သဘာဝကပေး အစာနှင့်ဆေး ၊ မြူပင်

မြူပင်နှင့် ဆောင်း ခွဲခြား၍မရစကောင်းဆိုသလိုပင် ယခုလို ဆောင်းရာသီ နှင်းမှုန်လေးများကျဆင်းသည့်အချိန် စိုက်ခင်းများအကြားတွင် အလေ့ကျပေါက်တတ်သည့် ပေါင်းပင်တစ်မျိုးမှာ မြူပင်ဖြစ်၏။ မြူပင်၏ အင်္ဂလိပ်အမည်မှာ goosefoot plant ဟု ခေါ်ဆို သကဲ့သို့ lamb's quarters, fat hen, pigweed နှင့် bacon weed ဟုလည်း ခေါ်ဆိုကြ၏။ရုက္ခဗေဒအမည်မှာ Chenopodium album ဖြစ်ပြီး ဟင်းနုနယ်၊ ပန်းဂျုံပင်တို့နှင့်မျိုးရင်းတူသည့် Amaranthaceae တွင်ပါဝင်၏။ မြူပင်၏ မူလဇာတိဖြစ် ထွန်းသည့်ဒေသများမှာ ဥရောပနှင့် အာရှဒေသရှိ စွန့်ပစ်မြေစာပုံများ၊ လယ်မြေများ သို့မဟုတ် မြစ်ကမ်းရိုးတန်းရှိ စိုစွတ်သောနေရာများတွင် ပေါက်ရောက်တွေ့ရှိရပြီးသဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးသွားသောမြေများတွင်ပထမဦးဆုံး ပေါက်ရောက်တတ်သော ပေါင်းပင်များအနက် တစ်မျိုးဖြစ်၏။
မြူပင်သည် စိုစွတ်ပြီး မြေသြဇာကောင်းသော မြေဆီလွှာပေါ်တွင် နေရောင်ခြည်အပြည့်အဝရရှိခြင်းကို နှစ်သက်သော်လည်း မြေအမျိုးအစားမရွေး အရိပ်ရရှိမှုတစ်စိတ်တစ်ပိုင်းအနေအထားတွင်လည်း ကောင်းမွန်စွာပေါက်ရောက် ရှင်သန်နိုင်သည့် အပင်မျိုးဖြစ်၏။ မြေဆီသြဇာကောင်းမွန်သည့်နေရာတွင် ပေါက်ရောက်သောအပင်များသည် အာဟာရပြည့်ဝပြီး အရသာပိုရှိ၏။ မြူပင်သည် မြေဆီလွှာ၏ အာဟာရဓာတ်ရရှိနိုင်မှုအပေါ်မူတည်၍ အပင် အမြင့် ၄ လက်မမှ ၆ ပေအထိ ရှင်သန်ကြီးထွားစွာ ပေါက်ရောက်နိုင်၏။ အရွက်များမှာ စိမ်းပြာရောင်မှသည် မီးခိုးရောင် ယှက်နွှယ်သည့်အစိမ်းရောင်ရှိပြီး နူးညံ့သော အမွှေးနုလေးများပါရှိ၏။ စိမ်းလဲ့လဲ့ပြာရောင်သန်းသော ပန်းပွင့်ငယ်လေးများမှာအလွန်သေးငယ်သောကြောင့် လေဖြင့် ဝတ်မှုန်ကူးနိုင်၏။ မြူစေ့မှာ စိမ်းညိုရောင်ရှိ၏။ မြူပင်သည် လိပ်ပြာများ၊ ဖလံများ၊ နို့တိုက်သတ္တဝါငယ်များနှင့် တေးသီငှက်များကို ဆွဲဆောင်တတ်၏။ တောတိရစ္ဆာန်များအစာအတွက် အသုံးပြုနိုင်ရန်အတွက်လည်း မြူပင်ကို စိုက်ပျိုးထားသင့်၏။

လတ်ဆတ်သော မြူပင်တွင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ်တို့နှင့်အတူ ဗီတာမင် အေ၊ စီ၊ ဘီဝမ်း၊ ဘီတူး၊ ဘီစစ်၊ ဘီဆဲဗင်း၊ ဘီနိုင်းတို့ပါဝင်၏။ သတ္တုဓာတ်များအနေဖြင့် ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်နှင့် သံဓာတ်တို့ ကြွယ်ဝစွာပါဝင်၏။
