိရပါသည်။ သိုးများမှာ ဆိတ်နှင့် အခြားသတ္တဝါများထက် အုပ်စုဖွဲ့ နေထိုင်တတ်ခြင်း၊ အစာကြမ်းဒဏ်ပိုမိုခံနိုင်ခြင်းများကြောင့် ထိန်းကျောင်းမွေးမြူရန် လွယ်ကူကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် မွေးမြူတောင်သူများအနေဖြင့် သိုး/ဆိတ်မျိုးများ ရရှိနိုင်မှု အားသာချက်များမှာ အရည်အ သွေးကောင်းမွန်ပြီး ဒေသရာသီဥတု၊ သဘာဝပေါက်ပင်များနှင့် အသားကျ ပြီးသော ဒေသမျိုးရင်းများ အလွယ် တကူရရှိနိုင်ခြင်း၊ ဒေသနှင့် သင့် လျော်သော နိုင်ငံခြားမျိုးများ ဝယ်ယူ ရရှိနိုင်ခြင်းအပြင် ဆိတ်မေထုံမဲ့သားစပ်လုပ်ငန်းများကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ဆိတ်မျိုး ရည်ခဲချောင်းထုတ်လုပ်ရေး၊ နည်းပညာဖြန့်ဝေရေးနှင့် မြေပြင်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်နိုင်ရေး လုပ်ငန်းများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှစီစဉ် ဆောင်ရွက်လျက် ရှိပါသည်။  

အစာကျွေးမွေးခြင်းနည်းစနစ် 

အစာစားသုံးမှုအနေဖြင့် သိုး/ဆိတ်များမှာ အစာအိမ်အခန်း ၄ ခန်းပါသော စားမြုံ့ပြန်သတ္တဝါများဖြစ်ပြီး အခြားတိရစ္ဆာန်များ မစားသော အသီးအရွက်အတော်များများအား စားနိုင်ကြပါ သည်။ ဇီး၊ ဇီးခလောက်၊ ခံပင်၊ ဇင့်နီ၊ ဘောစကိုင်း၊ မြေစာ မြက်၊ မန်ကျည်းရွက်၊ တမာ၊ ရှားရွက်၊ ကုက္ကိုရွက်၊ ထနောင်းရွက်၊ ဝါးရွက်၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲမျိုးစုံအရွက်များ၊ အဝေရာရွက်၊ အဝေရာသီး၊ မယ်ဇလီ၊ မြင်းခွာရွက်၊ အခြားအသီးအစေ့အဆံများအား ကြိုက်နှစ်သက်ကြပါသည်။ ဖြည့်စွက်စာအနေနှင့် ပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ ဆန်ကွဲ၊ ဖွဲနု၊ ကုလား ပဲခွံ၊ ပဲမျိုးစုံခွံ၊ နေကြာစေ့ဖတ် စသည်ဖြင့် မိမိတို့လက်လှမ်းမီရာ ကျွေးမွေးနိုင်ပါသည်။ ဖြည့်စွက်စာအား မတူ ညီသော အစာအမယ်အမျိုးမျိုးကို စနစ်တကျရောစပ်၍ ကျွေးရန် လိုအပ်ပါသည်။ အစာတွင် အိမ်သုံးဆား ထည့်ကျွေးခြင်း၊ သတ္ထုဓာတ်များပြည့်စုံစေရန် ယူရီးယားသကာတုံးကဲ့သို့သော ဓာတ်ဆားခဲတုံးများအား လျှာဖြင့်လျက်၍ စားနိုင်ရန် ချိတ်ဆွဲပေးထားခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ သို့မှသာ ၎င်းတို့၏ နေ့စဉ်ဘဝဖြတ်သန်းမှုနှင့် သားမွေးခြင်းကိစ္စများအတွက် အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းမည်ဖြစ်ပါသည်။ အစာကျွေးမွေးရာတွင် အသက်အရွယ် နှင့် ခန္ဓာကိုယ်အလေးချိန်အရွယ်အ စားပေါ် မူတည်၍ ကျွေးရပြီး ပုံမှန်အားဖြင့် ခန္ဓာကိုယ်အလေးချိန်၏ (၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း) အထိ အစာစားကြ၍ လုံလောက်အောင် တွက်ချက်ကျွေးရန် လိုအပ်ပါ သည်။ ကိုယ်ဝန်ဆောင်ဆိတ်မများ၊ နို့တိုက်ဆိတ်မများအတွက် အစာနှင့် ဓာတ်ဆား များ ပိုပြီးလိုအပ်ပါသည်။ လိုအပ်သောစွမ်းအင်ဓာတ်၊ အသားဓာတ်နှင့် သတ္ထုဓာတ်များ စုံလင်အောင် အချိုးကျ ရောစပ်ကျွေးရန်လိုအပ်ပါသည်။ ဖြည့်စွက်စာအတွက် အစာစပ်ခြင်းအား ဖော်ပြပါအတိုင်း နမူနာ တွက်ချက်ကျွေးမွေးနိုင်ပါသည်။

