တွံတေး မွေးမြူရေးဇုန်ရှိ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း

တွံတေး မွေးမြူရေးဇုန်ရှိ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း

နေပြည်တော်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၏ သား၊ ငါး၊ ရိက္ခာဖူလုံရေး နှင့် တွံတေးမွေးမြူရေးဇုန် ပိုမိုတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ ၂၆ ရက်နေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမွေးမြူရေးဇုန်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံက မွေးမြူရေးဇုန် အပိုင်း(၁)အတွင်း မွေးမြူရေး လုပ်ငန်းရှင် ၂၁ ဦး၊ ဇုန် အပိုင်း(၂)တွင် မွေးမြူရေးလုပ်ငန်းရှင် ၂၀ ဦး၊ ဇုန် အပိုင်း(၃)တွင် မွေးမြူရေးလုပ်ငန်းရှင် ၅၁ ဦးတို့က အသားတိုးကြက်၊ ဥစားကြက်၊ တိုင်းရင်းကြက်၊ ဆိတ်၊ ငုံး၊ အသားတိုးဝက်၊ နို့စားနွားနှင့် ဒေသနွားမျိုးများ မွေးမြူထားရှိမှုအခြေအနေများကို လည်းကောင်း၊ Universal Diamond Co.,Ltd မှ နို့စားနွားမွေးမြူထားရှိမှုနှင့် BOSS ဒိန်ချဉ်ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ၊ မွေးမြူရေး အစားအစာ ထုတ်လုပ်သူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်သူများ၏ စားသောက်မှုစနစ် ပြောင်းလဲလာမှုကြောင့် အသားစားသုံးမှု တိုးတက်လာခြင်းနှင့်အတူ အသား ငါး လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို ဘက်စုံမှ အားပေးလျက်ရှိကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက် လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ်တစ်လျှောက် အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းရှိ အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင် နိုင်ကြစေရန်၊ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP-ဂျီအေအိပ်ပီ) နှင့်အညီ မွေးမြူထုတ်လုပ်မှု အားကောင်းလာစေရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးနိုင်ရေး တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။ 

ဆက်လက်၍ ဇုန်(၂)ရှိ မွေးမြူရေးတောင်သူ ဦးမြင့်နိုင်၏ ငုံး ၃၀၀၀၀ မွေးမြူ ထားရှိမှုနှင့် ငုံးမွေးမြူရေး အဆောင်သစ်ဆောက်လုပ်နေမှုကိုလည်းကောင်း၊ဦးတင်ဝင်း၏ အသားတိုးဝက် ၁၁၀ ကောင် မွေးမြူထားရှိမှုကိုလည်းကောင်း၊ ဦးချစ်ကိုကို၏ အသားစားကြက်ကောင်‌ရေ ၁၅၀၀၀ မွေးမြူထားရှိမှုကို လည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် ပထမနှစ် ၅၁ ဦး၊ ဒုတိယနှစ် ၅၉ ဦးနှင့် တတိယနှစ် ၃၉ ဦး တက်ရောက် ပညာသင်ယူလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ အစည်းဝေးခန်းမတွင် ကျောင်းအုပ်ဆရာမကြီးက ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပရေး မူကြမ်းနှင့် ငါးမြင်းသုတေသန မွေးမြူဆောင်ရွက်နေမှု၊ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦးများ ဆောက်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ   ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားပြီးဆောက်လုပ်လျက်ရှိသည့် ကျောင်းသားအိပ်ဆောင်များ ၊ ရေချိုပုစွန် သားဖောက်ရုံ တည်ဆောက်နေမှု ၊ ငါးခုံးမကြီး၊ ငါးတံခွန်၊ ရွှေဝါငါးကြင်းနှင့် ရောင်စုံငါးကြင်းများ သားဖောက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

MOALI