စရိတ်သက်သာသည့် အပေါ့စား လက်ဆွဲကောက်စိုက်စက်များ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးကြိုးပမ်းအကောင်အထည်ဖော်

စရိတ်သက်သာသည့် အပေါ့စား လက်ဆွဲကောက်စိုက်စက်များ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးကြိုးပမ်းအကောင်အထည်ဖော်

နေပြည်တော်၊ဇန်နဝါရီ(၂၃)

စပါးသီးနှံစိုက်ပျိုးရာတွင် ပျိုးကြဲ၊ ပျိုးနုတ်၊ ကောက်စိုက် စသည့်လုပ်ငန်းစဉ်များ သည် ရှေးယခင်က စနစ်တကျ လုပ်ကိုင်လာခဲ့ကြသော်လည်း လက်ရှိအခြေအနေတွင် လယ်ယာလုပ်သားရှားပါးလာခြင်းကြောင့် ပျိုးနုတ်၊ ကောက် စိုက်ခြင်းလုပ်ငန်းကို ကျော်လွှားပြီး ကြဲပက်စိုက်ပျိုးမှုကို နိုင်ငံတစ်ဝှမ်း၌ အသုံးပြုလျက်ရှိကြရာ မျိုးစေ့ အကုန်အကျများခြင်း၊ သီးနှံအထွက်နှင့် အရည်အသွေးကျဆင်းလာခြင်း၊ မြေဆီလွှာ ထိခိုက်ပျက်စီးမှုကြုံတွေ့လာနိုင်ခြင်းကို အမြန်ဖြေရှင်းပေးရန် လိုအပ်လျက်ရှိသည်။ အချို့တောင်သူလယ်သမားများ ခေတ်မီကောက်စိုက်စက်ကြီးများ အသုံးပြု စိုက်ပျိုးနေ ကြသော်လည်း လယ်သမားအများစု အတွက် ရင်းနှီးမြုပ်နှံမှုဝန်ထုပ်ဝန်ပိုး မဖြစ်စေပဲ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်မည့် ကောက်စိုက်စက် အသုံးပြုနိုင်ရေး လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စက်မှုလယ်ယာဦးစီး ဌာန က စမ်းသပ်ထုတ်လုပ်ထားသည့် လက်ဆွဲကောက်စိုက်စက်များ အရည်အသွေး ယှဉ်ပြိုင် စမ်းသပ်သရုပ်ပြခြင်းကို ဇန်နဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းက နေပြည်တော် ရေးဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ တာဝန်ရှိသူများက စက်မှုလယ်ယာဦးစီးဌာန (အင်းကုန်းစက်ရုံ) နှင့် ပဲခူးတိုင်းဒေသကြီး ပုဂ္ဂလိကလယ်ယာသုံးစက်ကိရိယာစက်ရုံတို့က စမ်းသပ်ထုတ်လုပ်ထားသည့် လက်ဆွဲကောက်စိုက်စက်များ၏ အင်ဂျင်အရည်အသွေး၊ စက်တစ်စီးလုံး၏ အလေးချိန်နှင့် ကောက်စိုက်စွမ်းရည် တို့ကိုရှင်းလင်း တင်ပြကြသည်။

ကောက်စိုက်စက်

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စက်မှုလုပ်ငန်းရှင်များ ဆက်လက် တီထွင်ထုတ်လုပ်နိုင်ရန် စက်မှုလယ်ယာဦးစီးဌာနက စမ်းသပ်သုတေသနပြုတွေ့ရှိချက် နည်းပညာများကို မျှဝေပေးခြင်း၊ ထုတ်လုပ်သည့် စက်ပစ္စည်း အရည်အသွေးအပေါ် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၊ ထုတ်လုပ်မှု အရည်အသွေး ၊ လုပ်ငန်းတွင်ကျယ်မှု နှင့် ဈေးနှုန်းများအပေါ်မူတည်၍ တောင်သူများ ရွေးချယ်အသုံးပြုသွားနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ယခု စမ်းသပ်ထုတ်လုပ်ထားသည့် လက်ဆွဲကောက်စိုက်စက်များ သည် အသုံးပြုအင်ဂျင်စွမ်းအား 1.5Kw ရှိပြီး တန်းကြား(၉)လက်မဖြင့် တစ်ဧကလျင် ကောက် စိုက်ချိန်(၂)နာရီခန့်သာ ကြာမြင့်ကြောင်း၊ လယ်မြေအနေအထားပေါ်လိုက်၍ ကောက်ပင် အတိမ် အနက် ကို စိတ်ကြိုက် ချိန်ညှိနိုင်ပြီး ထုတ်လုပ်သည့် ကုန်ကြမ်း အသုံးပြုမှုအပေါ် မူတည်၍  စက်တစ်စီးလုံး၏ အလေးချိန်မှာ ၅၆ ကီလိုဂရမ် မှ ၆၅ ကီလိုဂရမ်အတွင်းရှိကာ တောင်သူများ လက်လှမ်းတမီသုံးစွဲနိုင်သည့် ဈေးနှုန်းဖြင့် ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုစနစ် မှန်ကန်ရေး၊ သီးနှံအထွက်ကောင်းမွန်ရေး နှင့်  လယ်ယာလုပ်ငန်းခွင်တွင် ကြုံတွေ့နေကြရသည့် လယ်ယာလုပ်သားရှားပါးမှု ကို ဖြေရှင်းပေးနိုင်ရန် အတွက် သင့်တင့်မျှတသောဈေးနှုန်းဖြင့် တောင်သူတိုင်းအသုံးပြုနိုင် စေမည့် အပေါ့စား လက်ဆွဲကောက်စိုက်စက်များကို ပြည်တွင်း၌ တွင်ကျယ်စွာ ထုတ်လုပ် အသုံးပြုနိုင်ရန် စက်မှုလယ်ယာဦးစီးဌာန က လေ့လာစမ်းသပ် ဆောင်ရွက် ခဲ့ရာ လက်တွေ့ လုပ်ငန်းခွင်တွင် အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်၍ ထုတ်လုပ်ရောင်းချမှု ကို ပုဂ္ဂလိကလုပ်ငန်းရှင်များ ဆက်လက်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။