ငါးလင်ပန်း (ခေါ်) ငါးမြိတ်ထုံး၏ သဘာဝနှင့် အသုံးဝင်ပုံ

ငါးလင်ပန်း (ခေါ်) ငါးမြိတ်ထုံးဟူသောငါးမှာ ရေချိုမြစ်ချောင်း၊အင်းအိုင်၊ဆည်တမံတို့တွင် တွင်းအောင်းနေတတ်ပြီး ကျေးလက်နှင့်မြို့ပြနေသူအားလုံးကြိုက်နှစ်သက် အလွန်တန်ဖိုးထားသည့် ဟင်းလျာတစ်မျိုးဖြစ်သည်။ မြို့ပြစားသောက်ဆိုင်ကြီးများတွင် ဈေးကြီးပေးရသောဟင်းလျာတစ်မျိုးဖြစ်သည်။ ငါးလင်ပန်းသည် တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်သော Globally consumed species ဖြစ်၍ စျေးကွက်တွင် ဝယ်လိုအားကောင်းသော ပြည်ပပို့ကုန်တစ်မျိုးလည်း ဖြစ်သည်။
ငါးလင်ပန်းကို မြန်မာနိုင်ငံ၏ ပင်လယ်နှင့်နီးသော ရေချိုရေငန်စပ်ဒေသများရှိ လယ်ကွင်းများ၊ ချောင်းရိုးများတွင် ငါးလင်ပန်းကို ပိုတွေ့ရသည်။ ထို့ပြင် ချောင်းရိုး၊ မြောင်းရိုးများ အတွင်းရှိ ဂလိုဏ်ပေါက်များ၊ လယ်ကန်သင်းရိုး ဂလိုဏ်ပေါက်များတွင်လည်း တွင်းအောင်း၍နေထိုင်ကြသည်။ သို့သော် ငါးလင်ပန်းတို့သည် ကိုယ်တိုင် တွင်းကိုတူးဖောက်နိုင်ခြင်း မရှိပေ။ငါးလင်ပန်းကို မြန်မာနိုင်ငံတွင်သာမက အပူပိုင်းဒေသ အရှေ့အာဖရိက၊ Andaman ကျွန်းဆွယ်၊ မိုဇမ်ဗစ်၊ မာလာဝီ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ မတ်ဒတ်ဂတ်စကား နိုင်ငံများတွင်လည်း တွေ့ရှိရသည်။
ငါးလင်ပန်းသည် အပူပိုင်းဒေသ ရေချိုနေငါးမျိုးဖြစ်ပြီး ရေအနက် (၃-၁၀)မီတာ အောက်ခြေကြမ်းပြင်တွင်နေထိုင်သော Demersal species ငါးမျိုးဖြစ်သည်။ရေချိုတွင် နေထိုင်ပြီး မျိုးပွားရန်၊သား ပေါက်ရန် Descending for breeding အတွက် ရေငန်ရှိရာ ပင်လယ်သမုဒ္ဒရာသို့ စုန်ဆင်းသော Catadromous species ငါးမျိုးဖြစ်သည်။ငါးလင်ပန်းငါးမျိုးစိတ်တို့သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀ ခန့်ထိ အသက်ရှင်နေထိုင်နိုင်သည်။မြစ်ချောင်းများ၏ အောက်ခြေတွင် နေထိုင်ကြသော ငါး၊ပုစွန်၊ကဏန်းအငယ်လေးများနှင့် worms များကို စားသုံးလေ့ရှိကြသည်။
ငါးလင်ပန်း၏ သဘာဝ
ငါးလင်ပန်းငါးသည် ငါးလင်ပန်းဟုအမည်ရသော်လည်း ခန္ဓာကိုယ်မှာ မဝိုင်း၊ ဦးခေါင်းတွင်ချွန်၍ထောင်နေသော နားရွက်၊ ရှည်လျားသော ကိုယ်ခန္ဓာရှိသည်။ ငါးလင်ပန်းကို ဖမ်းမိချိန်တွင် လက်ဖြင့်တင်းကြပ်စွာညှစ်လိုက်ပါက ကလေးငယ်လေးငိုသံ၊ ကြောင်ပေါက်စလေးများအော်သံကဲ့သို့ အသံမြည် သည်မှာ ထူးခြားလှပေသည်။
ငါးလင်ပန်း၏အမည်
