သီးထပ်စွမ်းအားတိုးမြှင့်ရေး တစ်နှစ်သုံးသီး စိုက်ပျိုးပေး

မြန်မာနိုင်ငံသည် ရေ၊မြေသယံဇာတပေါကြွယ်ဝ သော စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံ ဖြစ်ပြီး သီးနှံအမယ်ပေါင်း ၆၀ ကျော် စိုက်ပျိုးထုတ်လုပ်လျှက် ရှိသည်။ မြေမျက်နှာသွင်ပြင် အနေအထားနှင့် စိုက်ပျိုး ရေးမိုးလေဝသဆိုင်ရာ အခြေအနေပေါ်မူတည်၍ မြန်မာနိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးထုတ်လုပ်မှုသည် သီးနှံပုံစံအမျိုးမျိုးဖြင့် ကွဲပြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဧရိယာမှာ ဧက ၃၃ ဒသမ၂ သန်း ဖြစ်ပြီး ဧက ၅ ဒသမ ၆ သန်း ခန့်သည် ရေသွင်းစိုက်ပျိုးနိုင်သော ဧရိယာဖြစ်သည်။ ဆည်ရေသောက်ဒေသများအတွက် စပါးအခြေခံ သီး ထပ်သီးနှံပုံစံသည် အကျိုးအမြတ် အများဆုံးနှင့် တစ်နှစ်လျှင် ၃ သီးရရှိပြီး သီးနှံစိုက်စွမ်းအား အကောင်းဆုံး စနစ်ဖြစ်ပါသည်။ စိုက်ပျိုးရေးသု တေသနဦးစီးဌာန(နေပြည်တော်၊ရေဆင်း)တွင် မြေတစ်ဧက၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေပြီး စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးပြုနိုင်သော နည်းစနစ်များနှင့် အကျိုးအမြတ် အများဆုံး ရရှိစေနိုင်သည့် သီးနှံပုံစံအတွဲများ ရှာဖွေဖော် ထုတ်ရန်နှင့် မြန်မာနိုင်ငံ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဆည်ရေ သောက်ဒေသများအတွက်အကျိုးအမြတ်အများဆုံးရရှိစေမည့် တစ်နှစ်သုံးသီး သီးနှံပုံစံအတွဲများအား စမ်းသပ်စံပြ စိုက်ပျိုးပြသ၍ တောင်သူများနှင့် စီမံခန့်ခွဲသူများအား ဖိတ်ခေါ် လေ့လာစေခြင်းဖြင့် သိရှိလိုက် နာကျင့်သုံးလာနိုင်ပြီး လူ မှု စီးပွားဘဝ တိုးတက်ဖွံ့ဖြိုးလာ နိုင်စေရန် ရည်ရွယ်ချက်ဖြင့် သီးထပ် သီးနှံပုံစံ ၁၀ တွဲကို စိုက်ပျိုးပြသခဲ့သည်။
အဆိုပါသီးနှံပုံစံ ၁၀ မျိုးမှာ (၁) စပါး - နေကြာ - ပဲပုပ် (၂) စပါး (တစ်မိုးနှစ်သီး) -သစ်စိမ်း - ပဲတီစိမ်း(၃) စပါး - အစေ့ထုတ်ပြောင်း - ဟင်းသီး ဟင်းရွက်(၄) စပါး - မြေပဲ - ပဲတီစိမ်း (၅) စပါး(တစ်မိုးနှစ်သီး) - ကြက် သွန်နီ (၆) စပါး - မတ်ပဲ - နှမ်း (၇)စပါးလမိုင်း-စပါးလမိုင်း-စပါး(၈) စပါး-ဖူးစားပြောင်း-စပါး(၉)စပါး-ကုလားပဲ-စပါး(၁၀)ပဲပုပ်-ဆီမုံညင်း-ဝါ တို့ဖြစ်သည်။
