ပြည်ပဈေးကွက်ဝင် ကျောက်ပုစွန်များ၏ ထူးခြားသောသဘာဝနှင့်ကျန်းမာရေးကောင်းကျိုးများ

ကျောက်ပုစွန်(Lobster)များသည် ကြီးမား သောအခွံမာရေ နေသတ္တဝါ (Large Crustaceans)များ ဖြစ်ကြပြီး အခွံလဲတတ်သောသဘာဝ ရှိကြသည်။အခွံလဲနေသည့်ကာလအတွင်း တချို့သည် အားအလုံ အလောက်မရှိ၍ သေကြရသည်။အခွံပြောင်းစဥ်တွင် ကျောက်ပုစွန်သည် ၁၅ ရာခိုင်နှုန်းခန့် သေဆုံးလေ့ရှိသည်။ အခွံတစ်ကြိမ်လဲလျှင် ၁၅ မိနစ်ခန့် ကြာတတ်ပြီး အရွယ်အစားမှာ ၂၀ ရာခိုင်နှုန်းခန့် ကြီးသွားပါ သည်။အသက် ၅-၇ နှစ်ရှိသည့် ကျောက်ပုစွန်များသည် တစ်နှစ်လျှင် ၂၅ ကြိမ်ခန့် အခွံလဲလေ့ရှိပြီး ၄င်းတို့၏အခွံကို ယင်းတို့ကိုယ်တိုင်ပြန်စားကာ ကယ်လ်ဆီယမ်ဓာတ်ကို ရယူပါသည်။ ယင်းတို့၏အခွံ ပြန်မာရန်အတွက် ၈ လခန့် အချိန်ယူရပါသည်။

ကျောက်ပုစွန်များသည် အသက် ၁၀၀ နှစ် ဝန်းကျင်ထိ နေထိုင်နိုင်ကြပြီး အသက်အရှည်ဆုံး ရေသတ္တဝါများတွင် ပါဝင်သည်။ ကျောက်ပုစွန်အမသည် ဥပေါင်း ၈၀၀၀ မှ ၁ သိန်းကျော်အထိ ဥ,ဥနိုင်ကြပါသည်။ ညဘက်မှသာ အစာရှာထွက်လေ့ရှိပြီး အစုံစား(Omnivorous) များ ဖြစ်ကြသဖြင့် အသားရော၊အသီးအရွက်ပါ စားကြပါသည်။ကျောက်ပုစွန်သည် ပုံမှန်အားဖြင့် ၂၀-၂၅ စင်တီမီတာ အရွယ်အစားရှိကြသည်။ကျောက်ပုစွန်သွေးသည် ဟေမိုဆိုင်ယမ်နင် (Hemocyanin)ဆိုသည့်ဓာတ် ကြောင့် အပြာရောင်ဖြစ်နေပါသည်။လူ့သွေးသည်ဟေမိုဂလိုဘင် (Hemoglobin)ဆိုသည့် ဓာတ်ကြောင့် အနီရောင်ဖြစ်နေပါသည်။
အခွံမာကျောက်ပုစွန်များသည် ကျောရိုးမဲ့ရေသတ္တဝါ (Inverte-brate)များဖြစ်ကြပြီး ခြေ၊လက်၅ စုံပါရှိကာ ၃ စုံမှာ လက်သည်းများနှင့်ဖြစ်ပြီးရှေ့ဆုံးလက်သည်းသည် အကြီးဆုံးဖြစ်သည်။လက်မနှစ်ချောင်းသည်ကြီးမားလှပြီး တစ်ဖက်ကို ကြိတ်ချေရန်နှင့် တစ်ဖက်ကို ညှပ်ရန် အသုံးပြုကြသည်။ထိခိုက်ပွန်းပဲ့လျှင်လည်း ပြန်၍ အသားတက်နိုင်ပြီး ယင်းတို့၏ ခြေလက်များ ပြတ်သွားပါကလည်း အသစ်ပြန်ထွက်သော သဘာဝရှိကြသည်။ယင်းတို့၏အခွံသည်မာကျော၍ ကျောက်ကဲ့သို့ ရှိသည်။ယခင်က ကျောက်ပုစွန်အခွံကိုဂေါက်သီးလုပ်ရာတွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။
