တိုက်ကြီးတွင် မထွန်မယက် ဖုံးအုပ် စိုက်ပျိုးစနစ်ဖြင့် ပညာပေးစိုက်ပျိုးပြသ

တိုက်ကြီးတွင် မထွန်မယက် ဖုံးအုပ် စိုက်ပျိုးစနစ်ဖြင့် ပညာပေးစိုက်ပျိုးပြသ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ဆည်ရေသောက်သုံး သီးပုံစံတိုးချဲ့ ဆောင်ရွက်ရေးအစီအစဉ်အရ ဒုတိယသီးနှံမတ်ပဲကို မထွန်မယက် သီးနှံကြွင်းကျန်၊ ရိုးပြတ်ကျန်များ ဖုံးအုပ်စိုက်ပျိုးစနစ် (သဘာဝပတ်ဝန်းကျင်မပျက်စိုက်ပျိုးစနစ်)ကို တောင်သူများအား အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အဆိုပါ ဆည်ရေသောက်သုံးသီးပုံစံတိုးချဲ့ဆောင်ရွက်ရေး ပထမမိုးစပါး seeder စိုက်စနစ် အထွက်နှုန်း စိစစ်ခြင်းနှင့် ဒုတိယသီးနှံ မတ်ပဲစိုက်ပျိုးခြင်းကို ရင်းတိုက်ကွင်း စနစ်ကျလယ်ယာမြေ ကွင်းအမှတ် ၇၃၀ ရှိ တောင်သူ ဦးသိန်းစိုးနှင့် ဦးလှဝင်းတို့၏ လယ်ယာမြေ ၁၀ ဧကတွင် အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။

ရိုးပြတ်ပင် ကြွင်းပင်ကျန်များ ပြတ်တောက်ရန် စိုက်ပျိုးမြေလွှာကို ဖုံးအုပ်ရာတွင် စက်ကိရိယာအသုံးပြု၍ ပိုမိုကောင်းမွန်စေပြီး မြန်မြန်ဆန်ဆန်စိုက်ပျိုးနိုင်ရေးအတွက် ခုတ်ဖြတ် ဖုံးအုပ်ကိရိယာ (MULCHER) ဖြင့် စနစ်တကျ စိုက်ပျိုးပြသခဲ့ကြောင်းသိရသည်။

မထွန်မယက်စိုက်ပျိုးစနစ် (သို့မဟုတ်) ခုတ်ဖုံးစိုက်ပျိုးစနစ်သည် စပါးစိုက်ပျိုးပြီး ကြွင်းကျန်အစိုဓါတ်ကို ထွန်ယက်ခြင်းများကြောင့် လေလွင့်မှုမရှိစေဘဲ ဒုတိယသီးထပ်သီးနှံအတွက် အပြည့်အဝအသုံးချနိုင်ရန် စီမံခြင်းဖြစ်သည်။

ရိုးပြတ်ကောက်ရိုးများကို မီးရှို့ခြင်းနှင့်လယ်ပေါင်းများကို ပေါင်းသတ်ဆေးအသုံးပြုပတ်ဖြန်းပြီး သီးနှံစိုက်ပျိုးခြင်းများ လုံးဝမပြုလုပ်ရပါ။ ပင်ကြွင်းပင်ကျန်ပေါင်းမြက်များကို စိုက်ပျိုးမြေဆီလွှာပေါ်တွင် ဖြတ်တောက်ဖုံးအုပ်ရမည်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်မပျက် စိုက်ပျိုးစနစ်ဟုလည်း ခေါ်ဆိုနိုင်သည်။

အချိန်အခါမဟုတ်မိုးရွာသွန်းမှုများ၊ ဆောင်းသီးနှံဖျက်ပိုးများရွာသွန်းခဲ့ပါကလည်း မိုးရေနုတ်ကြောင်းထိုး၍ မိမိလယ်ရေဆင်းအရ သုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ပျိုးမှုကို သီးနှံစိုက်ပျိုးချိန် ရှေ့တိုး၍ မထွန်မယက်ခုတ်ဖုံးစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုပြဿနာကိုလည်း ကျော်လွှားနိုင်ကာ ပိုမိုကောင်းမွန်သော စိုက်ပျိုးစနစ်ကို ရရှိမည်ဖြစ်သည်။

သီးနှံပင်၊ ကြွင်းပင်ကျန်ပေါင်းမြက်များကို ခုတ်ဖုံးဆောင်ရွက်ရာတွင် နည်းလမ်းများစွာရှိသော်လည်း စက်မှုလယ်ယာသို့တက်လှမ်းရန် လက်လှမ်းမီသော ကိရိယာများကို တီထွင်ကြံဆ သုံးစွဲသင့်ပြီး MULCHER (ခုတ်ဖုံးစက်ကိရိယာ) ဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း လက်တွေ့ မိတ်ဆက်ပေးခဲ့သည်။

ထိုဖုံးအုပ်စနစ် (သဘာဝပတ်ဝန်းကျင်မပျက်စိုက်ပျိုးစနစ်) အသိ ပညာပေးပြုလုပ်ခဲ့သော တောင်သူဦးသိန်းစိုး၏ ပထမမိုးစပါး seeder စနစ်အထွက်နှုန်း စိစစ်အကွက်ကျယ်ရိတ်သိမ်းခဲ့ရာ စပါးအခြောက်အထွက်နှုန်း ၇၀ ဒသမ ၂၂တင်းနှုန်းထွက်ရှိခဲ့ကြောင်းသိရသည်။

ဇော်လင်းထွဋ်