ငါးလင်ပန်း၏ သိပ္ပံအမည်မှာ Anguilla bengalensis ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Mottled eel ၊ Longfin eel ဖြစ်သည်။ မြန်မာအခေါ်မှာ ငါးလင်ပန်း(ခေါ်) ငါးမြိတ်ထုံးဖြစ်သည်။ငါးလင်ပန်းသည် မျိုးရင်း Anguillidae၊ မျိုးစဉ် Actinopterygii တွင်ပါဝင်သော ငါးမျိုးစိတ်ဖြစ်ပြီး ရေအောက်ကြမ်းပြင် တွင် နေသော ငါးမျိုးဖြစ်သည်။
နေထိုင်ကျက်စားရာ အလေ့အထ
ငါးလင်ပန်းငါးသည် မိတ်လိုက် ဥချချိန်တွင် ရေငန်သို့ သွားရောက်လေ့ရှိပြီး ကျန်ဘဝ အစိတ်အပိုင်းများကို ရေချိုတွင်သာ ရှင်သန်သည်။ ရေချိုမြစ်ချောင်း အင်းအိုင်များ၊ ဆည်ကြီးများနှင့် ကျောက်တုံးထူ ထပ်သော တောင်ကျချောင်းများအထိ ကျက်စားနေထိုင် တတ်ကြသည်။
ငါးလင်ပန်း၏ အရွယ်အစား
အများဆုံးတွေ့ရှိရသည့် အရှည်မှာ ၄ ပေခန့်ဖြစ်ပြီး Maximum length မှာ ၇ပေ ခန့်ထိ ရှိတတ်သည်။ ပုံမှန်တွေ့ရသည့်အလေးချိန်မှာ ၂ပိဿာခန့် ၊ ၃ ဒသမ ၅ ကီလိုခန့်ဖြစ်၍ Maximum weight မှာ ၄ ပိဿာခန့်၊ ၇ ကီလိုခန့်ထိ တွေ့ရှိရတတ်သည်။
တွေ့ရှိရသည့်နိုင်ငံများ
ငါးလင်ပန်းကို မြန်မာနိုင်ငံသာမက အာရှနိုင်ငံများဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများတွင်လည်း တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံတွင် မျိုးသုဉ်းမည့်အခြေအနေနှင့် ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှားပါးသည့်မျိုးစိတ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ငါးလင်ပန်းအသားမှာ အာဟာရဓာတ်အများအပြားပါဝင်နေသောကြောင့် ကမ္ဘာမှာ ဈေးကြီးသည့် ငါးအမျိုးအစားဖြစ်ပါသည်။
တွင်းအောင်းခြင်း အလေ့အထ
ငါးလင်ပန်းငါးမှာ တွင်းအောင်းရသည်ကို နှစ်ခြိုက်သော ရေသတ္တဝါတစ်မျိုးလည်းဖြစ်သည်။ ပင်လယ် နှင့်နီးသည့် လယ်ကွင်းများတွင် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်၊ ငါးလင်ပန်းများ ပေါသည်။ မိုးဦးကျ၍ လယ်ကွင်းများအတွင်း ရေပြည့်လာသောအခါ ငါးလင်ပန်းများသည် လယ်ကန်သင်းများတွင်တွင်းအောင်းကြတော့ သည်။ နွေအခါ၌ ကြွက်များဖောက်ထားသည့် တွင်းများနှင့် ကဏန်းတွင်းများထဲသို့ ဝင်နေကြသည်။ ချောင်းရိုးမြောင်းရိုးများတွင်ရှိသည့် ဂလိုင်ခေါင်းများတွင်လည်း နေကြသည်။
တစ်ချို့မှာ လယ်ကွင်းများတွင် သားပေါက်ကြသည်။ ထိုသားပေါက်များနှင့် တစ်မိုးတွင်းလုံးအတူနေကြ၍ မိုးကုန်ခါနီးဖြစ်သော တန်ဆောင် မုန်းလသို့ရောက်လျှင် ပင်လယ်ထဲသို့ပြန်ဆင်းသွားကြတော့သည်။ အခြားသော ငါး၊ ပုစွန်များကဲ့သို့ ပင်လယ်ပြင်အနက်ကြီးအတွင်းသို့ ရောက်သည်အထိ မသွားကြပေ။ ပင်လယ်စပ်သောင်တိမ်များ၌သာ တွင်းအောင်းကြတော့သည်။
ငါးလင်ပန်းသားပေါက်ခြင်း