ကျောက်ပုစွန်များသည် အရောင်အားဖြင့် စိမ်းပြာ၊ အပြာပုပ်ပုပ်အရောင်၊ လိမ္မော်ရောင်၊အညိုရောင်၊ပန်းရောင်၊ အဖြူရောင် စသဖြင့် အရောင်မျိုးစုံရှိကြသည်။တစ်ခါ တစ်ရံ၌ အရောင် ၂ မျိုးနှင့် လာတတ်ပြီး လိင်စုံဖြစ်တတ်ပါသည်။၄င်းတို့ ၏ အခွံအရောင်သည် အများအား ဖြင့် အနီရောင် မဟုတ်ကြပေ။ ချက် ပြုတ်လိုက်မှသာ အနီရောင်ဖြစ်သွားခြင်း ဖြစ်သည်။

ကျောက်ပုစွန်များသည် ပင်လယ်အောက်ခြေလွှာတွင်သွားလာ ကျက် စားလေ့ရှိပြီး နောက်ပြန်ကူးရာတွင် အလွန်လျင်မြန်ကြပါသည်။ဥရောပ တိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် ပေါများပါသည်။7-colors ဟု လူသိများသော ကျောက်ပုစွန်သည် အကောင်းဆုံးနှင့်စျေးအမြင့်ဆုံး ဖြစ်သည်။ တစ်ကောင်လျှင် ၂ ပိဿာမှ ၃ ပိဿာအထိ ကြီးထွားကြသည်။
ကျောက်ပုစွန်ကို မြန်မာ့ပင်လယ်ပိုင်းတွင်လည်း တွေ့ရတတ်ပြီး ပင်လယ်ကမ်းရိုးတန်းများဒေသများတစ်လျောက် တွေ့ရလေ့ရှိပါသည်။အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း၊မြိတ်ကမ်းရိုးတန်းများတွင် အများအပြား ရရှိကြပါသည်။မာန်အောင်ကျွန်း ပတ်ဝန်းကျင်၌ Seven Colors, Yellow Bamboo,Green ဟူ၍ အမည်ပေးထားသော ကျောက်ပုစွန်အမျိုးအစားများ ရှိပါသည်။Blue နှင့် Red Spot ဟူသော ကျောက်ပုစွန်ကို အနည်းငယ်လော က်သာ တွေ့ရှိရသည်။အဆိုပါ ကျောက်ပုစွန်များကို မာန်အောင်ဒေသတွင် “မဂန်း” ဟု ခေါ်ကြပြီး တနင်္သာရီဒေသတွင် “ပဂဲ”ဟု ခေါ်ကြသည်။
ကျောက်ပုစွန်များသည် အကောင်ကြီးလေ၊အသက်ကြီးလေ စွမ်းအားကြီးလေ ဖြစ်သည်။အရွယ် အစားအကြီးဆုံး ကျောက်ပုစွန်ကို ကနေဒါနိုင်ငံတွင်ဖမ်းမိခဲ့ပြီး ၄၄ ဒသမ ၄ ပေါင်ခန့်အလေးချိန်ရှိသည်။ကျောက်ပုစွန်များသည် ပြေးပြီဆိုလျှင် ဗိုက်ကိုကွေးလိုက်ဖြောင့်လိုက်နှင့် အမြန်ပြေးပါသည်။ ၁နာရီလျှင် ၁၁ မိုင်နှုင်းနှင့် ပြေးနိုင်ကြသည်။ထို့ပြင် ကျောက်ပုစွန်တွင် အစာအိမ် ၂ ခု ပါရှိပြီး ၄င်းတို့အချင်း ချင်း တစ်ကောင်ကိုတစ်ကောင် စားတတ်ကြသည်။
