သဘာဝကပေး အစာနှင့်ဆေး ၊ တဇောင်းခါး

တဇောင်းခါးဟုဆိုလျှင် အညာဒေသ၏ အထင်ကရ သဘာဝ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်၏။ တဇောင်းခါး၏ အင်္ဂလိပ်အမည်မှာ edible catus, caralluma ဟု ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Caralluma fimbriata Wall. ဟု ခေါ်သကဲ့သို့ Caralluma adscendens (Roxb.) R.Br. ဟုလည်း ခေါ်ဆိုကာ မျိုးရင်း Apocynaceae တွင်ပါဝင်၏။ တဇောင်းခါးပင်ကို အိန္ဒိယ၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့မှ စတင်ဖြစ်ထွန်း သည် ဆို၏။ အထူးသဖြင့် ခြောက်သွေ့သည့် အပူပိုင်းဒေသများတွင် ဖြစ် ထွန်းပြီး အလွန်ပွားလွယ်သော အပင်မျိုးဖြစ်၏။
တစောင်းခါးပင်သည် ကိုင်းဖြာပြီးထောင်မတ်သော ပင်စည်ရိုးပျော့အပင်မျိုးဖြစ်ပြီး အမြင့် ၁ ပေခန့်အထိ ရှင်သန်ကြီးထွားနိုင်၏။ တစောင်းခါးပင်စည်မှာ အစိမ်းရောင်ဖြစ်ပြီး အရွက်ကင်းမဲ့သော၊ လေးထောင့်ပုံစံရှိသော၊ အသားထူပြီး အရည်ရွှမ်းသော၊ ထိပ်ပိုင်းတွင် ချွန်ပြီးသွယ်လျသောအပင်မျိုးဖြစ်၏။ အရွက်လေးများမှာ အလွန် သေးငယ်ပြီး ကိုင်းနုလေးများတွင်သာထွက်ပေါ်လာပြီးနောက် အချိန်တိုအတွင်း ကြွေလွယ်တတ်၏။ အကိုင်းအခက်များ၏ ထိပ်ပိုင်းတွင် ပန်းရိုးတံထွက်ပြီး ယင်းအပေါ်တွင် ပန်းပွင့်လေးများ တစ်ပွင့်တည်း သို့မဟုတ် ၂ ပွင့် ၃ ပွင့်ခန့် တစ်စုတည်းပွင့်တတ်ကြ၏။ ပန်းပွင့်လေးများသည် အရွယ်အစား သေးငယ်ကြ၏။ ပွင့်ဖတ်အနားများတွင် ထင်ရှား သော ရှည်လျားသည့် ပန်းခရမ်းရောင် အမွှေးလေးများ ရှိ၏။
တဇောင်းခါးပင်ကို အိန္ဒိယနိုင်ငံ ကျွန်းဆွယ်ဒေသများတွင် အများဆုံးတွေ့ကြရ၏။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း များစွာကတည်းက တဇောင်းခါးပင်ကို အာဟာရအတွက် ဟင်းသီးဟင်းရွက်အဖြစ် စားသုံးခဲ့ကြရုံမျှမက ဆေးဖက်ဝင် ပရဆေးပင်အဖြစ်လည်း အသုံးပြုခဲ့ကြ၏။ တဇောင်းခါးတွင် အစာစားလိုစိတ်ကို ထိန်းချုပ်နိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ကျစေခြင်း၊ သက်လုံအားကို ကောင်းစေခြင်း၊ ကိုယ်တွင်းစွမ်းအင်ကို တိုးစေခြင်း၊ ရေငတ်ပြေစေနိုင်ခြင်း၊ အဆာခံ နိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးကောင်းများရှိ၏။ ထိုအကျိုးကျေးဇူးကောင်းများကြောင့် ရှေးယခင်ကတည်းကပင် အိန္ဒိယနိုင်ငံသားအချို့က ခရီးရှည်ထွက်သည့်အခါ တဇောင်းခါးကို အလွယ်တကူ ယူဆောင်သွားပြီး အစာအဖြစ် စားသုံးလေ့ရှိကြ၏။ အိန္ဒိယရှိ တိုင်းရင်းသားလူမျိုးအချို့ကမူ တဇောင်းခါးကို ငတ်မွတ်ခေါင်းပါးမှုမှ ကင်းစေနိုင်သည့် အစာအဖြစ် သတ်မှတ်စားသုံးကြ၏။
