နွားမျိုးကောင်း မျိုးသန့် ပွားများရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်လှစ်

နွားမျိုးကောင်း မျိုးသန့် ပွားများရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်လှစ်

မွေးမြူရေးသုတေသနဦးစီးဌာနက ဖွင့်လှစ်သည့် “သုတေသနနည်းပညာဖွံ့ဖြိုးရေး သင်တန်း(နွားမေထုန်မဲ့သားစပ်နည်း)အမှတ်စဉ်(၁)" ဖွင့်ပွဲအခမ်းအနားကို  ဇူလိုင်လ တတိယပတ် က နေပြည်တော်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ သင်တန်းခန်းမ ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ မွေးမြူရေး သုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ၊ သင်တန်းတက်ရောက်ကြမည့် ဦးစီးဌာနများမှ အမှုထမ်း အရာထမ်းများ၊  Online ဖြင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ နိုင်ငံ၏ စားရေ ရိက္ခာဖူလုံရေးနှင့် လူမှုစီးပွားဘဝများ ပြောင်းလဲတိုးတက်ရေး အတွက် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့စေရန် မိမိတို့ဝန်ကြီးဌာနက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး မူဝါဒ အနာဂတ် လားရာ မျှော်မှန်းချက်ကို အခြေပြုကာ “မြန်မာ့စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာ ကုန်ထုတ်လုပ်မှု စနစ် ထွန်းကားလာစေခြင်းဖြင့် စားရေရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး တောင်သူများ နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေရန်” အတွက် စိုက်ပျိုးရေး မွေးမြူရေးကို ဦးစားပေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်တွင်းမွေးမြူရေးကဏ္ဍ၏ ထုတ်လုပ်နိုင်မှု အနေဖြင့် ၂၀၂၃ ခုနှစ်မှာ အသား မက်ထရစ်တန်ပေါင်း (၁.၁၅)သန်း ၊ ဥအလုံးရေ သန်းပေါင်း (၃,၈၇၀) ထုတ်လုပ်နိုင်ခဲ့သည်ကို စာရင်းဇယားများအရ တွေ့ရှိရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ သုတေသနလုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြုပြီး ဆန်းသစ်တီထွင် မှုများ ပြုလုပ်ခြင်းအားဖြင့် နည်းပညာသစ်များ နှင့် မျိုးကောင်းမျိုးသန့် အသစ်များ ရှာဖွေဖော်ထုတ်ကြရမည် ဖြစ်ကြောင်း၊ “သုတေသန နည်းပညာ ဖွံ့ဖြိုးရေး သင်တန်း (နွားမေထုန်မဲ့ သားစပ်နည်း) အမှတ်စဉ်(၁)” ကို တက်ရောက် လာကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချဆွေးနွေးပေးမှုများ ကို ခံယူချက် ကောင်းကောင်းနှင့် ကျွမ်းကျင်တတ်မြောက်သည်အထိ လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ “သုတေသနနည်းပညာ ဖွံ့ဖြိုးရေးသင်တန်း ၊ နွားမေထုန်မဲ့ သားစပ်နည်း အမှတ်စဉ်(၁)” ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ရှင်းလင်းတင်ပြသည်။ ဇူလိုင်လ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့ အထိ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းတွင် ဦးစီးဌာနများမှ အမှုထမ်း အရာထမ်းများ သင်တန်းသား( ၂၁ )ဦး တို့ တက်ရောက် လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုရေးသုတေသနဦးစီးဌာန ၊ မျိုးစေ့ဘဏ် ၊ ဇီဝနည်းပညာနှင့်သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ ၊ အပင်မျိုးရိုးဗီဇနှင့် မော်လီကျူလာ နည်းပညာဖြင့် မျိုးမွေးမြူရေးသုတေသနဌာနစုရှိ မော်လီကျူလာဓါတ်ခွဲခန်း ၊ သဘာဝ အရင်းအမြစ်များ သုတေသနဌာနခွဲ ရေအသုံးချရေး သုတေသနဌာနစု ဓါတ်ခွဲခန်းများ၊ မွေးမြူရေးသုတေသနဦးစီးဌာန ၏ ဒေသနွားမွေးမြူရေးခြံကိုလည်းကောင်း၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ခန်းမ ဆောက်လုပ်ပြီးစီးမှု ၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် အိပ်ဆောင်များ နှင့် ထမင်းစားဆောင်တို့ကို ကြည့်ရှုစစ်ဆေး သည်။ 

၎င်းနောက် ဒုတိယဝန်ကြီး သည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် ဆောင်ရွက်သည့်” စပါးသီးနှံ ရိတ်သိမ်းအပြီး ပဲပုပ်သီးထပ် စိုက်ပျိုး ခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း”  စီမံကိန်း အတွက်   စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ယာသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုတွင် စိုက်ပျိုးထားရှိ သော ပဲပုပ်မျိုး ရေဆင်း-၁၅ ဆင့်ပွားမျိုးစေ့ မျိုးသန့်ပွားများနေမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသတင်းရရှိသည်။