မျိုးပွားခြင်း
ကျောက်ပုစွန်ကို အထီး၊အမ သိချင်ပါကဗိုက်နားကိုကြည့်ရသည်။ အမများသည် ဥများကို သယ်ရန်အတွက် အမြီးပိုရှည်ပြီး ကျယ်ပါ သည်။အမများသည် အခွံဟောင်းကို စွန့်ခွာပြီးချိန်မှစ၍ အခွံသစ်မမာလာခင် အချိန်ထိ မျိုးပွားကြပါသည်။ဓာတ်တစ်မျိုးကို ထုတ်လွှတ်ပြီး အထီးများကို ခေါ်ပါသည်။ကျောက်ပုစွန်အမသည် အထီး၏ Sperm ကို ၂ နှစ်လောက် ထိန်းထားနိုင်ပါသည်။
အလေးချိန် တစ်ပေါင်ရှိသည့် ကျောက်ပုစွန်အမသည် ဥပေါင်း ၈၀၀၀ ကျော် သယ်နိုင်ပြီး ၉ ပေါင်လောက်ရှိသည့်အမသည် ၁သိန်းကျော် သယ်နိုင်ပါသည်။ ဥများပေါက်တော့မည်ဆိုလျှင် အမသည် လှုပ်ရမ်းပြီးထုတ်ပါသည်။ ဥများ သည် ဥဘဝမှာတင် ၆ကြိမ်ခန့် အရေခွံ လဲတတ်ကြပါသည်။ ဥများသည် ရေမျက်နှာပြင်တွင် ၆ ပတ်လောက် မျောနေပြီး ၀ ဒသမ၁ ရာခိုင်နှုန်းတောင် အသက်မရှင်ကြပေ။
ကျောက်ပုစွန်များသည် လင်းပိုင်များကဲ့သို့ပင် တစ်ကောင်နှင့် တစ်ကောင် ဆက်သွယ်တတ်သော သဘာဝရှိကြသည်။ညဘက်မှသာ အစာရှာထွက်လေ့ရှိပြီး ခန္ဓာကိုယ်တွင်အစိတ်အပိုင်း ၁၉ ခု ပါရှိသည်။ ကျောက်ပုစွန်များသည် နာကျင်မှုကို ခံစားနိုင်ပါသည်။အာရုံကြောစနစ် ပျက်စီးသွားသည်အထိ နာကျင်မှုကိုခံစားရတတ်ပါသည်။ကျောက်ပုစွန်များသည် အများအားဖြင့် မိုးရာသီကာလတွင် မျိုးပွားကြပြီး ဆောင်း ရာသီနှင့် နွေရာသီကာလ ရေအငန်နှုန်း မြင့်မားချိန်များ၌ ကျောက်ပုစွန်အကောင်ကြီးများ ဖမ်းဆီးရမိတတ် ပါသည်။
မြန်မာနိုင်ငံတွင် တွေ့ရများသော ကျောက်ပုစွန်(Spiny Lobster) မျိုးစိတ်များ
မြန်မာနိုင်ငံတွင် တွေ့ရများသော ကျောက်ပုစွန်မျိုးစိတ် ၃မျိုး၏သိပ္ပံအမည်မှာ-
- မျိုးစိတ်-၁ = Panulirus Polyphagus
- မျိုးစိတ်-၂ = Panulirus Ornatus
- မျိုးစိတ်-၃ = Panulirus Versicolor တို့ဖြစ်ကြသည်။
