နာနက်သီးခွံကို တိရစ္ဆာန်စာအဖြစ် အသုံးပြုခြင်းဖြင့် လူနှင့်ပတ်ဝန်းကျင်ကို အကျိုးပြုပုံ

နာနက်သီးခွံကို တိရစ္ဆာန်စာအဖြစ် အသုံးပြုခြင်းဖြင့် လူနှင့်ပတ်ဝန်းကျင်ကို အကျိုးပြုပုံ

pineapple

စာကြမ်း (roughage) သည် ကျွဲ၊ နွား၊ သိုးနှင့် ဆိတ် စသည့် စားမြုံ့ပြန် သတ္တဝါများအတွက် စားမြုံ့ပြန်ခြင်းနှင့် အစာအိမ် ၏ပုံမှန်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အရေးကြီးပါသည်။ ကောက်ရိုး၊ ပြောင်းရိုးနှင့် မြက် စသည်တို့သည် အဓိကအစာကြမ်းများဖြစ်သည်။ မြန်မာနိုင်ငံကဲ့ သို့သော အပူပိုင်းဒေသနိုင်ငံများတွင် အပူချိန်မြင့်မားသောကြောင့်  အရည်အသွေးကောင်းမွန်သော အစာကြမ်းများရရှိနိုင်မှုတွင် ကန့် သတ်ချက်များရှိနေပါသည်။ ထို့ကြောင့် အရည်အသွေးကောင်း မွန်သော အစာကြမ်း အဖြစ်အသုံးပြု ၍ရနိုင်မည့် ပုံမှန်နွားစာအဖြစ်သုံးနေကျမဟုတ်သည့် အခြားအစာ အရင်းအမြစ်များကို ရှာဖွေအသုံးပြုရန်လိုအပ်ပါသည်။ ယင်းတို့အနက် အစားအစာပြုပြင် ထုတ်လုပ်သော စက်ရုံများမှ ထွက်လာသည့် စွန့်ပစ်ပစ္စည်းများကို တိရစ္ဆာန်အစာအဖြစ် ပြုပြင်ပြောင်းလဲပြီးအသုံးပြုခြင်းသည် စိတ်ဝင် စားဖွယ်ရာ နည်းလမ်းတစ်ခုဖြစ်ပါသည်။ 

သစ်သီးဝလံများအား စားသောက် ကုန်အဖြစ်ပြုပြင်ထုတ်လုပ်သည့် စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအနက် နာနတ်သီးခွံ၊ လိမ္မော်သီးခွံ၊ သရက်သီးခွံနှင့် ငှက် ပျောသီးခွံတို့သည်အဓိက ဖြစ်သည်။ ယင်းတို့အနက် ကျွန်ုပ်တို့ နှစ်နှစ် ခြိုက်ခြိုက် စားသုံးနေကြသည့် နာ နတ်သီးမှ ထွက်ရှိလာသည့် နာနတ် သီးခွံစွန့်ပစ်ပစ္စည်းများ (Pineapple peel by-products) သည် ချေဖျက်ရ လွယ်ကူသည့် အမျှင်ဓာတ်၊ စွမ်း အင်ဓာတ်၊ ဗီတာမင်-B, C နှင့် သတ္တု ဓာတ်များ အလွန် ကြွယ်ဝပါသည်။ နာနတ်သီးခွံတွင် အခြောက်ဓာတ် ၁၂-၁၈ ရာခိုင်နှုန်း၊ အသားဓာတ် ၅-၉ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၄၂ ရာခိုင်နှုန်း၊ အဆီဓာတ် ၃ ရာခိုင်နှုန်း၊ ကစီဓာတ် ၅၀-၈၀ ရာခိုင်နှုန်းနှင့် စွမ်းအင်ဓာတ် (၄၄၈၁ Kcal) တို့ပါဝင်ပါသည်။ 

သို့သော် နာနတ်ခွံစွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်သို့ စွန့်ပစ်သည့်အခါ ယင်းတို့သည် အစိုဓာတ်များပြီး သကြားဓာတ်ပါဝင်မှုလည်းများသောကြောင့် ပုပ်သိုးလွယ်ပြီး မှိုပေါက်ပွားမှုများခြင်းကြောင့်ပတ် ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေပါ သည်။ ထိုစွန့်ပစ်ပစ္စည်းများကို စက် ရုံမှထွက်လာသည့်ပုံစံအတိုင်း တိရစ္ဆာန်များကို တိုက်ရိုက်ကျွေး၍ ရသော်လည်း ထွက်လာသည့်စွန့်ပစ်ပစ္စည်း အားလုံးကို တစ်ရက်တည်း ကုန်အောင်မကျွေးနိုင်လျှင် နောက်ရက်များတွင် ပုပ်သိုးပျက်စီးသွားပြီး တိရစ္ဆာန်အစာအဖြစ် အသုံးပြု၍မကောင်းသလိုပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်း စေပါသည်။

ထို့ကြောင့် နာနတ်သီးခွံစွန့်ပစ်ပစ္စည်းများကို အာဟာရတန်ဖိုးများမပြောင်းလဲဘဲ အချိန် ကြာရှည်စွာသိုလှောင်ထားနိုင်ရန်အတွက် ချဉ်ဖတ် (silage) ပြုလုပ်ခြင်းသည်အကောင်းဆုံးနည်းလမ်းဖြစ်သည်။စာရေးသူတို့အဖွဲ့သည် သစ်သီး ဝလံများအားစားသောက်ကုန်အဖြစ်ပြုပြင်ထုတ်လုပ်သည့်စက်ရုံမှ ပမာဏများစွာ ထွက်ရှိလာသည့် နာနတ်သီးခွံများကို ချဉ်ဖတ်ပြုလုပ်ပြီး မြန်မာပြာစိမ်း နွားများအား အစာကြမ်းနေရာတွင်အစားထိုး ကျွေးလျက်ရှိရာ နာနတ်သီးအနံ့ကြောင့် နွားများ အစာစားချင်စိတ်ကို လှုံ့ဆော်သည့်အတွက် အစာစားနှုန်းတက်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း ကျန်းမာခြင်း စသည့် အကျိုး ကျေးဇူးများကို တွေ့ရှိရပါသည်။ 

ထို့ကြောင့် သစ်သီးဝလံများအား စားသောက်ကုန်အဖြစ်ပြုပြင်ထုတ်လုပ်သည့် စက်ရုံများမှ စွန့်ပစ်ပစ္စည်းများကို တိရစ္ဆာန် အစာအဖြစ်အသုံးပြုခြင်းသည် တိရစ္ဆာန်များအတွက် အရည်အသွေး ကောင်းမွန်သည့် အစာကြမ်းများ မလုံလောက် သည့်အချိန်တွင် အစားထိုးအစာအဖြစ်အသုံးပြုနိုင်ခြင်းနှင့် ပတ်ဝန်း ကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း စသည့်ကောင်းကျိုးများစွာရရှိပါ သည်။ 

သုတေသနတွေ့ရှိချက်များအရ တစ်ရက်ပျမ်းမျှစုစုပေါင်းအစာ (အခြောက်ဓာတ်) စားနှုန်းသည် မြက်ချဉ်ဖတ်သီးသန့်ကျွေးသောအုပ်စု (အုပ်စု-၁) တွင် ၆ ဒသမ ၄၇ ကီလို ဂရမ်ရှိပြီး နာနတ်သီးခွံချဉ် ဖတ်ထည့်ကျွေးသောအုပ်စု (အုပ်စု-၂) တွင် ၇ ဒသမ ၇၀ ကီလိုဂရမ်ရှိပါသည်။ ထို့ ကြောင့် အုပ်စု-၂ ရှိနွားများ၏တစ်ရက်ပျမ်းမျှစုစုပေါင်းအစာစားနှုန်းသည် အုပ်စု-၁ ရှိနွားများ၏အစာစားနှုန်းထက် တစ်ရက်လျှင် ၁ ဒသမ၂၃ ကီလို ဂရမ်ခန့်ပိုများပြီး ရာခိုင်နှုန်း အားဖြင့် ၁၉ ဒသမ ၀၁ ရာခိုင်နှုန်းပိုများပါသည်။ ထို့အပြင် အုပ်စု-၁ နှင့် အုပ်စု-၂ ရှိနွားများ၏တစ်ရက်ပျမ်းမျှ အသားဓာတ်၊ အမျှင်ဓာတ်နှင့် ကစီဓာတ်စားနှုန်းတို့မှာ သုည ဒသမ ၆၂ နှင့် သုညဒသမ ၇၃ ကီလိုဂရမ်၊ ၃ ဒသမ ၈၉ နှင့် ၄ ဒသမ ၅၇ ကီလိုဂရမ်နှင့် ၁ ဒသမ ၂၃ နှင့် ၁ ဒသမ ၅၇ ကီလိုဂရမ် အသီးသီးရှိပါသည်။ 