ထိုသီးနှံပုံစံ ၁၀ မျိုးကို ၂၀၂၂ ခုနှစ် မိုးနှောင်းရာသီမှစတင်စမ်းသပ်ခဲ့ရာ (၂၀၂၂ -၂၃ခုနှစ်တွင်) စပါး(တစ်မိုးနှစ်သီး) - ကြက်သွန်နီ၊ စပါး-ဖူးစားပြောင်း-စပါး၊ စပါး - မြေပဲ - ပဲတီစိမ်း၊ စပါး - မတ်ပဲ - နှမ်းနှင့် စပါးလမိုင်း-စပါးလမိုင်း-စပါး သီးနှံပုံစံအတွဲများသည် အကျိုးအမြတ်အများဆုံး ရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး (၂၀၂၃-၂၄ ခုနှစ်တွင်) စပါး(တစ်မိုးနှစ်သီး) - ကြက်သွန်နီ၊ စပါး - မြေပဲ - ပဲတီစိမ်း၊ စပါး - မတ်ပဲ - နှမ်း၊ စပါးလမိုင်း-စပါးလမိုင်း-စပါးနှင့် စပါး (တစ်မိုးနှစ်သီး) -သစ်စိမ်း - ပဲတီစိမ်း သီးနှံပုံစံအတွဲများသည် အ ကျိုးအမြတ်အများဆုံး ရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
၂၀၂၃ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးဦးကာလ မိုးရေရှိမှုနည်း၍ ဇန်နဝါရီလနှင့် မတ်လများတွင် မိုးရွာသွန်းမှုမရှိခဲ့ပါ။ မိုးကြိုကာလ ရွာသွန်းမှုသည် တစ်နှစ်တာ၏ ၁ ရာခိုင်နှုန်း ခန့်သာ ရရှိခဲ့သည်။ မုန်သုန်ဝင်ရောက်သော မေ လသည် တစ်နှစ်တာအတွင်း မိုးရေ ချိန် အများဆုံးလ ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် မေလတွင် ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အောက် လျော့နည်းခဲ့ပြီး မိုးလယ်ကာလ မိုးရရှိမှုသည် တစ်နှစ်တာ၏ ၅၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ မတ်လမှစတင်အစပျိုးလာခဲ့သောအယ်လ်နီညိုဖြစ်စဉ်များကြောင့် မိုးနည်းပါးခြင်းနှင့်အတူ မိုး ရွာသွန်းမှု မူမမှန်ခြင်းကို မိုးနှောင်းကာလတွင်ကြုံတွေ့ခဲ့ရသည်။ စက် တင်ဘာလတွင် ရွာသွန်းမြဲခန့်ရှိခဲ့ပြီး အောက်တိုဘာလ၌ ရွာသွန်းမြဲထက်ပိုခဲ့ပြီး တစ်နှစ်တာအတွင်း မိုးအများဆုံး ရွာသွန်းသောလ အဖြစ်တွေ့ရှိရသည်။ အောက်တိုဘာလ ၁၄ ရက် တစ်ရက်တာ အတွင်း မိုးရေချိန် ၈၄ ဒသမ ၆ မီလီမီတာ သည်းထန်စွာ ရွာသွန်းခဲ့သည်။ ၂၀၂၃ ခုနှစ် မိုး နှောင်း ကာလ မိုးရေချိန်သည် တစ်နှစ်တာ၏ ၄၄ ရာခိုင်နှုန်း ရွာသွန်းခဲ့ပါသည်။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် ရွာသွန်းမြဲအောက် လျော့ နည်းခဲ့ပါသည်။