မျိုးစိတ်-၁ Panulirus Polyphagus ကျောက်ပုစွန်ကို မြန်မာ့ဒေသအခေါ်အရ ဘန်းဘူး (Bamboo) ဟုခေါ်ဆိုကြပြီး အဂ်လိပ်အခေါ်မှာ “Mud Spiny Lobster” ဟု အမည်တွင်သည်။ယင်းကျောက်ပုစွန်မျိုးစိတ်၏ ကျောခွံ၊ကျောက်ခွံအလျား (Cara-pace Length)မှာ ၄၀ စင်တီမီတာထိ ရှိပြီး ပုံမှန်အားဖြင့်၂၀-၂၅ စင်တီမီတာရှိကြသည်။ခန္ဓာကိုယ်အရောင် သည် အစိမ်းရောင်ဖျော့ဖျော့ရှိပြီး ဦးခေါင်းပိုင်းတွင် ဆူးချွန်(Spine) ၂ ခု (တစ်စုံ) ပါရှိသည်။ ယင်မျိုးစိတ်ကို ရခိုင်၊တနသာ်ရီနှင့်မွန်ပြည်နယ်၌ တွေ့ရများသည်။
မျိုးစိတ်-၂ Panulirus Ornatus ကျောက်ပုစွန်ကို မြန်မာဒေသအခေါ်အရ “Flower” ”ပန်းပွင့်ပုံသဏ္ဍာန်” ဟု အမည်တွင်ပြီး အဂ်လိပ်အခေါ်မှာ“Ornate Spiny lobster” ဖြစ်သည်။ ထိုကျောက်ပုစွန်မျိုးစိတ် ၏ ကျောခွံအလျားမှာ ၆၀ စင်တီမီတာခန့်ရှိပြီး ပုံမှန်အားဖြင့် ၂၀-၂၅ စင်တီမီတာ ရှိကြသည်။ခန္ဓာကိုယ်အရောင်သည် စိမ်းပြာနီရောင် ရှိကြသည်။ဤကျောက်ပုစွန်မျိုးစိတ်သည် အရွယ်အစားပိုမိုကြီးမားကြပြီး ပိုမိုလှပကြသည်။ဆူးချွန် ၂ စုံပါရှိကြသည်။ရခိုင်၊တနင်္သာရီဒေသ တွင် တွေ့ရများပြီး 7-colors ဟူ၍လူသိများပါသည်။
မျိုးစိတ်-၃ Panulirus Versicolor ကျောက်ပုစွန်သည် မြန်အခေါ်အရ “Blue” ဟု အမည်တွင်ပြီး အဂ်လိပ်အခေါ်မှာ”Painted Spiny Lobster” ဟု သိရပါသည်။ထိုကျောက်ပုစွန်မျိုးစိတ်၏ ကျောခွံအလျားမှာ ၄၀ စင်တီမီတာရှိပြီး အများအားဖြင့် (၂၀-၃၀)စင်တီမီတာကြားရှိကြသည်။ အရောင်မှာအစိမ်းနှင့်အမည်း ရောင်စပ်ဟပ်လျက်ရှိပြီး ဆူးချွန် ၂ စုံပါရှိပါသည်။ရခိုင်၊ တနင်္သာရီ ဒေသတို့တွင် တွေ့ရများပါသည်။
ကျောက်ပုစွန် ဖမ်းဆီးပုံ
ကျောက်ပုစွန်များကို ရေလုပ်သားများမှ မိုးရာသီအကုန် ပွင့်လင်းရာသီဖြစ်သော နိုဝင်ဘာလမှ ဧပြီလထိ ဖမ်းဆီးကြပြီးအဓိကအားဖြင့်သဘာ ဝဘေးအန္တရာယ်နှင့် မိုးလေဝသအခြေအနေပေါ်မူတည်၍ လုပ်ကိုင်စားသောက်ကြပါသည်။ကျောက်ပုစွန်များကို မိုးတွင်းကာလ မိုးရွာသွန်း၍ ရေချိုများပြားသည့်အချိန်တွင် ဖမ်းဆီးရရှိမှု မရှိဘဲ ဆောင်း ရာသီအအေးများချိန်၊ နွေရာသီ ရေအငန်နှုန်း မြင့်မားချိန်များ၌သာ ဖမ်း
ဆီးရမိကြပါသည်။.