မှတ်ချက်။    မိမိဒေသအလိုက် ဈေးနှုန်း သင့်၍ ပေါများသော ကုန်ကြမ်းများအား အသုံးပြုနိုင်ပါသည်။

အစာကျွေးမွေးမှုမှာ မွေးမြူသောနည်းစနစ်ပေါ်တွင်လည်း မူတည်ပါသည်။ မြန်မာနိုင်ငံတွင် မွေးမြူနည်းစနစ် ၃ မျိုး တွေ့ရှိရပြီး လွှတ်ကျောင်းစနစ်၊တစ်ဝက်လွှတ်ကျောင်း စနစ်၊ ခြံလှောင်စနစ်တို့ ဖြစ်ကြပါသည်။ လွှတ်ကျောင်းစနစ်တွင် သိုးဆိတ်များအား လွှတ်ကျောင်းခြင်းဖြင့် အစာစားစေပြီး ခြံသို့ပြန်သိမ်းချိန်တွင် ဖြည့်စွက်စာ အနည်း ငယ်သာ ကျွေးရန်လိုသောစနစ်ဖြစ်ပါသည်။ လွှတ်ကွင်း၌ အစာပင်ပေါများပါက ဖြည့်စွက်စာကုန်ကျ စရိတ် နည်းပါသည်။တစ်ဝက်လွှတ်ကျောင်း စနစ်မှာ အချို့အချိန်တွင် လွှတ်ကွင်းသို့ လွှတ်ခြင်း၊ ခြံသို့ပြန်သွင်းချိန်တွင်အစာကြမ်းနှင့် ဖြည့်စွက် စာအစာနုကျွေးခြင်းဖြင့်မွေးမြူသောစနစ်ဖြစ်ပါသည်။လွှတ်ကျောင်းစနစ်ထက်စာလျှင် အစာကုန်ကျ မှု ပိုများပါသည်။ 

ခြံလှောင်မွေးစနစ်မှာ သိုး/ဆိတ်များအား လမ်းလျှောက်ရန် ခြံတွင်းလွှတ်ကွင်းသို့ လွှတ်သည် မှအပ အစာရိတ်သိမ်းကျွေးမွေးခြင်း၊ ဖြည့် စွက်စာကျွေးမွေးခြင်းတို့အားလုံ လောက် စွာ စီမံကျွေးမွေးပြီး ခြံလှောင်မွေးသောစနစ်ဖြစ်ပါသည်။ ထိန်းသိမ်းစောင့်ရှောက်မှု အားသာချက်များရှိပြီး အစာကုန်ကျ မှုနှင့်လုပ်အားစရိတ်များ ပိုမိုကုန်ကျသော စနစ်ဖြစ်ပါသည်။ မည်သည့်စနစ်ဖြင့်မွေးမြူစေကာမူ သန့်ရှင်း လတ်ဆတ်သော သောက်သုံးရေလုံလောက်စွာရရှိရန် အတွက် စီမံဆောင်ရွက်ပေးရ ပါသည်။ လုပ်အားအနေဖြင့် သာမန်အခြေအနေတွင် သိုး/ဆိတ် ၃၅ ကောင်မှ ၅၀ ကောင်အတွက် လုပ်သား ၁ ယောက်နှုန်းလိုအပ်ပြီး သောက်သုံးရေအနေဖြင့် တစ်ကောင်လျှင် တစ်ရက် ၁ လီတာ နှုန်းခန့် လိုအပ်ပါသည်။ နေထိုင်စားသောက်ရာတွင် သန့်ရှင်းမှုကို နှစ်သက် ကြပြီး ခုန်ပေါက်ဆော့ ကစားခြင်း၊ သစ်တုံးနှင့် အရာဝတ္ထုများအပေါ် တက်လိုက်ဆင်းလိုက် ဆော့ကစားရခြင်းတို့ကို နှစ်သက်ပါသည်။ ဆော့ကစားနိုင်ရန် စီမံဆောင် ရွက်ပေးထားခြင်းဖြင့်ကျန်းမာရေးပိုမိုကောင်း မွန်ပြီး ထုတ်လုပ်မှုတိုးတက်စေကြောင်း သိရှိရပါသည်။