၂၀၂၃ ခုနှစ်တွင် သာမန်ထက်အပူချိန် မြင့်မားခြင်း၊ ပူပြင်းခြောက် သွေ့ခြင်း တို့ကိုလည်း ကြုံတွေ့ရပါသည်။ ၁၉၉၂ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ နှစ် ၃၀ ပျမ်းမျှ အပူချိန် နှင့် အနိမ့်ဆုံး အပူချိန်၊ အမြင့်ဆုံးအပူ ချိန်တို့ကို နှိုင်းယှဉ်ရာတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်မှစတင်ကာ ၂၀၂၃ မေလ အထိ ၎င်းလများ၏ ပုံမှန်အမြင့်ဆုံးအပူချိန်တို့ထက် ၀ ဒသမ၂ မှ ၂ ဒသမ ၄ °C အထိပိုခဲ့သည်ကို တွေ့ရသည်။ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ် လများတွင် ပုံမှန် အမြင့်ဆုံး အပူချိန် အောက်ကျ ဆင်းခဲ့ပြီး ကျန်လများတွင် ပုံမှန်အပူချိန်ထက် သိသာစွာ မြင့်တက်နေခဲ့ပါသည်။ ထို့အတူ လအလိုက် အနိမ့်ဆုံးအပူချိန်နှင့် ပျမ်းမျှအပူချိန်တို့သည်လည်း ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လများမှ အပ ကျန်လများတွင် ပုံမှန်အပူချိန်ထက် ၀ ဒသမ ၅ မှ ၂ ဒသမ ၉ °C အထိ ပို
ခဲ့သည်ကို တွေ့ရပါသည်။
သီးနှံပုံစံ ၁၀ မျိုး စမ်းသပ်စိုက်ပျိုး ခဲ့သောမြေအမျိုးအစားမှာ သဲဆန်သောနုန်းမြေဖြစ်ပြီး ရေထိန်းစွမ်း အားနည်းခြင်း၊ အနည်းလိုသစ်ဆွေးဓာတ်ပါဝင်မှုနည်းပါးခြင်းနှင့်အတူ အများလို အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်ပါဝင်မှုမှာ နည်း သောအဆင့်မှ အသင့်အတင့် အဆင့် တွင်ရှိခြင်း၊ ပိုတက်ဆီယမ်ဓာတ်နည်းပါးခြင်းတို့ကြောင့် မြေဆီဩဇာနိမ့်ကျသော မြေအမျိုးအစားဖြစ် သည်ဟုတွေ့ရှိရပါသည်။ ထို့ကြောင့် စိုက်ပျိုးထားသော သီးနှံပင်ကောင်းစွာ ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်း မွန်စေရန်နှင့် သီးထပ်သီးနှံပုံစံများကို ရေရှည်စိုက်ပျိုးနိုင်စေရန် မြေဆီ လွှာအာဟာရဓာတ်များပြည့်ဝစေရေး စနစ်တကျစီမံခန့်ခွဲရန် လိုအပ်သည်ဟု သုံးသပ် ပါသည်။ ၂၀၂၂-၂၀၂၃ မိုးနှောင်းရာသီ သီးထပ်သီးနှံပုံစံ ၁၀ မျိုး၏ မစိုက်ပျိုးမီ မြေနမူနာ ဓာတ်ခွဲ တွေ့ရှိချက်အဖြေများအားလေ့လာရာတွင် မြေချဉ်ငန်ကိန်း 5.3 မှ 6 အတွင်းရှိသည်ကို တွေ့ရှိရသဖြင့် အသင့်အတင့်ချဉ်သောအခြေအ နေတွင်ရှိပြီး စိုက်ပျိုးမည့် သီးနှံ၏ သင့်တော်သောမြေချဉ်ငန်ကိန်း အနေအထားပေါ်မူတည်၍ ထုံးထည့်ခြင်းနှင့် သီးနှံအလိုက် Gypsum မြေ ဩဇာလိုအပ်သော အကွက်များအား Gypsum ထည့်သွင်းခြင်း ဆောင် ရွက်ခဲ့ပါသည်။ ပဲမျိုးစုံသီးနှံများစိုက် ပျိုးရာတွင် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးနိုင်မှု အား ကောင်းစေရန် ပဲမျိုးစေ့များနှင့်အတူ ပဲသီးနှံများအလိုက် ထုတ်လုပ်ထားသော ရိုက်ဇိုဘီယမ်(ပဲမြစ်ဖု မြေဩ ဇာ)နှင့် လူးနယ်၍ စိုက်ပျိုးခဲ့ပါသည်။ Available N (ရရှိနိုင်မည့် နိုက်တြိုဂျင်) မှာ စိုက်ကွက် အများစုတွင် ပါဝင်မှုအသင့်အတင့်ရှိပြီး မိုးနှောင်းမြေပဲနှင့် ကုလားပဲ စိုက်ကွက်များတွင် ပါဝင်မှု နည်းကြောင်း တွေ့ရှိရသောကြောင့် ပန်းတိုင်အထွက်နှုန်းရရှိရန်၊ စိုက်ပျိုးသီးနှံများ အတွက် သတ်မှတ်ထားသော မြေဩဇာနှုန်း ထားများအား သတ်မှတ်ထားသော အပင်ကြီးထွားမှု အဆင့်တွင် ထည့် သွင်းပေးခဲ့ပါသည်။ Available P (ရနိုင်မည့်ဖော့စဖိတ်) မှာ စိုက်ကွက်အားလုံးတွင် ပါဝင်မှု အသင့်အတင့် နှင့် များသော အဆင့်တွင်ရှိသဖြင့် ဖော့စဖိတ်ဓါတ် ပါဝင်မှုမှာ ကောင်းကြောင်း သုံးသပ်ရပါသည်။ Avail-able K (ရနိုင်မည့် ပိုတက်ဆီယမ်) မှာ စိုက်ကွက်အားလုံးတွင် ပါဝင်မှုမှာ နည်းသော အဆင့်တွင် တွေ့ရှိရသဖြင့် သီးနှံများ၏ လိုအပ်ချက်ကိုလိုက်၍ သတ်မှတ်ထားသော မြေ ဩဇာနှုန်းထားများအား သတ်မှတ်ထားသော အပင်ကြီးထွားမှုအဆင့်တွင်ထည့်သွင်းပေးခဲ့ပါသည်။
သစ်ဆွေးဓာတ် Organic Matter မှာ စိုက်ကွက်အများစုတွင် ပါဝင်မှုနည်းနေပြီး မတ်ပဲစိုက်ကွက်တွင် အလွန်နည်းသော အဆင့်တွင်ရှိနေကြောင်း တွေ့ရှိရသဖြင့် စိုက်ကွက်အားလုံးတွင် သီးနှံပင် အကြွင်းအ ကျန်များကို ထယ်ထိုးမြေမြုပ်ခြင်း၊ နွားချေးချခြင်း၊ သဘာဝမြေဩဇာများ ထည့်သွင်းခြင်းတို့ဖြင့် သစ်ဆွေးဓါတ်တိုးမြင့်စေရန် ပြုပြင်ခဲ့ပါသည်။ ပိုတက်ဆီယမ် မြေဩဇာသည် ပိုး မွှား ရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေခြင်းနှင့် သီးနှံပင်များ၏ အရည်အ သွေးကို ကောင်းမွန်စေခြင်းနှင့် သစ် ဆွေးဓာတ်သည် မြေတွင်းအစိုဓာတ်ကို ရေရှည်ထိန်းသိမ်းပေးနိုင်ခြင်း၊ မြေသားဖွဲ့စည်းမှုကိုကောင်းစေခြင်း နှင့် သီးနှံပင်များမှ အာဟာရဓာတ် ရယူနိုင်မှုတို့ကိုအားပေးခြင်းတို့ကြောင့် မြေနမူနာများ အားလုံးတွင် အပင်စားသုံးနိုင်သော ပိုတက်ဆီယမ်ဓာတ်နှင့် သစ်ဆွေးဓာတ်တို့ ပါဝင်မှု နည်းနေသောကြောင့် သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် ပိုတက်ဆီယမ်ဓာတ်နှင့် သစ်ဆွေးဓာတ်ကို