ကျောက်ပုစွန်များသည် ကမ်းရိုး တမ်းတစ်လျှောက်ရှိ ကမ်းနီးရေတိမ်ပိုင်း၊ကျောက်ကြိုကျောက်ကြားများ ၌ နေထိုင်ကျက်စားကြပြီး ရေချိုများသည့် မိုးရာသီအချိန်တွင် ရေနက်ပိုင်း၌ အများဆုံးနေထိုင်ကြပါသည်။
ကျောက်ပုစွန်ဖမ်းသော ရေလုပ် သားများသည်ပွင့်လင်းရာသီ၌ ကျောက်ပုစွန်များကို မြှုံး၊ လွှာချင်းပိုက်များဖြင့် ပင်လယ်ပြင်ကျောက် ဆောင်များ အကြားတွင် ဖမ်းဆီးကြပါသည်။ထို့ပြင် ဒေသအခေါ်“ပိုင်”ဟု သိရှိရသော“မြှုံး”ဖြင့်လည်း ထောင် ချောက်ဆင်ဖမ်းဆီးကြပါသည်။မြှုံးမှာ ဝါး(နှီး)ကိုအရှည်သင်ပြီး တောင်း ရက်သကဲ့သို့ ရက်ကြကြောင်း လေ့ လာတွေ့ရှိရပါသည်။မြှုံး၏အလျားမှာ ၂ ပေခန့်ရှိပြီး အဝမှာ ၁ပေခန့်ရှိပါသည်။တစ်ခါထောင်လျှင် အလုံး ၂၀ ခန့်ထောင်ကြရပါသည်။ကျောက် ပုစွန်ကိုထောင်ဖမ်းရာတွင်ရေအနက် (ရေပြည့်ချိန်)တွင် ၂၄ ပေ၊ ရေကျချိန်တွင် ၉ ပေနှင့် အလွန်ဝေးသော ကမ်းဝေးတွင် ၄၅ ပေ အကွာအဝေးတွင် ထောင်ပြီး ရေစစ်ချိန်တွင်ဖော်ကြပါသည်။တစ်လလျှင် အနည်းဆုံး ရက် ၂၀ ခန့် ကျောက်ပုစွန်ထောင်ဖမ်းကြပြီး တစ်ရက်လျှင် အနည်းဆုံး ၅ကောင်မှ အများဆုံး အကောင် ၅၀ ထိ ရရှိကြပါသည်။
ကျောက်ပုစွန်ကို ရေပြည့်ချိန်တွင်သာမက ရေကျချိန်တွင်လည်း ဖမ်းဆီးမှုရှိပြီး ရေသေတွင် အများဆုံးဖော်ကြပါသည်။၄င်းအပြင်ကျောက်ပုစွန်များကို ငါးပြားလေးအဖြူ၊ငါးသလောက်ငါးများဖြင့်လည်း ထောင်ချောက်ဆင်ဖမ်းနိုင်ပါသည်။ တစ်ခါတစ်ရံ အုန်းသီးကို မီးဖုတ်၍လည်း ထောင်ဖမ်းကြပါ သည်။ရေနက်ပိုင်းမှကျောက်ဆောင်၊ ကျောက်ကြားတွင်ထောင်လေလေ အကောင်ကြီးကြီးများများမိလေဖြစ်ကြောင်း တွေ့ရှိရပါသည်။
ကျောက်ပုစွန်အရှင်များစျေးကွက်သို့ တင်ပို့ခြင်း
