သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် မြေဆီလွှာနှင့်ရေထိန်းသိမ်းရေး နည်းလမ်းများ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် မြေဆီလွှာနှင့်ရေထိန်းသိမ်းရေး နည်းလမ်းများ

agronomic measures of soil and water conservation

မြေဆီလွှာသည် အစားထိုးမရသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သီးနှံပင်များ ရှင်သန်ပေါက်ရောက်နိုင်ရန် သတ္တုဓာတ်၊ သစ်ဆွေးဓာတ်နှင့် ရေပေါက်လေပေါက်တို့ဖြင့် အချိုးကျဖွဲ့စည်းထားသည့် အပေါ်ယံဆုံးအလွှာတစ်ခုဖြစ်ပါသည်။ ယင်းမြေဆီလွှာဖြစ်ပေါ်လာမှုကို ရာသီဥတု (အပူချိန်၊ မိုးရေချိန်)၊ သက်ရှိများ/ သဘာဝ ပေါက်ပင်များနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ မိခင်ကျောက်သားနှင့် အချိန်တို့က လွှမ်းမိုးမှုရှိပါသည်။  မြေဆီလွှာသည် အပင်များကြီးထွား ကုတ်တွယ်နိုင်ရန်၊ မြေတွင်းသက်ရှိများအတွက် ခိုအောင်းရာရန်နေရာ၊ အပင်၊ အပင်အာဟာရနှင့် သက်ရှိ စွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်ရှိပစ္စည်းများအားဆွေးမြေ့ပြီး အပင်အာဟာရဓာတ်ပြန်လည် ရရှိစေခြင်း၊ မြေအောက်ရေကို ထိန်းထားနိုင်ပြီးရေသန့်စင်ခြင်းနှင့် လေထုအတွင်းဓာတ်ငွေ့များ ဖလှယ်ခြင်းဖြင့် လေထုအခြေအနေကိုထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

 ၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ထုတ်ပြန်ချက်အရမြေဆီလွှာ ၁ လက်မဖြစ်ပေါ်လာရန်အတွက် နှစ်ပေါင်း ၁၀၀၀ ကျော်နှင့်အထက် ကြာမြင့်နိုင်ပြီး တောင်သူများထွန်ယက်စိုက်ပျိုးနိုင်သော အပေါ်ယံမြေသား ၆ လက်မ ဖြစ်ပေါ်ရန်အတွက် နှစ်ပေါင်း ၁၀၀၀၀ ကျော် ကြာမြင့်နိုင်ပါသည်။ မြေဆီလွှာတိုက်စားခြင်းကြောင့် ၂၀၅၀ ပြည့်နှစ်တွင် သီး နှံစိုက်ပျိုးထုတ်လုပ်မှု၏ ၁၀ ရာခိုင် နှုန်းနှင့်အထက် ထိခိုက်နိုင်ကြောင်းနှင့် လက်ရှိ ၅ စက္ကန့်တိုင်းတွင်  ဘော လုံးကွင်း တစ်ကွင်းနှင့် ညီမျှသည့် မြေပမာဏကို ဆုံးရှုံးနေကြောင်း သတိပေးထားပါသည်။ ထို့ကြောင့်မြေဆီလွှာကိုထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက သက်ရှိဘဝများစွာကို ကယ်တင်ခြင်းဖြစ်သည်ဟု တင်စားပြောဆိုကြခြင်းဖြစ်ပါသည်။

မြေယာကိုထွန်ယက်စိုက်ပျိုးနေသည့် တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူအသင်းအဖွဲ့များအနေဖြင့် “မြေဆီလွှာတိုက်စားခြင်းဆိုတာ ဘာလဲ” ဆိုတာကို သိရှိရန်လိုအပ်လာပါသည်။ သို့မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မြေဆီလွှာထိန်းသိမ်းရန် (သို့မဟုတ်) မိမိတို့၏ သဘာဝသယံဇာတ အရင်းအမြစ်များအား မည်သို့မည်ပုံ ထိန်းသိမ်းရမည်ကို သိရှိနိုင်မည်ဖြစ်ပါသည်။ မြေဆီလွှာတိုက်စားခြင်းဆိုသည်မှာ မြေမှုန်များ လေ၊ ရေ (သို့) သက်ရှိများ၊ မိုးရေမိုးပေါက်များ ထိမှန်ခြင်းနှင့် မြေပြုပြင်ထွန်ယက်ခြင်းကြောင့် မြေမှုန်များကွဲထွက်၍ ယင်းအရာဝတ္ထူများ၏သယ်ဆောင်မှုဖြင့် တစ်နေရာမှအခြားစ်တနေရာသို့ရွေ့လျားခြင်း(သို့မဟုတ်) အနည်ကျခြင်းဖြစ်စဉ် ဖြစ်ပါသည်။ မြေဆီလွှာတိုက်စားခြင်း ပုံစံ ၂ မျိုးရှိပြီး သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် မြေဆီလွှာတိုက်စားခြင်းနှင့် လူတို့၏လုပ်ဆောင်ချက်ကြောင့် (မြို့ ပြများချဲ့ ထွင်မှု၊ သစ်တောခုတ်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးခြင်း)ကြောင့်ဖြစ်ပေါ်သည့် အရှိန်ပြင်းမြေ ဆီလွှာတိုက်စားခြင်းတို့ ဖြစ်သည်။