သီးနှံမစိုက် ပျိုးမီတွင် ထည့်သွင်းခဲ့ပါသည်။ အနည်းလို အာဟာရဓာတ်များပါဝင်သော ရွက်ဖျန်းမြေဩဇာရည်များကိုလည်း သတ်မှတ်ထားသော အပင်ကြီးထွားမှုအဆင့်တွင် သတ်မှတ်ထားသော နှုန်းထားအလိုက် အသုံးပြုခဲ့ပါသည်။ ထိုကဲ့သို့သဘာဝမြေဩဇာနှင့် ဓာတ် မြေဩဇာများကို အချိန်ကိုက် အချိုး ကျ သီးနှံလိုအပ်ချက်နှင့်အညီ စနစ် တကျပြုပြင်ထည့်သွင်းခဲ့သော ကြောင့် စိုက်ပျိုးသီးနှံများတွင် ပန်း တိုင်အထွက်နှုန်း ရရှိခဲ့သည်ကို တွေ့ရှိရပါသည်။
တစ်နှစ် ၃ သီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများစမ်းသပ်စိုက်ပျိုးရာတွင် ပြောင်းလဲနေသောရာသီဥ တုနှင့် ရေရရှိနိုင်မှုအပေါ်မူတည်၍ သက်လျင်၊ပိုးမွှားရောဂါဒဏ်ခံ၊ အထွက်ကောင်းသီးနှံမျိုးများကိုစိုက်ပျိုးခဲ့ပါသည်။ သီးထပ်သီးနှံပုံစံများကိုနှစ်စဉ်စိုက်ပျိုးရာတွင် အထွက်နှုန်းမကျဆင်းစေရန်အတွက် ပိုးမွှားရောဂါ ကင်းစင်သော သီးနှံအကြွင်းအကျန်များကို ကောက်ရိုး၊ နှမ်းရိုး၊ ပဲတီစိမ်းရိုး၊ မတ်ပဲမှော်များကို တစ်ဟက်တာလျှင် ၅ တန်နှုန်း မြေကြီးထဲသို့ ပြန်ထည့်ခြင်း၊ သဘာဝမြေဩဇာ၊ မြေ ဆွေး၊ နွားချေးများ ထည့်သွင်းခြင်းနှင့် ရေသိုလှောင် ထိန်းသိမ်းခြင်း နည်းလမ်းများကို တွဲဘက်အသုံးပြုခဲ့ပါသည်။
တစ်နှစ်သုံးသီး သီးနှံပုံစံတွင် ရေသွင်းနည်းစနစ်များဖြစ်သည့် မြေ မျက်နှာပြင်ပေါ်တွင် ရေပေးသွင်းခြင်း (Surface or Furrow irrigation)၊ ရေမွှားဖျန်းစနစ် (Over-head or Sprinkler Irrigation)၊ ရေအစက်ချစနစ် (Surface and Subsurface Drip Irrigation) နှင့် မိုးရွာသည့်ပုံစံဖြင့် ရေပေးသွင်းခြင်း (Rain Gun Irrigation) တို့ကို စမ်းသပ်ဆောင်ရွက်ခဲ့ပါ သည်။ထိုသို့ စမ်းသပ်ဆောင်ရွက်ရာတွင် ရေသွင်းနည်းစနစ်အလိုက် သီးနှံပင်၏ ရေသုံးစွဲမှုကို ဇယားပါအတိုင်း တွေ့ရှိရပါသည်။
ရေသွင်းနည်းစနစ်များစမ်းသပ်ဆောင်ရွက်ရာတွင် ဝါ၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်းသီးနှံများတွင် ရေမွှားဖျန်းစနစ် (Over-head or Sprinkler Irrigation) ကို အသုံးပြုခဲ့ရာ သီးနှံအလိုက် သမရိုးကျရေသွင်းနည်းစနစ်ထက် ၃၅၂၀၀၀ - ၁၃၇၀၀၀ ဂါလန် ရေချွေတာ သုံးစွဲနိုင်ခဲ့ပါသည်။ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း