ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွင်း ဆန်စပါးကုန်စည်ဒိုင် ဝါးတန်းလမ်းတွင် ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းအလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းအသစ် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်းအလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပေါ်ကျွဲဆန်အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ဧည့်မထဆန်ကြမ်း ၂၅ ရာခိုင်နှုန်းနှင့် ငစိန်ဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ပြည်တွင်းစားသုံးမှုများသော ဆန်ချော၊ ဆန်လတ် အချို့မှာ ဆန်သစ်အဝင်ရှိလာခြင်းကြောင့် ဆန်ဟောင်းဈေးများ အနည်းငယ် ဈေးမြင့်နေသော်လည်း စားသုံးသူများမှ ဝယ်လိုအား နည်းခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းများ ဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဆန်စပါးပိုလျှံနေခြင်း၊ရူပီးငွေတန်ဖိုးကျဆင်းနေခြင်း၊ဝယ်လက်များမှာလည်းဈေးအကျတွင် ဝယ်ယူမှုများခြင်းတို့ကြောင့်လည်းကောင်း၊ ထိုင်းနှင့် ဗီယက်နမ်ဆန်များမှာလည်း တရုတ်နှစ်သစ်ကူးကာလဖြစ်၍ အရောင်းအဝယ်အေးကာ ပြည်ပပို့ဆန်ဈေးနှုန်းများကျဆင်းလာခြင်းကြောင့်လည်း ကောင်း၊ မြန်မာ့ပြည်ပပို့ ဆန်များလည်း ဈေးငြိမ်အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။ ပြည်ပပို့ဆန်များ ဈေးနိမ့်လာခြင်းကြောင့် ပြည်ပတင်ပို့ ဝယ်လက်များမှ အဝယ် ရပ်ကာကုန်သည်များနှင့် ဆန်စက်ပိုင်များကလည်း ဝယ်ယူမှုလျော့နည်းခဲ့သည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင်လည်း ရောင်းလိုအား၊ ဝယ်လိုအားမျှကာ ဆန်ချော၊ ဆန်ကြမ်းများ အားလုံး ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ် အေးလျက်ရှိကြောင်းသိရ သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင်လည်း အရည်အသွေးပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသောဈေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုပုံမှန်ရှိခဲ့ပြီး စားသုံးသူများမှ ပုံမှန်ဝယ်ယူမှုသာရှိခဲ့ ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
၂၀၂၅ တွင် ကမ္ဘာ့ပြောင်းထုတ်လုပ်မှုများ ကျဆင်းမည်ဟု ခန့်မှန်းထားခြင်းကြောင်းလည်း ကောင်း၊ ပြည်တွင်း စိုက်ပျိုးထုတ် လုပ်မှုအခြေအနေအရလည်းကောင်း၊ အစေ့ထုတ်ပြောင်းများအား ဝယ်လက်များမှ ဝယ်ယူမှု များကာ အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၈၉၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၀၇၂၀ ကျပ်သို့ ရောက်ရှိဈေးမြင့်လာခဲ့သည်။ အစေ့ထုတ်ပြောင်းများအား အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှတင်ပို့မှုနည်းလာသော်လည်း ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်ပို့ရန် ဝယ်ယူမှုများလာခြင်းဖြစ် ကြောင်းသိရသည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်) ဈေးနှုန်းများမှာ ပန်းရဲ၊ မြားနီ၊ ပန်းတနော် ငရုတ်ခြောက်(ရှည်) အဟောင်းစ၊ အသစ်စနှင့်အအေးခန်းသိုလှောင်ငရုတ်များ ဈေးကွက်သို့ ကုန်အဝင်များခြင်း၊ အရည် အသွေးကောင်းသော်လည်း စားသုံးသူများမှဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ့်ခဲ့သည်။ ငရုတ်ခြောက်(လတ်)ဈေးနှုန်းများမှာ မြစ်ဝမိုးထောင်ငရုတ်တစ်မျိုးတည်းသာ ဈေးကွက်သို့ ကုန်အဝင်ရှိသော်လည်း ယခင်အပတ်ထက် ကုန်အဝင်ပိုလာခြင်းနှင့် စားသုံးသူများမှ ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့် ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ အလားတူပင် ငရုတ် ခြောက်(ပွ)ဈေးနှုန်းများမှာလည်း ယခင်အပတ်ထက်ဈေးနိမ့်လာခဲ့သည်။ ဆင်ဖြူကျွန်းပုနှင့် မြစ်ဝပု ငရုတ်ခြောက်များ ဈေးကွက်သို့ ကုန်အဝင်ပိုလာသော်လည်း စားသုံးသူများမှ ဝယ်လိုအား နည်းနေ ခြင်းကြောင့် ယခင်အပတ်ထက် သိသာစွာဈေးနိမ့်လာခဲ့သည်။ ငရုတ်ခြောက်(ရှည်၊လတ်၊ပွ) တစ်ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၈၀၀၀-၁၄၂၅၀-၁၈၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၇၀၀၀-၁၃၂၅၀-၁၀၇၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်လာခဲ့သည်။ ကြက် သွန်နီအသစ်များ ဈေးကွက်သို့ ကုန်အဝင်လှိုင်ချိန်ဖြစ်ခြင်း၊ ဈေးကွက်သို့ ကုန်အဝင်များခြင်း၊ စားသုံးသူများမှ လိုအပ် သလောက်သာဝယ်ယူမှုရှိခြင်း၊ ရောင်းလိုအားများခြင်းတို့ကြောင့် ကြက်သွန်နီ(ထူး၊လတ်၊သေး) ဈေးနှုန်းများ ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ ကြက်သွန်နီ(ထူး၊လတ်၊ သေး) တစ်ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၃၇၅-၂၇၅၀-၂၂၇၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၇၀၀-၂၅၂၅-၁၇၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဈေးကွက်သို့ မြင်းခြံ၊မုံရွာ၊ မြစ်သား၊ ဆိပ်ဖြူ၊ မိတ္ထီလာ၊တောင်တွင်းဒေသများမှ ကုန်ဝင်ရောက်မှုများခဲ့ကြောင်းသိရသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာ အသစ်ပေါ်ချိန်နီးလာခြင်းကြောင့် အဟောင်းလက်ကျန်များ ဈေးကွက် သို့ ကုန်အဝင်ပိုလာခြင်း၊ ရောင်းလိုအားများခြင်းကြောင်းလည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) မှာ နယ်စပ်ဂိတ်အချို့ဖွင့်လာခြင်းကြောင့် ကုန်စည်စီးဆင်းမှုကောင်းကာ ဈေးကွက်သို့ ကုန်အဝင် ပိုလာခြင်း၊ စားသုံးသူများမှ ဝယ်ယူစားသုံးမှုနည်းခြင်းတို့ကြောင့်လည်းကောင်း အသီးသီး ဈေးနိမ့်လာခဲ့သည်။ ကြက်သွန် ဖြူ(ရှမ်း)တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၂၈၅၀ ကျပ်မှ ယခုအပတ် ဈေးနှုန်း ၁၁၈၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေး နှုန်းမှာ ၁၇၅၀၀ ကျပ်မှ ယခုအပတ် ဈေးနှုန်း ၁၅၅၀၀ ကျပ်သို့လည်းကောင်းအသီးသီးရောက်ရှိ ဈေးနိမ့်ခဲ့သည်။ အာလူးဈေးနှုန်းများမှာ နယ်စပ်ဂိတ် အချို့ ဖွင့်လာခြင်းကြောင့် တရုတ်အာလူးများ ဈေးကွက်သို့ အဝင်ပုံမှန်ရှိလာခြင်း၊ စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးနိမ့်လာခဲ့သည်။ တရုတ်အာလူး တစ်ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၅၂၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၂၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်လာခဲ့သည်။ ရှမ်းအာလူးအချို့ ဈေးကွက်သို့ ကုန်အဝင်ရှိသော်လည်း ဈေးနှုန်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါ။
စားသုံးဆီ
စားအုန်းဆီအမြောက်အများစိုက်ပျိုးထုတ်လုပ်သော အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများ တွင် မိုးရွာသွန်းမှုများနှင့် ရေကြီးမှုများရှိခဲ့ခြင်းကြောင့် စားအုန်းဆီအထွက်နှုန်းကျဆင်းခဲ့ခြင်း၊ ဇီဝ လောင်စာဆီအဖြစ် တိုးမြှင့်အသုံးပြုမှုများလာခြင်း၊ ဆီကြမ်းပို့ကုန်အခွန်နှုန်းထားများမြင့်လာခြင်း၊ ဒေါ်လာငွေလဲနှုန်းမြင့်လာခြင်းတို့ကြောင့် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းဈေးမြင့်လျက်ရှိသည်။ ကမ္ဘာ့ စားအုန်းဆီထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများ အပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန် ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၇၂၄၅ ကျပ်ဖြစ်သည်။ ယခင်အပတ်၏ ရည်ညွှန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၀ ကျပ်နှုန်း ဈေးနိမ့်လာခဲ့ သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်း ဈေးနှုန်းထက် များစွာ မကွာသောဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချ ပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ၏ ပြင်ပပေါက်ဈေးမှာ ၁၄၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း