လေကြောင့်မြေတိုက်စားခြင်းတွင် အရွယ်အစားသေးငယ်သည့် နုန်း၊ မြေစေးနှင့် သစ်ဆွေးဓာတ်များ အဝေးသို့လွင့်ပါတိုက်စားခြင်း Suspension၊ သဲများကို အနည်းငယ်ဝေးသည့်နေရာသို့ ရောက်အောင်လေဖြင့်ပါသွားခြင်း Saltation နှင့် အရွယ်အစားကြီးမားသည့် အရာဝတ္ထုနှင့် ကျောက်ခဲများ အလျား လိုက် လေဖြင့်ရွေ့လျားခြင်း Creep တို့ဖြစ်ပါသည်။ လေကြောင့် မြေ တိုက်စားခြင်း၏ မျက်မြင်လက္ခဏာအဖြစ် အပင်များယိုင်လဲ၍ အမြစ်များပေါ်နေခြင်း၊ သဲကန္တာရဖြစ်ပေါ်ခြင်းနှင့် အပေါ်ယံမြေမျက်နှာပြင်များ ချောမွေ့လာခြင်းဖြစ်ပါသည်။ ရေတိုက်စားခြင်းပုံစံတွင် မိုးရေထိမှန်ပြီး ရေတိုက်စားခြင်းနှင့် စီးဆင်းရေကြောင့်ရေတိုက်စားခြင်းတို့ဖြစ်ပါသည်။ စီးဆင်းရေကြောင့် ရေ တိုက်စားခြင်းတွင်အပေါ်ယံမြေ တိုက်စားခြင်းနှင့် အောက်မြေဆီလွှာတိုက်စားခြင်းတို့ ဖြစ်ပါသည်။ စိုက်ပျိုးမြေများတွင်တွေ့ရသော အပေါ်ယံမြေဆီလွှာတိုက်စားခြင်းတို့မှာ အလွှာလိုက်မြေဆီလွှာ တိုက် စားခြင်း၊ ကြောင်းလိုက်မြေဆီလွှာတိုက်စားခြင်း၊ လျှိုတိုက်စားခြင်းနှင့် မြေလုံးမြေခဲဖြစ်ပေါ်ခြင်းတို့ဖြစ်ပြီး အောက်မြေဆီလွှာတိုက်စားခြင်းမှာ ထူးကျင်း/လိုဏ်ခေါင်းပုံ မြေဆီ လွှာတိုက်စား ဖြစ်ပါသည်။ စိုက်ပျိုးထွန်ယက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်မြေဆီလွှာတိုက်စားမှုတွင် အလွန်အကျွံ စိုက်ပျိုးထွန်ယက်ခြင်း၊ အကြီးစားလယ်ယာစက်ကိရိယာများအသုံးပြုခြင်းနှင့် လျောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးခြင်းတို့ကြောင့် ဖြစ်ပါသည်။