သီးနှံများတွင် မိုးရွာသည့်ပုံစံဖြင့် ရေပေးသွင်းခြင်း (Rain Gun Irrigation)ကို အသုံးပြုခဲ့ပြီး ပုံမှန်ရေသွင်းသောစနစ်ထက် ၉၈၂၀၀- ၈၉၀၀၀ ဂါလန် ရေချွေတာနိုင်ခဲ့ပါသည်။ စပါးသီးနှံတွင် တောင် သူသုံးစွဲနေသော သမရိုးကျ ရေသွင်းနည်းစနစ်ထက် စိုတစ်လှည့် ခြောက်တစ်ခါ ရေသွင်းနည်းစနစ်ဖြင့် ရေ ပေးသွင်းခဲ့ရာ ၄၅၈၀၀၀ ဂါလန် ရေ ပေးသွင်းမှု သက်သာ၍ ရေကိုချွေတာစွာ အသုံးပြုနိုင် ခဲ့ပါသည်။ ရေကိုအကျိုးရှိထိရောက်စွာပေးသွင်းနိုင်သော ရေသွင်းနည်းစနစ်များကို အသုံးပြုလျှင် ကနဦး ကုန် ကျစရိတ် ရှိသော်လည်း ရေရှည်အသုံးပြုခြင်းအားဖြင့် ရေကိုချွေတာနိုင်သည့်အပြင် ကောင်းမွန်သော အထွက်နှုန်းကို ရရှိနိုင်မည် ဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနှောင်း ရာသီ သီးနှံစိုက်ပျိုးရာသီ၌ ရွာသွန်းသော မိုးရေချိန်မှာ ၃၃ ဒသမ၂ မီလီမီတာသာရရှိပြီးလွန်စွာ နည်းပါး ၍ သီးနှံများအောင်မြင်ဖြစ်ထွန်းရန်အတွက် သွင်းရေ လိုအပ်ပါသည်။ ထို့သို့ရေပေးသွင်းရာတွင်ရေလေ လွင့်ဆုံးရှုံးမှုနည်းစေရန်အတွက် သီးနှံအလိုက် သင့်လျော်သော ရေသွင်းစနစ်များကို ဆောင်ရွက်ရပါသည်။
ဆောင်ရွက်ပြီးစီးမှုများအရ အချို့သီးနှံများနှင့် စိုက်ကွက်များတွင် ရောဂါဆိုးရွားစွာ ကျရောက်သည်ကို တွေ့ရှိခဲ့ရသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရာသီ မတိုင်မီ မြေနမူနာစစ်ဆေးခြင်း၊ မြေဆောင်ရောဂါများ၊ မြေတွင်းအောင်းပိုးများအတွက် ကြို တင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ သီးနှံများ စိုက်ပျိုးရာတွင် ထိရောက်သော မျိုးစေ့လူးနယ်ဆေးအသုံးပြုခြင်းများ၊ သီးနှံသက်တမ်း အလိုက် ကျရောက်တတ်သော ပိုးမွှားရောဂါများကို စစ်ဆေး၍ ဘက်စုံကာကွယ်နှိမ်နင်းနည်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ပြီး သီးနှံရိတ်သိမ်းပြီးချိန်တွင် ပိုးမွှားရောဂါကျရောက် သည့် သီးနှံအကြွင်းအကျန်များကို ဖယ်ရှားရှင်းလင်းခဲ့ပါသည်။ တောင် သူများ သိရှိလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် တစ်နှစ် ၃ သီး အောင်မြင်စွာ စိုက်ပျိုးနိုင်ကြပြီး သီးထပ်စွမ်း အားလည်းတိုး၊ အကျိုးစီးပွားလည်း ဖြစ်ထွန်းကြစေရန် တင်ပြလိုက်ရပါသည်။
ခိုင်ခိုင်ထွေး(စိုက်/သု)နှင့်အဖွဲ့