မွေးခြံဆောက်လုပ်ခြင်း

အဆောက်အဦအနေဖြင့် သစ်သား၊ ဝါး၊ သက်ကယ်များဖြင့် အဆင်ပြေသလို ဆောက်လုပ်နိုင်ပြီး လေဒဏ်နှင့် မိုးဒဏ်ကာကွယ်နိုင်ပြီး သန့်ရှင်းခြောက်သွေ့ရန် အဓိကလို အပ်ပါသည်။ အရွယ်အလိုက် ကြမ်း ခင်းအကျယ်လိုအပ်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မှတ်ချက်။    မွေးမြူသောစနစ်ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

လိုအပ်သောအဆောက်အဦ၊ ကပ်ပါးရောဂါနှင့် အခြားလိုအပ်သော ကာကွယ်ဆေးများ ပုံမှန် ထိုးနှံပေးထားပါက ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အခြားတိရစ္ဆာန်များထက် ရောဂါဖြစ်ပွားမှု နည်းပါးပါသည်။ 

ဈေးကွက်အားသာချက်အနေဖြင့် သိုး/ဆိတ်မွေးမြူရေးလုပ်ငန်းသည် အခြားသော မွေးမြူရေး လုပ်ငန်းများထက် ပိုမိုအားသာကြောင်း တွေ့ရှိရပါသည်။ တရုတ်၊ ယိုးဒယား၊ မလေးရှားစသော ပြည်ပနိုင်ငံများသို့ တရားဝင်ပို့ဆောင်နိုင်သော ဈေးကွက် ရှိနေခြင်းမှာ အားသာချက်တစ်ခုဖြစ် ပါသည်။ ပြည်တွင်းဈေးကွက်အနေ ဖြင့်လည်း နို့ခွဲအရွယ် ၃-၄ လသားမှ စတင်၍ ဈေးကွက်ပို့ ဆောင်နိုင်ပြီဖြစ်ပါသည်။ မျိုးလိုင်းမွေးမြူသူ၊ ကဆီ(သင်းကွပ်၍ အသားတိုးမွေးခြင်း) မွေးမြူသူများအနေဖြင့် အရွယ် စုံ ဝယ်ယူမွေးမြူကြသည်ကို တွေ့ရှိရပြီး အသားခြောက်လုပ်ငန်း၊ စားသောက် ကုန် လုပ်ငန်းကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချလျက်ရှိရာ အသားဈေး ကွက် နှင့် မွေးမြူရေးဈေးကွက်များအနေဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိနိုင်သော မွေးမြူရေးလုပ်ငန်း တစ်ခု ဖြစ်ပါသည်။ 

ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ

ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်မှာ အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ပါသည်။   ပြည့်စုံစွာ ရှင်းလင်း ရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သော မွေးမြူရေးခြံများအတွက် တိရစ္ဆာန် ကူးစက် ရောဂါ၊ တိရစ္ဆာန်မှလူသို့ကူးစက်စေတတ်သောရောဂါ တို့ကို စနစ်တကျ ကာကွယ် ထိန်း ချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်ထားပြီးဖြစ်၍ GAHP လက်မှတ်ရခြံများသည် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြပါသည်။ လေ့လာသူများ သိရှိ နိုင်ရန် သိုးဆိတ်မွေးမြူ ထုတ်လုပ်ရေးခြံများတွင် ကျွမ်းကျင်ပညာရှင်ဖြင့် မဖြစ်မနေ ထိုးနှံ ပေးရမည့် တိရစ္ဆာန် ကူးစက် ရောဂါ ကာကွယ် ဆေးများကို ဖော်ပြလိုပါသည်။ 

(က)    ခွါနာလျှာနာရောဂါ ကာကွယ်ဆေး
(ခ)    ဒေါင့်သန်းရောဂါကာကွယ်ဆေး

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း

သတ်မှတ်GAHPများအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက် ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင် ရွက်ထားရှိပါသည်။