- တဇောင်းခါးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါ၀င်ခြင်းကြောင့် အစာခြေစနစ်၏ကျန်းမာခြင်းစေရန် အထောက် အကူပြု၏။ အူလမ်းကြောင်းမှ အာဟာရ ဓာတ်များ စုပ်ယူနိုင်စွမ်းကိုလည်း အားကောင်းစေ၏။
- တဇောင်းခါးတွင် ပါဝင်သည့် Pregnane glycosides ကွန်ပေါင်းသည် အစာစားလိုစိတ်ကို လျော့ကျစေနိုင်ပြီး အဆာခံနိုင်စွမ်းရှိသည့်အတွက် ကိုယ်အလေးချိန်လျော့ကျလိုသူများအတွက် အလွန်သင့်လျော်လှ၏။ ကြွက်သား ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေ၏။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည့် ဖလေဗွန်ဂလိုင်ကိုဆိုက်၊ ပိုလီဖီနောလ်နှင့် ဖလေဗာနွိုက်တို့ပါဝင်သည့် တဇောင်းခါးသည် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်ပြီး နာတာရှည်ရောဂါများ ဖြစ်သည့် သွေးတိုးရောဂါ၊ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်း အစရှိသည်တို့မှ ကာကွယ်ပေးနိုင်သည့်အပြင် အသား အရေကျန်းမာရေးကို ကောင်းမွန်စေနိုင်စွမ်းရှိ၏။
- တဇောင်းခါးတွင် ပါဝင်သည့် Megastigmane glycosides မီဂါစတစ်မိန်း ဂလိုင်ကိုဆိုက်ဓာတ်သည် ကိုယ်တွင်းအင်္ဂါများနှင့် ကိုယ်လက်ရောင်ရမ်းနာကျင်ခြင်းတို့ကို ဆန့်ကျင်နိုင်စွမ်းရှိ၏။
- Saponins ဆာပိုနင်ဓာတ် ကြွယ်ဝစွာပါဝင်သည့် တဇောင်းခါးသည် ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်နိုင်စွမ်းရှိပြီး သက်လုံအားကောင်းစေရန် အထောက်အကူပြု၏။
- Bitter principles ဓာတ်ကြောင့် အစာခြေစနစ်နှင့် ပန်ကရိယကို ကျန်းမာစေရန် ကာကွယ်ပေးနိုင်စွမ်းရှိ၏။
- အဝလွန်ခြင်းသည် ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် အဓိကကျန်းမာ ရေး ပြဿနာတစ်ရပ်ဖြစ်၏။ အဝလွန်သူ များအနေဖြင့် တဇောင်းခါးကို စားသုံးခြင်းဖြင့် အဆီကျအသားကျစ်ကာ ပိန်စေနိုင်၏။
- မြန်မာ့တိုင်းရင်းဆေးအလိုအရ တဇောင်းခါးသည် လေပူကို ဖျက်ပေးနိုင်စွမ်းသည့်သဘာဝရှိသည့် အတွက် လေပူထတတ်သူများ၊ လေ ချုပ်သူများအနေဖြင့် ဆေးအဖြစ် မှီ၀ဲစားသုံးနိုင်၏။ အချို့ကလည်း တဇောင်းခါးကို ပိန်ဆေး၊ အဆီကျဆေးအနေဖြင့် စားသုံးတတ်ကြ၏။ လိပ်ခေါင်းရောဂါရှိ
သူများအတွက်လည်း ဆေးအဖြစ် မှီဝဲနိုင်၏။ - တဇောင်းခါးကို ဝယ်ယူပြီးသည့်အခါ ချက်ပြုတ်ခြင်းမပြုမီ တဇောင်းခါးပင်၏ အမြစ်တွင် သဲနှင့်ရွှံ့များ ပါလာတတ်သည့် အတွက် စားသုံး