ငါးလင်ပန်းတို့သည် မိတ်လိုက်ဥချသားပေါက်ချိန်တွင် ရေငန်ရှိရာ ပင်လယ်၊သမုဒ္ဒရာဆီသို့သွား ရောက် လေ့ရှိပြီး ကျန်ဘဝအစိတ်အပိုင်းများကို ရေချိုတွင်သာရှင်သန်သည်။ရေချိုမြစ်ချောင်း အင်းအိုင်များ၊ဆည်ကြီးများနှင့် ကျောက်တုံးထူထပ်သော တောင်ကျချောင်းများအထိ ကျက်စားနေ ထိုင်တတ်ကြသည်။ရေငန်ဒေသတွင် သားပေါက်ပြီးသော ငါးလင်ပန်းသားလောင်းလေးများ eel larvae,glass eel နှင့် elvers များကို အပူပိုင်းဒေသ ပင်လယ်ရေနွေးစီးကြောင်းများမှတဆင့် ရေချို ရေငန်စပ်နှင့် မြစ်ချောင်းများရှိရာဒေသသို့ ပို့ဆောင်ပေးကြပြီး ရေချိုဒေသတွင် ဆက်လက်၍ အသက်ရှင်ကြီးထွားကြသည်။
ငါးလင်ပန်းဖမ်းဆီးခြင်း
လယ်ကန်သင်းတွင် ငါးလင်ပန်းတွေ့သည်နှင့် လက်နှင့်နှိုက်၍ ဖမ်းယူကြသည်။ ငါးမျှားချိတ်များတွင် အစာတပ်၍လည်း မျှားကြသည်။ ငါးလင်ပန်းရှိသော တွင်းထဲသို့ သရောပင်မှအစေးကို ထည့်၍ ငါးလင်ပန်းထွက်လာသည်ကို စောင့် ၍ ဖမ်းသည်လည်းရှိသည်။ သရောအစေးမှာပူသောကြောင့် ငါးလင်ပန်း
ထွက်ရသည်။
မျိုးသုဉ်းမည့်အန္တရာယ်ရှိလာနိုင်သည့် ငါးလင်ပန်းမျိုးစိတ်
ငါးလင်ပန်းကို နိုင်ငံတော်တော်များများတွင် တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံတွင် မျိုးသုဉ်းမည့်အခြေအနေနှင့် ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှားပါးသည့် မျိုးစိတ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည်။

ငါးလင်ပန်းအပါအဝင် ငါးမျိုးစိတ်အများအပြားသည် ဂေဟစနစ် ပြောင်းလဲမှုနှင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝမြစ်ချောင်းများအတွင်းသို့ စိုက်ပျိုးရေးကဏ္ဍသုံး ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာဓာတ်ကြွင်းများ ရောက်ရှိလာမှု၊ မြို့ပြကစွန့်ထုတ်သည့် အညစ် အကြေးများ၊ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများမှ စွန့်ထုတ်သည့် အညစ်အကြေးများ သဘာဝရေပြင်သို့ ရောက်ရှိကာ ရေထုညစ်ညမ်းလာခြင်းနှင့် လူတို့၏ ဥပဒေမဲ့ ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ဆေးချခြင်းကဲ့သို့ မဆင်မခြင် ငါးဖမ်းမှုများကြောင့် ကောင်ရေလျော့ကျကာ မျိုးသုဉ်းမည့် အန္တရာယ် ရှိလာခြင်း ဖြစ်သည်။
ငါးလင်ပန်းစျေးကွက်
ငါးလင်ပန်းကို နည်းမျိုးစုံသုံး၍ ဖမ်းဆီးကြရာ အဝယ်ဒိုင်များက အရှင်ကိုသာ ဝယ်သည်ဖြစ်၍ မသေအောင်ဂရုစိုက်ကြရသည်။အဝယ်ဒိုင် များမှသည် သိုလှောင်စုဆောင်းထားသော ငါးလင်ပန်းအရှင်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသော ဈေးကွက်လည်း ရှိနေပြီဖြစ်သည်။
ငါးလင်ပန်းမွေးမြူရေး
