စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းဆိုသည်မှာ

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP - Good Agricultural Practices) စိုက်နည်း စနစ်ဖြင့် နည်းပညာပေးရန်အတွက် စိုက်ပျိုးပြသထားသော ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ဟင်းသီးဟင်းရွက်အဆင့်မြင့်စံပြခြံ သို့သွားရောက်၍ တာဝန်ရှိသူဦးမျိုးထိုက်ကြွယ်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲနှင့် ခြံတာဝန်ခံ ဦးစီးအရာရှိ ဦးကျော်ဌေးတို့အား တွေ့ဆုံမေးမြန်းခဲ့မှုများကို သိရှိလေ့လာနိုင်ကြပါရန် တင်ပြလိုက်ရပါသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုတာက မြေပြုပြင်စိုက် ပျိုးထုတ်လုပ်ချိန်မှ စားသုံးသူလက်ဝယ် ရောက်သည်အထိထုတ်လုပ်မှု ကွင်းဆက် တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေမည့် ကူးစက်ညစ်ညမ်း မှု အနည်းဆုံးဖြစ်စေဖို့ လိုက်နာရမဲ့ နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်းလမ်းညွှန်မှုများ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများမှာ အခန်းကဏ္ဍကြီး ၄ ခုရှိပါတယ်။ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများ၏အရည်အသွေးကဏ္ဍနဲ့လုပ်သားများ၏ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍတို့ ဖြစ်ပါတယ်။
စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိက လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သော မြန်မာ့စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း နည်းစနစ် လိုက်နာကျင့်သုံးရန်နည်းပညာပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုး ရေးဦးစီးဌာနအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိ အမှတ်ပြု လက်မှတ်ကို ၂၀၁၆-၂၀၁၇ ခုနှစ်ကနေ စတင်ပြီးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကနေ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇန်နဝါရီ အထိ သီးနှံ ၇၁ မျိုးအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းအသိအမှတ်ပြု လက်မှတ်ပေါင်း ၄၅၁၆ စောင် ထုတ်ပေးနိုင်ခဲ့ပါတယ်။
ယခုအခါ သီးနှံတွေကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အသိအမှတ်ပြုလက်မှတ်ပေးတဲ့အခါ ပိုမိုလျင်မြန်လွယ်ကူစေဖို့ ၂၀၁၈ ခုနှစ်ကနေ စတင်ပြီး (Online System) ဖြင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနေကြောင်းတင်ပြလိုပါတယ်။ Online ကနေ အသိအမှတ်ပြု လက်မှတ်လျှောက်တဲ့အခါ စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဆီကို လျှောက်လွှာတင်ရမှာဖြစ်ပြီးမြို့နယ်ဦးစီးမှူးကနေတစ်ဆင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနကို တင်ပြရမှာဖြစ်ပါတယ်။ မြို့နယ်ဦးစီးမှူးက တင်ပြတဲ့တောင်သူရဲ့လျှောက်လွှာကို ခရိုင်ဦးစီးမှူးက စိစစ်ပြီး ခရိုင်မှာရှိတဲ့ဝန်ထမ်းတွေကစိုက်ပျိုးတောင်သူတွေရဲ့ကွင်းထဲကိုကိုယ်တိုင်သွား ရောက်ပြီး အဖွဲ့ဖွဲ့စစ်ဆေး မှာဖြစ်ပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေကို ခရိုင်မှတစ်ဆင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဦးစီးမှူးကို တင်ပြတာဖြစ်ပါတယ်။ပြည်နယ်ဦးစီးမှူးက တင်ပြလာတဲ့လျှောက်လွှာတွေကို ကိုးကားဖြည့်စွက်ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)ကို တင်ပြပါတယ်။ ရုံးချုပ်ကနေ အသိအမှတ်ပြုလက်မှတ်ပေးသည့် လုပ်ငန်းကိုဆောင်ရွက်ပေးပါတယ်။ အတည်ပြုပြီးသော လျှောက်လွှာများကို ရာသီသီးနှံတွေ မစိုက် ပျိုးခင်၊ နှစ်ရှည်သီးနှံအနေနဲ့ဆို ၆ လခန့် ကြိုတင်၍ ခရိုင်ဦးစီးရုံးမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲသို့ ပေးပို့ ဆောင်ရွက်ရပါမယ်။
စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း ဟင်းသီးဟင်းရွက်စံပြခြံကို လက်ရှိ ပျဉ်းမနားမြို့ နယ်မှာ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေ၊ ထုတ်လုပ်မှု ကွင်းဆက်တိုင်းမှာပါဝင်တဲ့ထုတ်လုပ်သူတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊လုပ်ငန်းရှင်တွေ လာရောက် လေ့လာနေတာတွေ ရှိပါတယ်။
စိုက်ပျိုးထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းရဲ့ တာဝန် ယူရမဲ့အပိုင်းတွေ၊ ဆောင်ရွက်ရမဲ့အချက်တွေကို သိရှိနားလည်သွားရင် တစ်ချိန်ချိန်မှာ စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းဟာ ဈေးကွက်ကျယ်ပြန့်လာပါမယ်။ တောင်သူများလည်း ဝင်ငွေတိုး တက်မြင့်မားလာမှာဖြစ်ပါတယ်။ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
