မြေဆီလွှာကျန်းမာရေး ဂရုတစိုက်ဆောင်ရွက်ပေး

မြေဆီလွှာကျန်းမာရေး ဂရုတစိုက်ဆောင်ရွက်ပေး

soil

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် မြေဆီ လွှာ၏  အာဟာရဓာတ်အခြေအနေကို သိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ မိမိမျှော်မှန်းထားသော ပန်းတိုင်အထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအများစု၌ သစ်ဆွေးဓာတ်ပါဝင်မှု ၂ ရာခိုင်နှုန်း နည်းပါးလာသည်ကိုတွေ့ရှိရသည်။ သဘာဝမြေဩဇာများဖြစ်ကြသော တိရိစ္ဆာန် အညစ်အကြေးများ၊ သစ်ရွက်ဆွေးမြေဆွေးမြေဩဇာများနှင့် သီးနှံပင်အကြွင်းအကျန်များ  ပြန် လည်ထည့်သွင်းမှု နည်းပါးခြင်း၊ ဓာတ်မြေဩဇာလုံလောက်စွာ မထည့်ဘဲ စိုက်ပျိုးမှုများလာပါက သီးနှံပင်များမှ မြေဆီလွှာအတွင်းရှိ နဂိုရှိရင်းစွဲ အာဟာရဓာတ်များအား ထုတ်ယူသုံးစွဲ သွားသဖြင့် မြေတွင် အာဟာရဓာတ်ကုန်ခမ်းပြီး မြေမောလာပါသည်။ အကျိုးဆက်အနေဖြင့် သီးနှံပင်များ၏ အထွက်နှုန်းများ ကျဆင်းလာပါသည်။ သို့ဖြစ်ပါ၍ မြေဆီလွှာကျန်းမာရေးကောင်းစေရန် အောက်ပါအချက်များကို ဆောင်ရွက်သင့်ပါသည်-

(က) သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း- ယခုအခါဓာတ်မြေဩဇာရှားပါးပြီး အဆ မတန်ဈေးကြီးလာသော အ‌ခြေအနေ တွင် စိုက်ပျိုးသူတောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ် မှုကို ထိန်းသိမ်းနိုင်ရန်နှင့် စိုက်ပျိုး သူတောင်သူများ ဝင်ငွေရရှိစေရန်အတွက် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းကို တောင်သူများလက်တွေ့အသုံးချ စိုက်ပျိုး သင့်ပါသည်။

(ခ) ပြောင်းရိုးအားပြန်လည်အသုံးချခြင်း- ဘိုင်အိုချာသည် သဘာဝ စွန့်ပစ်ပစ္စည်းများနှင့် သီးနှံအကြွင်းအကျန်များကို အပူပေးလောင် ကျွမ်းစေခြင်းမှ ရရှိလာသော ကာဗွန်ကြွယ်ဝသည့် ကွန်ပေါင်းတစ်ခုဖြစ်ပြီးမြေဆီအာဟာရဓာတ်ကိုလည်းတိုးတက်ကောင်းမွန်စေပါသည်။ ဘိုင်အိုချာကို အသုံးပြုခြင်းဖြင့် အာဟာရဓာတ်ဆုံးရှုံးမှုတို့ကိုလျော့ နည်းစေနိုင်ပြီး စပါးစိုက်ပျိုးရာတွင်မြေခံအဖြစ် ထည့်သွင်းအသုံး ပြုနိုင် သည်။ ဘိုင်အိုချာကို သင့်တော်သောဓာတ်မြေ ဩဇာများနှင့် ရောစပ် အသုံးပြုခြင်းဖြင့် သီးနှံကြီးထွားဖွံဖြိုးမှုအတွက် အထောက်အကူဖြစ် စေနိုင်ပါသည်။

(ဂ) ကောက်ရိုးအားပြန်လည်အသုံးချခြင်း- ကောက်ရိုးများကို သီးနှံပင်ရိတ်သိမ်းပြီးနောက် ပြန်လည်ထည့် သွင်းပေးခြင်းဖြင့် သစ်ဆွေးဓာတ်ပါဝင်မှုတိုးလာကာမြေဆီလွှာအာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေခြင်း၊ မြေနှင့်ရေတိုက်စားမှုအား လျော့ ကျစေခြင်း၊ အာဟာရဓာတ်များ ရေစီး ကြောင်းဖြင့် တိုက်စားသွားခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးသွားခြင်းတို့ အား လျော့ကျသွားစေသော အကျိုးသက်ရောက်မှုရှိပါသည်။

(ဃ) ပဲသီးနှံပါဝင်သော သီးနှံပုံစံ ထည့်သွင်းစိုက်ပျိုးခြင်း-မြေတစ်နေရာတည်း၌နှစ်စဉ်စပါးပြီးစပါး ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေထဲရှိအာဟာရဓာတ်များလျော့နည်းလာတတ်သဖြင့် မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းရန် စပါးနှစ်သီးအကြားပဲသီးနှံအားထည့်သွင်းစိုက်ပျိုးပေးသင့်ပါသည်။ စပါး-ပဲ-စပါး သီးနှံပုံစံတွင်  မိုးစပါးအပြီးမိုးနှောင်းတွင်စိုက်ပျိုးခဲ့သောပဲသီးနှံ၏ အရိုးအမှော်များမြေတွင်ပြန်လည်ထယ်ထိုးမြေမြှုပ်ခြင်းသည်နွေစပါးအတွက် အထောက်အကူဖြစ်စေပြီးမိုးနှောင်းမြေလှပ်ထားခြင်းထက် စပါး အထွက် ၃ ရာခိုင်နှုန်း မှ ၁၉ ရာခိုင်နှုန်း ပိုသည်ကိုတွေ့ရှိခဲ့ရပါသည်။