ရိုးရာတိုင်းရင်းဆေးအသုံးအရ မြူရွက်ညွန့်များကိုသွေးသန့်စင်ဆေး၊ ဆီးရွှင်ဆေး၊ စိတ်ငြိမ်ဆေး၊ အသည်းရောဂါ ကာကွယ်ဆေး၊ ပိုး သတ်ဆေး၊ ဝမ်းပျော့ဆေး၊ သန် ကောင်၊ တုပ်ကောင်ကျဆေးအဖြစ် အသုံးပြုကြသည်။ ဆေးဝါးဗေဒ ဆိုင်ရာ လေ့လာမှုများအရ မြူပင်တွင် ပိုးများကိုသေစေနိုင်စွမ်း၊ သုတ်ပိုးပမာဏ ထိန်းညှိပေးနိုင်စွမ်းနှင့် မျိုးဆက်ခြားပေးနိုင်စွမ်းသော ဂုဏ် သတ္တိများ ပါ၀င်ကြောင်း တွေ့ရှိရ၏။
ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝစွာပါဝင်သော မြူရွက်ညွန့်များသည် အရေပြားကို တင်းရင်းစေခြင်း၊ နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ဝက်ခြံထွက်ခြင်းမှ ဟန့်တားပေးနိုင်ခြင်း၊ အရေပြားဓာတ်မတည့်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ အရေပြားပေါ်မှ ထိခိုက်ရှနာများကို သက်သာစေနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်နှင့် အမြင်အာရုံတို့ အားကောင်းစေရန် အထောက်အကူပြုစေ၏။
မြူရွက်တွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အစာခြေဖျက်ခြင်းကို အထောက်အကူပြုခြင်း၊ ဝမ်းချုပ်ခြင်းမှ ဟန့်တားနိုင်ခြင်း၊ အာဟာရဓာတ်များကို အပြည့်အဝစုပ်ယူနိုင်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးတို့ အတွက် ပံ့ပိုးကူညီပေးနိုင်စွမ်းတို့ရှိ၏။
ဆောင်းလရာသီ အေးမြသည့်အချိန်တွင် အဆစ်အမြစ်များ ပိုမိုနာကျင်တတ်ပြီးအထိုင်အထ လှုပ် ရှား မှုများ အဆင်မပြေ ဖြစ်တတ်၏။ မြူရွက်ညွန့်တွင် ကိုယ်လက်ရောင် ရမ်းနာကျင်ခြင်းကို ဟန့်တားနိုင်သော ကွန်ပေါင်းပါဝင် ခြင်းကြောင့် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းမှ သက်သာစေနိုင်စွမ်းရှိ၏။
ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သည့်မြူရွက်သည် သွေးဖိအားပမာဏကို ပုံမှန်ဖြစ်စေရန် ထိန်းပေးနိုင်စွမ်းရှိ၏။ နေ့စဥ်စားသုံးသည့်အစာထဲတွင် အစိမ်းရောင်အညွန့်ရွက်များထည့်သွင်းစားသုံးပေးခြင်းဖြင့်နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေရန် အထောက်အကူပြုနိုင်စွမ်းရှိ၏။
အအေးဓာတ်ပိုကဲသည့် ယခုလိုဆောင်းရာသီတွင်ခံစားရတတ်သည့် ပန်းနာရင်ကြပ်ဝေဒနာရှင်များအတွက်မြူရွက်ညွန့်သည် အကောင်းဆုံးဆေးတစ်လက်ဖြစ် ၏။ မြူရွက်ညွန့်များကို နေ့စဥ်အစားအစာထဲတွင် ထည့်သွင်း စားသောက်ပေးခြင်းဖြင့် သလိပ်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါများကို သက်သာစေနိုင်စွမ်းရှိ၏။
မြူရွက်ညွန့်တွင် သံဓာတ်ကြွယ်ဝစွာပါဝင်သည့်အတွက် သွေးနီဥဆဲလ်များထုတ်လုပ်ခြင်းအတွက် အထောက်အပံ့ ကောင်းဖြစ်စေခြင်း၊ သွေးအားကောင်းစေခြင်း၊ ဖြူဖျော့တော့ခြင်းနှင့်အားနည်းခြင်းတို့မှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။