မြေဆီလွှာတိုက်စားခြင်းကြောင့် မြစ်ချောင်း၊ ဆည်ကန်များတွင်နုံးပို့ခြင်း၊ ရေသွင်းစိုက်ပျိုးသည့်နေရာများတွင် စီးဆင်းရေနှင့်အတူမြေ တိုက်စားခြင်း၊ ရေလွှမ်းခြင်း၊ ကျန်း မာရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာစေခြင်း၊ မြေဆီလွှာအရည် အသွေးကျဆင်းလာခြင်း၊ သစ်ဆွေးဓာတ်ပါဝင်မှုနည်းပါးလာပြီး မြေဆီ လွှာအရောင်ပြောင်းလဲလာခြင်း၊ မြေ ဆီလွှာ၏ရုပ်ဂုဏ်သတ္တိများ (မြေသားအနု အကြမ်း၊ ဓာတုဂုဏ်သတ္တိများနှင့် ဇီဝဂုဏ်သတ္တိများပျက်စီးလာခြင်း၊ မြေဆီလွှာအာဟာရဓာတ်များ ချို့တဲ့လာခြင်း၊ မြေချဉ်ခြင်း၊ မြေငန်ခြင်းနှင့် မြေတွင်းရှိသက်ရှိများ/ အဏုဇီဝသက်ရှိများနည်းပါး လာခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းကို သိသိသာသာလျော့နည်းလာစေပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများတွင် မြေဆီလွှာတိုက်စားမှု ရှိ/မရှိ စစ်ဆေးကြည့်ရှုရန် လိုအပ်ပါသည်။ မြေဆီလွှာတိုက်စားခြင်း၏ပထမဆုံး လက္ခဏာမှာ သာမန်မျက်စိဖြင့်မြင်နိုင်သည့် မြေဆီလွှာအရောင်ပြောင်းလဲမှုဖြစ်ပြီး သစ်ဆွေးဓာတ်များရာမှနည်းလာသဖြင့် အရောင်ရင့်ရာမှ ဖျော့လာခြင်း၊ မြေဆီလွှာတွင်နိုက်ထရိုဂျင်ဓာတ်နည်းလာပါ က သဘာဝပေါက်ပင်များ၏ အ ရောင်သည် စိမ်းရာမှအဝါရောင်သို့ ပြောင်းလဲလာခြင်း၊ အပေါ်ယံမြေဆီ လွှာတိုက်စားခြင်းကြောင့် အောက်ခံ ကျောက်သားများပေါ်လာခြင်း၊ ကျောက်သားအရွယ်အစားကြီးလာခြင်း၊ ပေါင်းမြက်မျိုးစိတ်အသစ်များလာခြင်းနှင့်ပေါင်းမြက်ပေါက် ရောက်မှုများပြားလာခြင်း၊ထွန်ယက် စိုက်ပျိုးပြီးစ မိုးမိသော စိုက်ခင်းများတွင် အလွှာလိုက်မြေတိုက်စားခြင်းနှင့် ထယ်ကြောင်းအလိုက် မြေတိုက်စားခြင်းတို့အား တွေ့ရှိနိုင်ပါသည်။ ရွှေ့ပြောင်းတောင်ယာနှင့်လျောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးသည့် တောင်စောင်းဒေသများတွင်လည်း မြေဆီလွှာတိုက်စားမှုအား သိသိသာသာတွေ့ရှိနိုင်ပါသည်။ လူတို့၏ စနစ်မကျသည့်မြေယာအသုံး ပြုမှုကြောင့်ဖြစ်ပေါ်သည့် မြေဆီလွှာတိုက်စားမှုသည် မြေဆီလွှာဖြစ် ပေါ်ခြင်း ဖြစ်စဉ်ထက် အဆ ၁၀၀၀ ကျော်ရှိပြီး ရေရှည်သီးနှံစိုက်ပျိုးမှုအတွက် အဟန့်အတားတစ်ခု ဖြစ်လာခဲ့ပါသည်။

ထို့ကြောင့် မြေဆီလွှာတိုက်စားခြင်းကို လျော့နည်းသက်သာစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးခြင်း၊ မိုး ခေါင်ခြင်း၊ အပူချိန် လွန်ကဲခြင်းနှင့် ရေရှားပါးသည့်ဒေသများတွင် ပိုလျှံနေသောမိုးရေများအား စုဆောင်းရန်အတွက် တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်‌ရေထိန်းသိမ်းရေးလုပ်ငန်းများ အား ဆောင်ရွက်ရန်လိုအပ်လာပါသည်။ 

မြေဆီလွှာထိန်းသိမ်းရေးဆိုသည်မှာမြေဆီဩဇာထိန်းသိမ်းရန်အတွက် ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြေဆီလွှာ ထိန်းသိမ်းခြင်းအားဖြင့် မြေတိုက်စားခြင်းကို ကာကွယ်လျော့ချနိုင်ခြင်း၊ စီးဆင်းရေနှင့် ယင်းရေ၏အရှိန်ကို ထိန်းချုပ် နိုင်ခြင်း၊ မြေကြပ်ခြင်းအားလျော့ချနိုင်ပြီး မြေဆီလွှာအာဟာရဓာတ်များတိုးတက်ကောင်းမွန်လာစေပြီး ပိုလျှံ နေသောရေများအား စုဆောင်းနိုင်မည်ဖြစ်ပါသည်။