သိုး/ဆိတ်သား၊ အေးခဲသိုး/ဆိတ်အသားနှင့် ကလီစာအတွက်စံချိန်စံညွှန်း

ဤစံချိန်စံညွှန်းသည် Swine species မှ ထုတ်လုပ်ထားသော သိုး/ဆိတ်သား၊ အေးခဲ သိုးဆိတ်သားနှင့် ကလီစာ စသည်တို့အားလုံးအတွက် အကျုံးဝင်သည်။ ထုတ်ပြန်ပြီး စံချိန် စံညွှန်း တွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင် စစ်ဆေးရန် စံချိန်စံညွှန်များ သတ်မှတ်ခြင်းဟူ၍ အပိုင်း၃ပိုင်းရှိသည်ဟု ယေဘုယျ သိရှိနားလည်ထားစေလိုပါသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရ မှ ပြည်တွင်းသာမက ပြည်ပို့ကုန်ထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်ပါသည်။ 

ထုတ်ပြန်ပြီး သိုး/ဆိတ်သား ဆိုင်ရာ စံချိန်စံညွှန်းတွင် ပါဝင်သည် အခန်း ကဏ္ဍများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  1. သိုး/ဆိတ်သား ၊အေးခဲသိုး/ဆိတ်သား နှင့် စားသုံးနိုင်သောကလီစာအတွက် အဓိပ္ပာယ် ဖွင့်ဆိုခြင်း

  2. သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ ကျန်းမာရေးမျက်မြင်စစ်ဆေးခြင်း

  3. သားသတ်ပြီးနောက်တိရစ္ဆာန်ထွက်ပစ္စည်းများကို စစ်ဆေးခြင်း

  4. နမူနာပစ္စည်းပေးပို့ခြင်း၊တိရစ္ဆာန်ထွက်ပစ္စည်းများကိုအရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း

  5. နမူနာပစ္စည်းပေးပို့ခြင်း၊ညစ်ညမ်းပစ္စည်းနှင့်အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း

  6. သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

  7. မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှု ဆိုင်ရာ စံချိန်စံညွှန်းများ

  8. အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

  9. နမူနာပစ္စည်းပေးပို့ခြင်း ၊ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း

  10. နမူနာပစ္စည်းပေးပို့ခြင်း ၊ထုတ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း

  11. နမူနာပစ္စည်းပေးပို့ခြင်း ၊သယ်ယူပို့ဆောင်ခြင်း

နိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေး ဗဟိုကော်မတီမှခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်းများနှင့်ပတ်သက် ၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ရုံးအမှတ် ၃၆၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနတွင် ဆက်သွယ်မေးမြန်းလေ့ လာနိုင်ပါသည်။

မွေး၍ ရသော ရွှေ

မြန်မာနိုင်ငံအနေဖြင့် သိုး/ဆိတ်မွေးမြူရေးလုပ်ငန်းတွင် အထက်ဖော်ပြပါ အားသာချက်များ ဖြစ်သော ဒေသမျိုးရင်းမျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိနိုင်မှု၊ ဆိတ် မွေးမြူရေးအား ရင်းနှီး ကျွမ်းဝင်ပြီးသော မွေးမြူတောင်သူများရှိခြင်း၊ သိုး/ဆိတ်မွေးမြူရေး အောင်မြင်ဖြစ်ထွန်းနိုင်သော သဘာဝပေါက်ပင်နှင့် ရေမြေရာသီဥတုများရှိခြင်း၊ လက်ရှိဈေးကွက်အပြင် ဈေးကွက်ထပ်မံချဲ့ထွင်နိုင်သော အခြေနေကောင်းများရှိခြင်း၊ နည်းပညာအကူ အညီများ ရယူနိုင်သော အခွင့်အလမ်း များရှိခြင်း စသောအားသာချက်များအားဟန်ချက်ညီညီအသုံးချ၍ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက တစ်ပိုင် တစ်နိုင်မှသည် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအထိ တောင်သူများဝင်ငွေတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုဖြစ်ထွန်းမည့် “မွေး၍ရသောရွှေ” ဟု တင်စားခေါ်ဆိုနိုင်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

အောင်သက်စိုး(သဖန်း)