သဘာဝကပေး အစာနှင့်ဆေး၊ သပွတ်ပင်

သဘာဝကပေး အစာနှင့်ဆေး၊ သပွတ်ပင်

သပွတ်သီး

သပွတ်ပင်၏ အင်္ဂလိပ်အ မည်မှာ sponge gourd, Egyptian cucumber နှင့် Vietnamese luffa ဟု ခေါ်ဆိုကြပြီး ယင်း၏ သိပ္ပံအမည်မှာ Luffa aegyptiaca Mil. ဟုခေါ်ဆိုကာ ခဝဲ၊ ဖယုံ၊ ဗူး၊ သခွားတို့နှင့် မျိုးရင်းတူ သည့် Cucurbitaceae တွင်ပါဝင်၏။ သပွတ်ပင်တွင် အခါးနှင့် အချို ဟူပြီး အမျိုးအစား နှစ်မျိုးရှိ၏။ သပွတ်ပင်သည် အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့တွင် သဘာဝအလျှောက် ပေါက်ရောက်သည့်အပင်မျိုးဖြစ်၏။ ၁၈၉၀ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ သပွတ်ပင်ကို စီးပွားဖြစ် စိုက်ပျိုးခဲ့ကြပြီး ယင်းမှသည် အမေရိကန်ပြည်ထောင်စုရှိ သမပိုင်း‌ဒေသများသို့ သယ်ဆောင်စိုက်ပျိုးကြသည်ဟု ဆို၏။ ယနေ့ခေတ်တွင် သပွတ်ပင်ကို ကမ္ဘာပေါ်ရှိ အပူပိုင်းနှင့် နွေးသမပိုင်းရာသီဥတုရှိသည့်ဒေသများဖြစ်သည့် အာဖရိကတိုက်၊ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်း၊ အာရှတိုက်ရှိ နိုင်ငံများ အထူးသဖြင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဖြစ်ထွန်းလာကြ၏။

သပွတ်ပင်သည် တစ်နှစ်ခံနွယ်ပင်အမျိုးအစားဖြစ်ပြီး အပင်မှထွက်ရှိလာသော နွယ်နှာမောင်းများက အနီးကပ်စိုက်ထားသည့် အပင်ကိုဖြစ်စေ၊ခြံစည်းရိုးကိုဖြစ်စေ ယှက်နွယ်ပြီး ပေါက်ရောက်၏။ အရွက်များမှာ ရွက်လွှဲထွက်တတ်ပြီး ငါးထောင့်ချွန်းပုံသဏ္ဍာန်ရှိကာ အရင်းကားပြီး အဖျားရှူး၏။ အရွက်နှုတ်ခမ်းပတ်လည်တွင် ခွေးသွားစိတ်လေးများရှိ၏။အရွက်၏ အောက်ဖက်ရှိ ရွက်ကြောများတွင် အမွှေးနုလေးများရှိ၏။  အဝါရောင်ရှိပြီး ပွင့်ဖတ်တွင် အစိမ်းနုရောင် အမွှေးနုလေးများရှိကာ ပန်းပွင့်အဖိုအမနှစ်မျိုးလုံး သီးခြားစီ ပွင့်တတ်ကြ၏။  အသီးမှာ တင်းပုတ်ပုံစံရှိကာ အလျား ငါးလက်မမှ ၁၂ လက်မခန့်အထိ အရှည်ရှိတတ်၏။ မျက်နှာပြင်ချောမွေ့ပြီး အသီးနုစဥ် အစိမ်းရောင်ရှိ၏။ အသီးအခွံတွင် အစင်းကြောင်းလေးများ ခပ်စိပ်စိပ်ရေးရေးမျှ မြင်ရ၏။

အသီးနုစဉ် အတွင်းသားမှာ ဖြူဖွေးပြီး အရည်ရွှမ်း၏။ သပွတ်စေ့မှာ ခပ်ပြားပြားပုံသဏ္ဍာန်ဖြင့် လက်တစ်ဆစ်ခန့်အရှည်ရှိ၏။