ခြင်းမပြုမီ ရေဖြင့် စနစ်တကျ စင်ကြယ်အောင် ဆေးကြောသင့်၏။ - သန့်စင်ဆေးကြောပြီးသား တဇောင်းခါးလေးများကို အစိမ်းအတိုင်းဖြစ်စေ၊ ရေနွေးဖျောပြီးဖြစ်စေ ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ငံပြာ ရည်ချက်၊ ခရမ်းချဥ်သီးထောင်း၊ သရက်သီးထောင်း၊ ငရုတ်သီးထောင်း အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြင် စားသုံးတတ်ကြ၏။ ဖန်ခါးသက်အရသာမို့ တစ်မျိုးလေး စားမြိန်စေ၏။
- တဇောင်းခါးကိုင်းလေးများကို တစ်ခုချင်းစီ ဓားပြားရိုက်ကာ ဆားရေထဲတွင် စိမ်၊ ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြော ပြီး ရေစစ်အောင် ညှစ်ထားပါ။ ပြီးလျှင် ဇလုံတစ်လုံးထဲတွင် ပါးပါးလှီးပြီး ပါးပါးလှီးထားသော ကြက်သွန်နီ၊ မထူမပါးလှီးထားသော ခရမ်းချဥ်သီး၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ရာသီစာ တဇောင်းခါးသုပ်လေး ရပါပြီ။ ရေနွေးကြမ်းပူပူလေးနှင့် တွဲဖက်ကာ နေ့လယ်ခင်း အဆာပြေစာဖြစ်သကဲ့သို့ မိသားစု ထမင်းဝိုင်းအတွက် အရန်ဟင်းပွဲ နှုတ်မြိန်စာအဖြစ်လည်း ဟင်းတစ်မယ်တိုးစေ၏။
- သန့်စင်ပြီးသား တဇောင်းခါးကိုင်းလေးများကို အနေတော်လေးဖြတ်ပြီး တစ်ခုချင်းစီ ဓားပြားရိုက်ပြီး ဆားနယ်၊ ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြောပြီး ရေစစ်အောင် ညှစ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူနီထောင်းကို ဆီပူသတ်ပြီး မွှေးလာလျှင် ငပိစိမ်းစားအနည်းငယ်ထည့်၊ ခရမ်းချဥ်သီးထည့်၊ ပုစွန်/ပုစွန် ခြောက်/ငါးလေးခြောက် နှစ်သက်ရာထည့်ပြီး ဆီသတ်၊ ပြီးလျှင် တဇောင်းခါးလေးတွေထည့်ပြီးဆားအနည်းငယ်ထည့်ပြီးကြော်စားနိုင်၏။ အရသာ က ဖန်ခါးသက်လေးနှင့် အလွန်ထမင်းမြိန်စေ၏။
- တဇောင်းခါးကို အချို့ကလည်း ရာသီပေါ် ဟင်းသီးဟင်းရွက်များဖြစ်သည့် မျှစ်၊ ဇရစ်ရိုးတို့နှင့်အတူ တွဲဖက်ပြီး ကြော်စား၊ ချက်စားကြ၏။
အိန္ဒိယနိုင်ငံ၏ ကျေးလက်ဒေသများတွင် တဇောင်းခါးပင်ကို ဟင်းသီးဟင်းရွက်အဖြစ် အစိမ်းအတိုင်းသော်လည်း ကောင်း၊ ဟင်းခတ်အမွှေးအ ကြိုင်များခပ်ကာ သနပ်၊ ချက်တနီးတို့ပြုလုပ်ကာ စားသုံးခဲ့ကြ၏။
တဇောင်းခါးပင်များကို လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်တွင် တွေ့ရသကဲ့သို့ ခြံစည်းရိုးများတွင်လည်း အကာအရံအဖြစ် တွေ့ရ
တတ်၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် တစောင်းခါးပင်မှ ရရှိသည့် အစိတ် အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲ ပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်