လက်ရှိစိုက်ပျိုးရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် မြေဆီလွှာနှင့် ရေထိန်းသိမ်းရေး နည်းလမ်းများမှ ရုပ်ဝတ္ထုများတည်ဆောက်၍ မြေ ဆီလွှာထိန်းသိမ်းခြင်း၊ သက်ရှိများဖြင့် မြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းတို့ဖြစ်ပါသည်။ ရုပ်ဝတ္ထုများတည်ဆောက်၍ မြေဆီ လွှာထိန်းသိမ်းခြင်းဆိုသည်မှာ ကျောက်သားမြေသားကန်သင်းများ တည် ဆောက်ခြင်း၊ နုံးတားဆည်များတည်ဆောက်ခြင်း၊ ရေကျော်ကျောက်တန်း၊ ရေထိန်းဆည်များတည် ဆောက်ခြင်း၊ စိုက်ကျင်းများတူး၍စိုက်ပျိုးခြင်း၊ ကွန်တိုအလိုက်စိုက်ပျိုးခြင်း၊ ရေစုကျင်းနှင့် ရေစု ကန်များတည်ဆောက်ခြင်းနှင့် သစ်တော/နှစ်ရှည်ပင်များစိုက်ပျိုးရန် စိုက်ကျင်းများတူးခြင်း ဖြစ်ပါ သည်။ သက်ရှိများဖြင့်မြေဆီလွှာထိန်းသိမ်းခြင်းတွင် မြေဖုံးပင်များစိုက်ပျိုးခြင်း၊ မြက်ရိုးတန်းများ စိုက် ပျိုးခြင်း၊ လေကာပင်များ၊ စည်ရိုးတန်းပင်များစိုက်ပျိုးခြင်း၊ သစ်စိမ်း မြေဩဇာထည့်သွင်း ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းတို့ဖြစ်ပါသည်။ သီးနှံစိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းဆို သည်မှာ သီးနှံများကိုရောနှောစိုက် ပျိုးခြင်း၊ သီးလှည့်စိုက်ခြင်း၊ အကန့်လိုက်စိုက် ခြင်း၊ ပဲမျိုးရင်းဝင်အပင်များထည့်သွင်းစိုက်ပျိုးခြင်း၊ မြေလှပ်ခြင်း၊ ထယ်ရေးမဲ့စိုက်ပျိုးခြင်း၊ သီးနှံပင် အကြွင်းအကျန်များဖြင့် မြေဖုံးအုပ်ခြင်းနှင့် သီးနှံသစ်တောရော နှောစိုက်ပျိုးခြင်းတို့ဖြစ်ပါသည်။ 

ထို့ပြင် မိုးခေါင်ရေရှားသည့်အပူပိုင်းဒေသများတွင် မိုးရွာသွန်းပြီးနောက် မြေမျက်နှာပြင် ပေါ်တွင်စီးဆင်းလာသည့်ရေများကို စိုက်ပျိုး ရေး လုပ်ငန်းများတွင်အသုံးပြုရန် ရည်ရွယ်၍ စုဆောင်းခြင်းနှင့် သို လှောင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုအပ်လာပါသည်။ ပိုလျှံနေသော မိုးရေနှင့် အရှိန်ဖြင့်စီးဆင်းလာသည့် ရေစီးအား ဖမ်းယူသိုလှောင်ခြင်းသည် မြေတိုက်စားခြင်းကို သက်သာစေရုံသာမက စိမ့်ဆင်းရေးကို များစေပါသည်။ ထို့ ကြောင့် မိုးရေကို အသုံးချသည့် အစီ အစဉ်များတွင်ရေနှင့်မြေဆီလွှာထိန်းသိမ်းခြင်းအား တစ်ပါတည်းဆောင်ရွက်ရန် လိုအပ်ပါသည်။ တောင်သူများအနေဖြင့်လည်း မိမိတို့စိုက်ပျိုးမြေများ ဆုံးရှုံးမှုမှကာကွယ်ရန်အတွက် မိမိတို့ဒေသနှင့် ကိုက်ညီသည့် မြေဆီလွှာနှင့်ရေ ထိန်းသိမ်းရေးစနစ်များကို လုပ်ကိုင်ကြရန်လိုအပ်လာပါသည်။

ထို့ပြင် စိုက်ပျိုးလုပ်ကိုင်သည့်တောင်သူများ၏ မြေတိုက်စားခြင်းကိုကာကွယ်လိုသည့် စိတ်အားထက် သန်မှုနှင့်လက်ခံမှု၊ အနီးဝန်းကျင်ရှိတောင်သူများ၏ ပူးပေါင်းဆောင် ရွက်လိုမှု၊ ငွေကြေး အထောက်အပံ့နှင့် အဆိုပါလုပ်ငန်းများကို ရေရှည်ထိန်းသိမ်းလိုသော ဆန္ဒသဘော ထားများသည် မြေဆီလွှာထိန်းသိမ်းရေးတွင် အလွန်အရေးကြီးသည့်အ တွက် တောင်သူများအနေဖြင့် စိုက် ပျိုးသီးနှံများပိုမိုထုတ်လုပ်နိုင်ရန်နှင့် ပြန်လည်အစားထိုးမရနိုင်သည့် သဘာဝအရင်းအမြစ် မြေဆီလွှာအား တန်ဖိုးထား ထိန်းသိမ်းပေးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်ရှင့်။

မြင့်မြင့်ထွန်း
(မြေအသုံးချရေးဌာနခွဲ)