ငါးလင်ပန်း မွေးမြူရေးနှင့် မွေးမြူနည်းဟူ၍ မတွေ့ရသော်လည်း ဂျပန်နိုင်ငံတွင် Anguilla japonica ဟုခေါ်သည့် ငါးလင်ပန်းကို စီးပွား ဖြစ်မွေးမြူနေကြောင်းနှင့် အိမ်နီးချင်း နိုင်ငံအချို့တွင် ကျောက်တုံးထူထပ် သော စမ်းချောင်းကိုပိတ်၍ ငါးလင်ပန်း များမွေးမြူသည်ကို အင်တာနက် စာမျက်နှာများပေါ်တွင် တွေ့ရတတ်သည်။ မြန်မာနိုင်ငံတွင်လည်း ငါးလင်ပန်းမွေးမြူနိုင်သော ဒေသမြောက်မြားစွာရှိရာ နည်းလမ်းရှာဖွေ မွေးမြူနိုင်ပါကငါးမျိုးလည်းတည်တံ့ စီးပွားလည်းဖြစ်နိုင်မည်ဖြစ်သည်။
ငါးလင်ပန်း၏ အရသာ
ငါးလင်ပန်းသည် အသားနူးညံ့၍ စားရာတွင် အလွန်အရသာရှိသည်။ အုန်းနို့နှင့် ချက်စားပါက အလွန်စားကောင်းသည်။ အကွင်းလိုက်ကင်စားပါက အလွန်မွှေးပါသည်။ အရိုးနည်းသည်။ ကျောရိုးမကြီးတစ်ချောင်းသာပါ၍ အခြားအရိုးမရှိပေ။ ငါးလင်ပန်းသည် အ၀ါနှင့် အညိုဟူ၍ ၂ မျိုးရှိသည်။ အညိုမျိုးသည် အသားမာသည်။ အဝါမျိုးလောက် စားမကောင်း၊ အဝါမျိုးကား အသားနူးညံ့သည်။ စား၍ ပိုကောင်းသည်။
ဆေးဘက်ဝင် ငါးလင်ပန်း
Longfin Eel ဟုခေါ်သည့် ငါးလင်းပန်းသည် ငါးရှဥ့်မျိုးစိတ်အုပ်စုမှဖြစ်ပြီး ၄င်း၏ သည်းခြေမှာ လေဖြတ်လေဖြန်းရောဂါများအတွက် ဆေးဖက်ဝင်သလို ၄င်း၏သွေးမှာလည်း လူသားများအတွက် အင်အားပြည့်ဖြိုးစေပါသည်။ ၄င်း၏အချွဲမှာ အဆစ်အရောင်ရောဂါကုသရာတွင်အသုံးဝင်ပါသည်။ ငါးလင်ပန်းငါးကို စားသုံးခြင်းဖြင့်လူကိုဝစေပြီး သလိပ် ကို ပွားစေသည်။ ခံတွင်းပျက်ခြင်း နှင့် လည်ချောင်းနာခြင်းများအတွက် သင့်တော်ပါသည်။
ငါးလင်ပန်း၏ အသားသည် အာဟာရဓာတ်အများအပြား ပါဝင်သောကြောင့် နိုင်ငံတကာ ဈေးကွက်တွင် ဈေးကြီးသော ငါးအမျိုးအစား ဖြစ်သည်။ အသားနူးညံ့၍ အလွန်အရသာရှိသည်။ ငါးလင်ပန်းကို ဆေးဖက်ဝင် ဂျင်ဆင်း Ginseng ဖြင့်လည်း တွဲဖက်၍ ချက်ပြုတ်စားလေ့ရှိကြပြီးငါးလင်ပန်း၏ခန္ဓာကိုယ်မှ ထွက်သည့် အကျိ၊အချွဲကို ဆန်မှုန့် သို့မဟုတ် ဂျုံမှုန့်တို့ဖြင့်ရော၍ တိုင်းရင်းဆေးအဖြစ်အသုံးပြုလျှင် Arthritis ရောဂါ၊Inflammation of joints အဆစ်အမြစ်ရောင်ရမ်းခြင်းရောဂါကို သက်သာပျောက်ကင်းစေသည်။
အချုပ်အားဖြင့်ဆိုရသော်-
ငါးလင်ပန်းငါးသည် အရသာအား ဖြင့် ထူးခြားကောင်းမွန်လှသဖြင့် လူကြိုက်များသော စျေးကွက်ဝင်ငါးတစ်မျိုးဖြစ်သည်။ထို့ပြင် ငါးလင်ပန်းငါးသည် ဆေးဘက်လည်းဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားလှသဖြင့် အာဟာရတန်ဖိုးမြင့် ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက် ရ
ပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)