  • သပွတ်ပင်တွင် ဗီတာမင်အေ၊ ဗီတာမင်ဘီကွန်ပလက်စ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နှင့် အမျှင်ဓာတ်တို့အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကြေလွယ်အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်၏။ 

  • သပွတ်ညွန့်ရွက်နုနှင့် သပွတ်သီးနုတို့တွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အစာခြေစွမ်းအားကို မြင့်တင်နိုင်ခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်းနှင့်အတူ အစာ အိမ်နှင့်အူလမ်းကြောင်း ကျန်းမာ ရေးကို အထောက်အကူပြု၏။ 

  • ဗီတာမင်အေ၊ စီနှင့် သွပ်ဓာတ်တို့ကြွယ်ဝစွာပါ၀င်သည့် သပွတ်ပင်သည် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို ကြံ့ခိုင်ကောင်းမွန်စေခြင်း၊ သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ထိန်းပေးနိုင်စွမ်း၊ အသားအရေနှင့် ဆံကေသာကျန်းမာရေးကို ပံ့ပိုးပေးနိုင်စွမ်းရှိ၏။

  • သပွတ်ပင်ရွက်နုညွန့်နှင့် အသီးနုလေးများကို စားသုံးပေးခြင်းဖြင့် အဆစ်အမြစ်ရောင်နာအပါအဝင် ကိုယ်တွင်းရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိ၏။ 

  • ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သည့် သပွတ်ညွန့်နှင့် သပွတ်သီးနုတို့ကိုပုံမှန်စားပေးခြင်းဖြင့် နှလုံး သွေးဖိအားကို ပုံမှန်ဖြစ်စေခြင်းအပါအဝင် နှလံးသွေးကြောဆိုင် ရာရောဂါများဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်၏။

  • သပွတ်ညွန့်နှင့် အသီးနုတို့တွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်းနှင့် အစာစွမ်းအင်ကယ်လိုရီပမာဏနည်းပါး     ခြင်းကြောင့် အဆာခံနိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အ တောက်များကို ဖယ်ရှားပေးခြင်းနှင့်အတူ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်စွမ်းရှိ၏။

  • သပွတ်သီးနုနှင့် အညွန့်တို့တွင် ရေဓာတ်ပါဝင်မှုမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးမှုကို ထိန်းပေးနိုင်စွမ်းရှိ၏။

  • ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်တို့ကြွယ်ဝစွာပါဝင်သည့် သပွတ်သီးနုနှင့်အညွန့်တို့သည် ကိုယ်ခန္ဓာ၏ အရိုးကျန်းမာရေးကို ကြံ့ခိုင်ကောင်းမွန်စေခြင်းနှင့်အတူ အရိုးပွခြင်းမှလည်းကာကွယ်ပေးနိုင်၏။

  • ဗီတာမင်အေ ကြွယ်ဝစွာပါဝင်ခြင်းကြောင့်အမြင်အာရုံကျန်းမာ ရေးကိုကောင်းမွန်စေရန် အထောက်အကူပြုစေ၏။

  • ဗီတာမင်ဘီကွန်ပလက်စ်ပါဝင်သည့် သပွတ်ညွန့်နှင့် သပွတ်သီးတို့ကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူဖြစ်စေပြီး စွမ်းအားများကို တိုးပွားစေနိုင်၏။

  • ယခုရာသီချိန်တွင် သပွတ်ပင်မှ အညွန့်၊ အရွက်နုလေးများ၊ အသီးနုလေးများ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်ပြီး စျေးထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်၏။ အိမ်က ခြံစည်းရိုးပတ်လည်တွင်စိုက်ပျိုးထားပါကလည်း အလွယ်တကူ ခူးဆွတ်ကာ ချက်ပြုတ်စားသောက်နိုင်၏။ 