(င) စပါးခွံဖွဲပြာထည့်သွင်းအသုံးပြုခြင်း-အချဉ်ဖက်ယိုင်သောမြေများတွင် စပါးခွံများကိုလောင်ကျွမ်းသွားအောင် မီးရှို့ခြင်းမပြုဘဲ မဲသွားရုံသာ မီး လောငစေ၍ ထိုစပါးခွံဖွဲပြာကို တစ်ဧက ၅ တန် နှုန်း ထည့်ပေးခြင်းဖြင့် စပါး ၃ တင်း (၅ ရာခိုင်နှုန်း) ပိုထွက်စေပါသည်။ စပါးခွံဖွဲပြာကို တစ်ဧက ၅ တန် နှုန်း ၃ ကြိမ် ဆက်တိုက် ထည့်သွင်းသုံးစွဲပါက မြေ၏ ချဉ်/ငန်ဓာတ်မှာ ၄ ဒသမ ၈၃ မှ ၅ ဒသမ ၂၄ ထိ တိုးလာကြောင်း၊ မြေသားဖွဲ့စည်းမှု ကောင်းကာ အပင်စားသုံးနိုင်သော ဖော့စ်ဖိတ်နှင့် ပိုတက်ဓာတ်တို့လည်း တိုးလာနိုင်ပါသည်။

(စ) မြေဆွေးပုံပြုလုပ်သုံးစွဲခြင်း-မြေ ဆွေးပုံပြုလုပ်သုံးစွဲပေးခြင်းဖြင့်ဓာတ် မြေဩဇာလိုအပ်မှုအားလျော့ချနိုင်ခြင်း၊ မြေဆီ လွှာအတွင်းအာဟာရဓာတ်များအားဖြည့်တင်းပေးနိုင်ပြီးမြေ အစိုဓာတ်ကိုလည်းထိန်းသိမ်းပေးနိုင်ခြင်း၊သစ်ဆွေးဓာတ်များကို အမြန်ဆွေးမြေ့စေရန်လုပ်ဆောင်ပေးသည့် မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများနှင့်မှိုများပွားများလာမှုကိုအားပေးခြင်း နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါသည်။

(ဆ) နှမ်းရိုးများအား စပါးစိုက်ခင်းအတွင်းသို့ပြန်လည် ထည့် သွင်းခြင်း- နှမ်းရိုးများသည် ပိုတက်စီယမ်ဓာတ် ကြွယ်ဝ ပါသည်။ စပါးစိုက်ခင်းများအတွင်းတွင် ရေထဲသို့ မြှုပ်ပေးလိုက်ရုံဖြင့် နှမ်းရိုးထဲရှိပိုတက်စီယမ်ဓာတ်များသည် အပင်စားသုံး နိုင်သည့်ပုံစံဖြင့် ထွက်ရှိလာနိုင်ပြီး စပါးပင်များမှ တိုက်ရိုက် စုပ်ယူ စားသုံးနိုင်ပါသည်။

(ဇ) ပဲမြစ်ဖုဇီဝမြေဩဇာများနှင့် ထရိုင်ခိုဒါးမား မှိုအားသုံးစွဲပေးခြင်း- မြေမှနိုက်ထရိုဂျင် လျော့ ပါးမှုကို ကာကွယ်ရန်နှင့် ပဲပင်အတွက် လိုအပ် သောနိုက်ထရိုဂျင်ဓာတ်ကိုအကျိုးရှိစွာဖြင့်ဖြည့် ဆည်းပေးနိုင်ရန် ပဲမြစ်ဖုမြေဩဇာများကို ထည့် သွင်းသုံးစွဲပေးနိုင်ပါသည်။ အပင်ကြီးထွားမှုကို အားပေးသော ပဋိဇီဝပစ္စည်း (Antibiotics)များ ထုတ်နိုင်ပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးနိုင်သော အဏုဇီဝသက်ရှိမှိုများကိုလည်း အသုံးပြုသင့်ပါသည်။

စိုက်ပျိုးမြေအများစုသည် သစ်ဆွေးဓာတ်နည်းပါးသည့်အတွက် မြေတွင်းသစ်ဆွေးဓာတ် ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှသာမြေဆီလွှာ၏သီးနှံထုတ် လုပ် နိုင်စွမ်းကိုရေရှည် ထိန်း သိမ်းနိုင်ပြီး ဓာတ်မြေဩဇာကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လယ် ယာထွက် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ၊ ထရိုကိုဒါးမားမှိုနှင့် မြေဆွေးပြုလုပ်နည်း များပညာပေးခြင်း၊ သဘာဝမြေဩဇာများကို အလွယ်တကူဝယ်ယူသုံးစွဲနိုင်အောင် စီစဉ် ပေးခြင်း၊ သဘာဝမြေဩဇာများ၊ ဇီဝမြေဩဇာများနှင့် ဓာတ်မြေဩဇာကို အကျိုးရှိစွာသုံးစွဲမှု နည်းပညာပေးခြင်းများဖြင့်မြေဆီလွှာကိုထိန်းသိမ်း နိုင်ပါသည်။ မြေဆီလွှာကျန်းမာမှ မျှော်မှန်းအထွက်နှုန်းကို ရရှိစေမည်ဖြစ်၍ မြေဆီလွှာမယိုယွင်း မပျက်စီးအောင်ကာကွယ်ရန် အရေးကြီးပါကြောင်း တင်ပြလိုက်ရပါသည်။                                               

  ဒေါက်တာရွှေလုံး