ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းအဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၈၁၀၀၀ ကျပ် နှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန်ကြမ်း ၂၅ ရာခိုင်နှုန်း နှင့် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၆၄၅၀၀ ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်းဖြင့်လည်း ကောင်း၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၆၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ် အိတ်လျှင် ၆၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ပြည်တွင်းစားသုံးမှုများသော ဆန်ချော၊ ဆန်လတ် အချို့မှာ ဆန်သစ်အဝင်လှိုင်ချိန်ဖြစ်ခြင်း၊ ဆန်ဟောင်းများ ဈေးမြင့်နေချိန်ဖြစ်ခြင်း၊ စားသုံး သူများမှ ဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ယခင် အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဆန်စပါး ပိုလျှံနေခြင်းကြောင့် ဆန်ရောင်းလိုအားများခြင်း၊ ရူပီးငွေဈေး စံချိန်တင်ကျဆင်းနေခြင်း တို့ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်အရောင်းအဝယ်အေးကာ ဈေးနိမ့်လျက်ရှိသည်။ ထို့ကြောင့် အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် မြန်မာပြည်ပပို့ဆန်ဈေးနှုန်းများ ကျဆင်း ကာ အရောင်းအဝယ် အေးလျက်ရှိသည်။ ပြည်ပပို့ဆန်များ ဈေးနိမ့်လာခြင်းကြောင့် ပြည်ပတင်ပို့ သူများအနေဖြင့်အဝယ်ရပ်ကာ ကုန်သည်များနှင့် ဆန်စက်ပိုင်များကလည်း ဝယ်ယူမှုလျော့နည်း ခဲ့သည်။ထို့ကြောင့် ပြည်တွင်းလက်ကားဈေးကွက်တွင်လည်း ဆန်ကြမ်းဈေးနှုန်းများ ယခင် အပတ်ထက် ကျဆင်းလာခဲ့သည်။ ယခင်အပတ်ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ဧည့်မထ ဆန်ကြမ်း ၂၅ ရာခိုင်နှုန်း တစ်အိတ်လျှင် ၅၀၀ ကျပ်ခန့်၊ ပေါ်ကျွဲဆန်တစ်အိတ်လျှင် ၂၀၀၀ ကျပ်ခန့်၊ ဇီယာဆန်တစ်အိတ်လျှင် ၁၀၀၀ ကျပ်ခန့်၊ ငစိန်ဆန်တစ်အိတ်လျှင် ၅၀၀၀ ကျပ်ခန့် အသီးသီး ဈေးနိမ့်ခဲ့ကြသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး စားသုံးသူများမှလည်း ပုံမှန်ဝယ်ယူမှုသာရှိခဲ့ ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ပြောင်းထုတ်လုပ်မှုများ ကျဆင်းမည်ဟု ခန့်မှန်းထားခြင်းကြောင့် လည်းကောင်း၊ ပြည်တွင်း၌လည်း သဘာဝဘေးနှင့် ပြည်တွင်း မငြိမ်သက်မှုများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံသို့ အကောက်အခွန်လွတ် တင်ပို့ချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နှင့် ထိုင်းနိုင်ငံ များသို့ ပင်လယ်ရေကြောင်းမှတင်ပို့မှုရှိခြင်းတို့ကြောင့် လည်းကောင်း ပြောင်းတင်ပို့သူများက ဝယ်လိုအားကောင်းကာ အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်ရက်သတ္တပတ်နည်းတူ ဈေးနှုန်း အမြင့်တွင် တည်ငြိမ်နေခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၉၁၂၆၀ ကျပ်ဖြစ်သည်။ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ အစေ့ထုတ်ပြောင်းများ ဈေးကွက်သို့ ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
ပဲမျိုးစုံ
ပဲမျိုးစုံ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မတ်ပဲသစ်ပေါ်ချိန်ဖြစ်ခြင်းနှင့် ရူပီးငွေတန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် မြန်မာ့မတ်ပဲများအား လိုသလောက်သာ ထိန်း၍ ဝယ်ယူမှုရှိလာခြင်းကြောင့်လည်း ကောင်း၊ ပြည်တွင်း၌လည်း ပဲသစ်ပေါ်ချိန်ဖြစ်၍ ရောင်းလိုအားများခြင်းကြောင့်လည်းကောင်း မတ်ပဲ(သင်္ဘောတင်)ဈေးနှုန်းများ ယခင်အပတ် ထက် ဈေးနိမ့်လာခဲ့သည်။ မတ်ပဲ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၉၈၆၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၂၉၄၀၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ပဲစင်းငုံ(သင်္ဘောတင်)မှာမူ အိန္ဒိယနိုင်ငံတွင် ဈေးကွက်သို့ ပဲအဝင်နည်းခြင်း၊ ပဲခွဲစက်များမှ အဝယ်များခြင်း၊ အိန္ဒိယသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ကို ၃၁-၃-၂၀၂၆ အထိ သက်တမ်း တိုးခွင့်ပြုခဲ့ခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည်တွင်း၌လည်း လှောင်လက်များက ဝယ်ယူမှုများခြင်းကြောင့်လည်းကောင်း၊ ပဲစင်းငုံ (သင်္ဘောတင်)ဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ ပဲစင်းငုံ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၂၈၇၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၂၉၄၅၀၀၀ ကျပ်သို့ရောက်ရှိဈေးမြင့်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၉၀ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ (သင်္ဘောတင်)မှာ ကုန်သေတ္တာ ၄၅ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ အိန္ဒိယအပြင် အခြားနိုင်ငံများမှ ဝယ်လိုအားရှိ သော ပဲတီရွှေဝါဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်ကာအရောင်းအဝယ် အေးလျက်ရှိသည်။ ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၃၇၉၅၀ ကျပ်ဖြစ်သည်။ထောပတ်ပဲမှာ ဈေးကွက်သို့ ကုန်အဝင်နည်းသော်လည်း ပြည်တွင်း၊ ပြည်ပမှ ဝယ်လိုအားနည်းခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေး ခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၁၅၆၀၀ ကျပ် ဖြစ်သည်။ ပဲလွမ်းဖြူနှင့်ဘိုကိတ်ပဲမှာ စိုက်ပျိုးထုတ်လုပ်မှုနည်းသော ပဲအမျိုးအစားဖြစ်ခြင်း၊ ပြည်တွင်း သုံးစွဲမှုသာရှိခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ့်ခဲ့သည်။ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၄၇၅၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၄၅၁၀၀ ကျပ်ဖြစ်သည်။ ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၅၂၄၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၄၇၅၀၀ကျပ် ဖြစ်သည်။ကုလားပဲမှာ ပဲသစ်ပေါ်ချိန်ဖြစ်ခြင်း ကြိတ်ခွဲရန်သင့်တော်သည့် အစိုဓာတ်မရောက် သေး၍ခွဲစက်များမှ ဝယ်လို အားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ့်ခဲ့သည်။ ကုလားပဲလုံးတစ်ပိဿာလျှင်ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၄၇၀ ကျပ်ဖြစ်ပြီးယခုအပတ်ဈေးနှုန်းမှာ ၄၀၃၅ ကျပ်ဖြစ်သည်။ ကုလားပဲခြမ်းတစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်း မှာ ၆၂၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၉၅၀ ကျပ်ဖြစ်သည်။ပဲပုပ်ပဲမှာ ပဲဟောင်းလက် ကျန်နည်းခြင်း၊ လုပ်ငန်းသုံးရန်ဝယ်ယူမှုများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့ သည်။ ပဲပုပ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၇၇၅၅၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၈၂၅၀၀ ကျပ်သို့ရောက်ရှိဈေးမြင့်ခဲ့သည်။
စားသုံးဆီ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၇၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၉၀ ကျပ် ဈေးနိမ့်လာခဲ့ခြင်း ဖြစ်သည်။ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသောဆီဆိုင်အချို့၌ ရည်ညွှန်းဈေး နှုန်းထက်များစွာ မကွာသောဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သား နှုန်းရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီ တစ်ပိဿာ၏ ပြင်ပပေါက်ဈေးမှာ ၁၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း