ထို့ကြောင့် အုပ်စု-၂ ရှိနွားများ၏ တစ်ရက်ပျမ်းမျှ အသားဓာတ်၊ အမျှင်ဓာတ်နှင့်ကစီဓာတ်စားနှုန်းတို့သည် အုပ်စု-၁ ရှိနွားများထက် သုည ဒသမ ၁၁ ကီလိုဂရမ် (၁၇ ဒသမ ၆၇ ရာခိုင်နှုန်း)၊ သုညဒသမ ၆၈ ကီလို ဂရမ် (၁၇ ဒသမ ၄၃ ရာခိုင်နှုန်း) နှင့် သုညဒသမ ၃၄ ကီလိုဂရမ် (၂၇ဒသမ ၂၀ ရာခိုင်နှုန်း) ခန့် အသီးသီးပိုများပါသည်။ အုပ်စု-၂ ရှိနွားများသည် အသားဓာတ်၊ အမျှင်ဓာတ်နှင့် ကစီ ဓာတ်စားနှုန်းပိုများသောကြောင့် တစ်ရက်ပျမ်းမျှစွမ်း အင်ဓာတ် ရရှိမှုတွင်လည်း အုပ်စု-၁ နွားများထက် ပိုများပါသည်။ အုပ်စု -၁ နှင့် အုပ်စု-၂ ရှိနွားများ၏တစ်ရက်ပျမ်းမျှ စွမ်းအင် ဓာတ်ရရှိမှုမှာ ၇ ဒသမ ၇၃ နှင့် ၉ ဒသမ ၅၄ မီဂါကယ်လိုရီ ဖြစ်ပါသည်။ ထို့ကြောင့် အုပ်စု -၂ ရှိနွားများသည် အုပ်စု-၁ ရှိနွားများထက် တစ်ရက်ပျမ်းမျှ စွမ်းအင်ဓာတ် ရရှိမှုတွင် ၁ ဒသမ ၈ မီဂါကယ်လိုရီ (၂၃ ဒသမ ၃၈ ရာခိုင်နှုန်း) ခန့် ပိုမိုရရှိပါသည်။

စွမ်းအင်ဓာတ်ပိုမို ရရှိ သောကြောင့်တစ်ရက်ပျမ်းမျှအသား တိုးနှုန်းတွင်လည်း အုပ်စု-၂ ရှိနွားများသည် အုပ်စု -၁ ရှိ နွားများထက် ပိုများပါသည်။ အုပ်စု-၁ နှင့် အုပ်စု-၂ ရှိနွားများ၏ တစ်ရက်ပျမ်းမျှ အသား တိုး နှုန်းမှာ သုညဒသမ ၄၅ နှင့် သုညဒသမ ၅၄ ကီလိုဂရမ်ဖြစ်ပြီး အုပ်စု-၂ ရှိနွားများသည် အုပ်စု-၁ ရှိနွားများထက်တစ်ရက်ပျမ်းမျှအသား တိုးနှုန်း သုညဒသမ ၀၉ ကီလိုဂရမ် (၁၈ ဒသမ ၈၉ ရာခိုင်နှုန်း) ခန့်ပိုများပါသည်။

ထို့ကြောင့် နာနတ်သီးခွံချဉ်ဖတ်ကို အစာကြမ်းအနေဖြင့် နေပီယာမြက်ချဉ်ဖတ်နေရာတွင် အစားထိုး အသုံးပြုနိုင်ပြီး မြန်မာဒေသနွားများ ၏အစာထဲတွင် ၂၅ ရာခိုင်နှုန်း ထည့်ကျွေးခြင်းအားဖြင့် နွားများ၏ အစာစားနှုန်း၊စွမ်းအင်ဓာတ်ရရှိမှုနှင့် အသားတိုးနှုန်း တို့ကို ပိုမိုကောင်းမွန်စေပါသည်။ ထို့ကြောင့် သစ်သီးဝလံ များအားစားသောက်ကုန်အဖြစ် ပြုပြင်ထုတ်လုပ်သည့်စက်ရုံများမှ စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင် ညစ်ညမ်းမှုလည်းမဖြစ်အောင် တိရစ္ဆာန်အစာအဖြစ် အကျိုးရှိစွာ အသုံးစွာအသုံးချနိုင်ကြောင်းသုတေ သန တွေ့ရှိချက်များအား အခြေခံပြီး တိုက်တွန်းလိုက်ရပါသည်။

ဒေါက်တာယဉ်ယဉ်ကျော့(မွေး/ဆေး)