တောင်သူ လယ်သမားများ၊ စိုက်ပျိုးရေးတန်ဖိုးမြင့် ထုတ်ကုန်လုပ်ငန်းရှင်များ၊ ဟိုတယ်၊ မိုတယ်များ၊ စားသောက်ဆိုင်များမှ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။

စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲအောက်မှာရှိသော စိုက် ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ စံပြစိုက်ခင်း(ပျဉ်းမနားမြို့နယ်) ကို ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံ၊ ကျောင်းအနီး၌ စတင်တည်ထောင်ခဲ့ ပါတယ်။
စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများဖြင့် သီးနှံများစိုက်ပျိုးပြသထားခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အစားအစာများစားသုံးခြင်းမှ ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ ကင်းရှင်းပြီး စိတ်ချယုံကြည်မှု ရရှိစေဖို့၊ သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးဆုံးရှုံးမှုအား ထိန်းသိမ်း ကာကွယ်နိုင်စေဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ် ထူထောင် လာနိုင်စေဖို့၊ လုပ်သားများရဲ့ ကျန်းမာရေး၊ လူမှုဘဝသာယာဝပြောရေး အလေးထားဆောင်ရွက်နိုင်စေဖို့ ဖြစ်ပါတယ်။
စိုက်ပျိုးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့် သီးနှံအမျိုးအစားပေါင်း ၃၀၊ မျိုးကွဲပေါင်း ၆၀ စိုက်ပျိုးပြသ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ စိုက်ပျိုးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့် စိုက်ပျိုးထုတ်လုပ်သူများ အဓိကအနေနဲ့ လိုက်နာဆောင်ရွက်ရမည့်အချက်များကတော့ ၁၆ ချက် ရှိပါတယ်။ အရေးကြီးဆုံးအချက်တွေကတော့ စိုက်ပျိုးမည့်မြေကို နမူနာယူပြီး မြေရဲ့အရည်အသွေး ကိုဓာတ်ခွဲစမ်းသပ်ဖို့ လိုပါတယ်။ စိုက်ပျိုးရာတွင် အသုံးပြုမည့်ရေကိုလည်း ဓာတ်ခွဲစမ်းသပ်ရပါမယ်။ ဒေသနဲ့ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်တဲ့ မျိုးကောင်းမျိုးသန့်မျိုးတွေကို ရွေးချယ်စိုက်ပျိုးရပါမယ်။ စိုက်ပျိုးမည့်မျိုးတွေကို မျိုးကွဲအမည်၊ အရေအတွက်၊ ရရှိတဲ့နေရာဒေသ၊ ရရှိတဲ့နေ့စွဲ စတဲ့ အထောက် အထားတွေကို မှတ်တမ်းထားရှိဖို့ လိုပါတယ်။
ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာတွေ သုံးစွဲမယ်ဆိုရင် အာမခံချက်ရှိတဲ့စစ်ဆေးပြီး မှတ်ပုံ တင်ပြီးသား ဓာတ်မြေဩဇာတွေကိုသာ သုံးစွဲရမှာ ဖြစ်ပါတယ်။ ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေး များ သုံးစွဲမယ်ဆိုရင်လည်း မှတ်ပုံတင်ပြီးသားဆေးတွေကိုသာ သုံးစွဲရမှာဖြစ်ပါတယ်။ ဘက်စုံပိုးမွှား ကာကွယ် ရေးနည်းလမ်းများ၊ ပိုးမွှားကင်းထောက်မှတ်တမ်း ယူတဲ့နည်းလမ်းများ အသုံးပြုပြီး ဓာတုပိုးသတ်ဆေးတွေကို လိုအပ်မှသာသုံးစွဲခြင်းဖြင့် ကုန်ကျ စရိတ်သက်သာစေပြီး တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ သီးနှံများ ရင့်မှည့်တဲ့အချိန်မှာ ထုတ်လုပ်တဲ့ သီးနှံရဲ့ အရည်အသွေး၊ ဓာတုဓာတ်ကြွင်းပါ/မပါကို ဓာတ်ခွဲစစ်ဆေးရန် သီးနှံနမူနာကို ဓာတ်ခွဲခန်းကို ပို့ဖို့လိုပါတယ်။ ဓာတ်ခွဲခန်း အဖြေသည် ထုတ်လုပ်သည့်သီးနှံတွင် စားသုံးသူများအတွက် အန္တရာယ် ဖြစ်စေတဲ့ ဓာတုဓာတ်ကြွင်း များမပါရှိဘဲ ကျန်းမာရေးနှင့်ညီညွတ်၍ အာဟာရဓာတ်များနှင့် ပြည့်စုံကြောင်း ထောက်ခံချက်ရရှိပါက ဖြန့်ဖြူးရောင်းချခွင့် ရရှိမှာဖြစ်ပါတယ်။
စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးထုတ်လုပ် မည် ဆိုပါက ကျန်းမာရေး နှင့်ညီညွတ်ပြီး အာဟာရဓာတ်များနှင့်ပြည့်စုံသော ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအစာများ ရရှိပြီး သီးနှံအရည်အသွေးကောင်း တဲ့အတွက်ကြောင့် ဈေးကောင်းရရှိ၍ တောင်သူများ ဝင်ငွေတိုးစေမယ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ် ထူထောင်နိုင်မယ်၊ လုပ်သားများကျန်းမာ၍ ဘေးအန္တရာယ်ကင်းပြီး လူမှုဘဝသာယာဝပြောရေး အထောက်အကူပြုမယ်စတဲ့ အကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ပါတယ်။
ဒီစံပြခြံအနေနဲ့ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် စိုက်ပျိုးထုတ်လုပ်ထားတာမို့ စိတ်ပါဝင်စားသူများ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
အိအိစံ(Sugar Land)