  • သပွတ်ညွန့်လေးများ၊ အရွက်နုလေးများကို ရေနွေးဖျောပြီးလျှင် ဒရင်ကောက်ညွန့်နုနုလေးများကို ရေနွေးဖျောပြီး ငပိရည်ကျို၊ ငါးပိ ထောင်း၊ ငါးပိသုပ်၊ ခရမ်းချဥ်သီးထောင်း၊ ခရမ်းချဥ်သီးပန်ထွေဖျော်၊ ငရုတ်သီးထောင်း၊ ငါးပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။ 

  • ရေနွေးဖျောပြီးသား သပွတ်ညွန့်လေးများကို နှစ်သက်သလို လှီးဖြတ်ပြီးနောက် ကြက်သွန်နီပါးပါးလှီး၊ မြေပဲလှော်၊ နှမ်းလှော်ထောင်း၊ ပဲကျက်မှုန့်၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ ပုစွန်ခြောက်မှုန့်၊ သံပရာရည်ညှစ်ပြီး နှံ့အောင်နယ်ပြီး သုပ်စားလျှင်လည်း အလွန်ပင်ခံတွင်းမြိန်စေသည့် အသုပ် လေးတစ်ပွဲရ၏။

  • သပွတ်သီးအနုလေးများကို သန့် စင်အောင်ရေဆေးပြီးနောက် နှစ် သက်သလိုလှီးဖြတ်ထားပြီး အိုးတစ် လုံးထဲ ထည့်ပါ။ ပြီးလျှင် ကြက်သွန် ဖြူ၊ နီ၊ ငရုတ်သီးစိမ်းတို့ကို မညက်တညက်ထောင်းပြီး ဟင်းခတ်အဖြစ် နှစ်သက်ရာ ပုစွန်/ ပုစွန်ခြောက်၊ ငါး/ငါး‌ခြောက်၊ ငါးပိစိမ်းစား အနည်း ငယ်၊ ဆား၊ နနွင်းမှုန့်၊ အရသာမှုန့်အနည်းငယ်ခပ်ပြီး အားလုံးသမအောင် ရောနယ်ပြီး အိုးအဖုံးအုပ်ပြီးတည်ပါ။ အသီးလေးများ နွမ်းလာသောအခါ အဖုံးဖွင့် မန်ကျည်းနှစ်ပျစ်ပျစ်ဖျော်ပြီးထည့်၊ရေနွေးအနည်း ငယ်ထည့်ကာ သမအောင်မွှေပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ချဥ်ငံစပ်အရသာလေးနှင့် ထမင်းမြိန်စေမည့် သပွတ်သီး စပ်ချဥ်ချက်လေး ရ၏။ 

  • သန့်စင်ပြီးသား သပွတ်ညွန့် နှင့် အသီးနုလေးများကို အနေတော်လှီးဖြတ်ပြီး ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်၊ ပုစွန်ခြောက် မညက်တညက်ထောင်း/ပုစွန်အစိုဆီသတ်၊ မွှေးလာပြီဆိုလျှင် သပွတ်ညွန့်လေးများထည့်၊ ဆား၊ ဟင်းခတ်မှုန့်လေးအနည်းငယ်ထည့်ပြီး သမအောင်မွှေကြော်၊ ရိုးရှင်းပြီး အရသာရှိကာ ထမင်းမြိန်စေသည့် ဟင်းရံတစ်ပွဲရ၏။

  • ကြက်ရိုးပြုတ်၊ ငါးပြုတ်ရည်တို့ထဲတွင်လည်း သပွတ်ညွန့်ကို ခပ်ပြီး အရည်သောက်ဟင်း ချက်စားလျှင်လည်း ကောင်း၏။

  • ရင့်မှည့်သွားသည့် သပွတ်သီးများ၏ အတွင်းသားမှာ ငှက်သိုက်ကဲ့သို့အမျှင်များ ဖြစ်ပေါ်လာပြီး စားသုံးရန် မသင့်တော့ပေ။ ယင်းကို အိုးတိုက်၊ ပန်းကန်ဆေးရာတွင် အသုံး ပြုခြင်း၊ ရေချိုးချိန်တွင် အသုံးပြုကြသည်။

 ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် သပွတ်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်