မြူရွက်တွင် ကယ်လိုရီပါဝင်မှုနည်းပြီးအာဟာရတန်ဖိုးမြင့်သည့်အ တွက် ကျန်းမာရေးနှင့်ပြည့်စုံသည့် ကိုယ်ခန္ဓာ အလေးချိန်ကို ရရှိစေနိုင်၏။
မြူရွက်ညွန့်များသည် နူးညံ့လွန်းလှသည့်အတွက် ယင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ဟင်းလျာများ ပြင်ဆင် ချက်ပြုတ်စားသုံးနိုင်သည်။ ယခုလိုဆောင်းလရာသီချိန်ခါတွင် မြူရွက်များကို အလွယ်တကူဝယ်ယူနိုင် သည်။ သတိပြုရမည့်အချက်မှာ မြူရွက်နှင့်အညွန့်နုလေးများကို အစိမ်း အတိုင်းမဟုတ်ဘဲ ချက်ပြုတ်ကြော် လှော်ခြင်း၊ ရေနွေးငွေ့နှင့် ပေါင်းခံခြင်း၊ အေးခဲခြင်းများ ပြုလုပ်ပြီးမှသာ စားသုံးသင့်သည်ဆို၏။ မြူစေ့တွင်လည်း အာဟာရဓာတ် မြင့်မားစွာ ပါဝင်၏။
မြူရွက်ညွန့်များကို ရေနွေး ဖျောပြီးနောက် ခရမ်းချဥ်သီးပန်ထွေဖျော်၊ ပဲပုပ်ထောင်း၊ ပဲပုပ်ချက်၊ ခရမ်းချဉ် သီး ငါးပိချက်၊ ငါးပိသုပ်၊ ငါးပိထောင်း သံပရာရည်ဆမ်း၊ ငါးပိရည်ကျိုဖျော်တို့ နှင့် တွဲဖက်ပြီး တို့စရာအဖြစ် စားသုံးကြ၏။
မြူရွက်ညွန့်များကို သန့်စင်အောင်ဆေးကြောပြီးနောက် ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်ပြီး ကြော်စားနိုင်၏။
မြူရွက်ညွန့်များကို သန့်စင်အောင်ဆေးကြောထားပြီးလျှင် ကြက်သွန် ဖြူနီ ပုစွန်ခြောက် မညက်တညက် ထောင်းလေးကို ဆီမွှေးသတ်ပြီး မြူရွက်လေးထည့်၊ ရေနွေးလေးအနည်း ငယ်ထည့်ပြီး ကြော်ချက်လေးချက်၊ ချခါနီးမှ ဆူးပုပ်ရွက်လေးအုပ်ပြီး ချက်စားလျှင်လည်း ထမင်းမြိန်စေ ၏။ ကိုင်းခရမ်းချဥ်သီးမီးဖုတ်ပြီး ငရုတ်သီးတောင့်လှော်ခပ်စပ်စပ်တို့ဖြင့် ပြုလုပ်ထားသည့် ခရမ်းချဥ်သီးပန်ထွေဖျော်နှင့်ဆိုလျှင်အလွန်ထမင်း မြိန်စေ၏။
မြူရွက်ညွန့်နုလေးများကို ရေနွေးဖျောပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဥ်သီး၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် မြူရွက်သုပ်လေး ရပါပြီ။
ပုစွန်ခြောက်ဟင်းခါး၊ အရိုးပြုတ်ရည်တို့ထဲတွင်လည်း မြူရွက်ညွန့်ကို ခပ်ကာ ချက်ပေးခြင်းဖြင့် ထမင်းဝိုင်းတွင် အရည်သောက်ဟင်းတစ်မျိုး တိုးစေပြန်၏။
မြူရွက်နှင့် မြူစေ့များကို အခြောက်ခံကာ လှော်၊ အမှုန့်ကြိတ်ပြီးလျှင် ပေါင်မုန့်၊ ကိတ်မုန့်များဖုတ်ရာတွင် ထည့်သွင်းအသုံးပြုကြ၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀တရား မှပေးသည့် လက်ဆောင်မွန် မြူပင်မှ ရရှိသည့်အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက်မတူညီကွဲပြားသည့် ချက် ပြုတ် နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီးကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်