ကျောက်ပုစွန်၏ အလေးချိန်သည် 1kg တွင် ၆၅ ကျပ်သားရှိပြီး ရေ လုပ်သားများမှ အဝယ်ဒိုင်သို့ ရောင်း ချကြပြီး အရွယ်အစားအကြီးအသေးအလိုက် စျေးနှုန်းကွဲပြားကြပါသည်။ဒိုင်များသို့ ကျောက်ပုစွန်အရှင်များ လာရောက်ပို့ရာတွင်ပြုစုကန်အတွင်း ယာယီ သိုလှာင်ထားပြီး စက်ဖြင့်မောင်း၍ တစ်နေ့တာ ရေလှုပ်ရန် အနည်းဆုံး ၂၄ နာရီ အချိန်ကြာပါသည်။
ရေငန်များကို ပင်လယ်မှ စုပ်ယူပြီး သီးသန့် အကြည်ခံ၍ ပြုစုကန်သို့ထည့်သွင်းပြီး ရေလဲလှယ်သည့်စနစ်ကို ကျင့်သုံးပါသည်။ကျောက်ပုစွန်ဖမ်းသော အချိန်ကာလ၊ဖမ်းသောပိုက်များ၊ ကိရိယာများနှင့် ဖမ်းဆီးပုံ၊ဖမ်းဆီးနည်းများသည် တစ်နိုင်ငံလုံး ဆင်တူ ကြပါသည်။အရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ကွဲပြားသွားခြင်း ဖြစ်သည်။
ထို့ပြင် ကျောက်ပုစွန်အရှင်များကို ရန်ကုန်အအေးခန်းသို့ မတင်ပို့မီ ဖော့ပုံးထဲသို့ရေခဲခြောက်အထုပ်များနှင့် ထည့်ရပါသည်။ဖော့ပုံးတစ်လုံးလျှင် ကျောက်ပုစွန်အရှင်(၈)ပိဿာခန့် ဝင်ဆန့်ပြီး ကျောက်ပုစွန်ကို စက္ကူဖြင့် ထုတ်ပိုးရပါသည်။ပို့ကုန်များကို ၁၂ နာရီမှ ၁၆ နာရီခန့် ကြာမြင့်သည်အထိ ရှင်သန်အောင်စီမံဆောင်ရွက်တင်ပို့ကြရပါသည်။မြန်မာတစ်နိုင်ငံလုံးမှ ကျောက်ပုစွန်အရှင်များကို ရန်ကုန်ကုမ္ပဏီများသို့ ပို့ပြီး ထိုမှတဆင့် နိုင်ငံခြား တိုင်း
ပြည်များသို့ တင်ပို့ကြပါသည်။
ကျောက်ပုစွန်အသုံးဝင်ပုံ
ကျောက်ပုစွန်ကို ကင်စား၊သုပ်စား၊ ပေါင်းစားကြပြီး အသားကို အချို ကြော်စားခြင်း၊ကျောက်ပုစွန် ချဥ်စပ်ဟင်း ပြုလုပ်စားခြင်း၊ ခေါင်းနှင့် အခွံကို ဟင်းခတ်အမွှေးအကြိုင်များဖြင့် စွပ်ပြုတ် ပြုတ်စားခြင်း စသဖြင့် မျိုးစုံ ချက်ပြုတ်စားကြပါသည်။ကျောက်ပုစွန်နှင့် ပါတ်သက်သော ဟင်းလျာများမှာ ဟိုတယ်များတွင် စျေးကြီးပေးကာ ဝယ်ယူသုံးဆောင်နေကြပါသည်။
ကျောက်ပုစွန်သည် အသားသာမက အခွံသည်လည်း လွန်စွာ အသုံး ဝင်ပါသည်။ကျောက်ပုစွန်အခွံကို အိမ်ဧည့်ခန်းတွင် အလှဆင်ပစ္စည်းအဖြစ်ထားခြင်း၊အစည်းအ ဝေးခန်းမ၊ရုံးခန်းများတွင်လည်း အလှဆင်ပစ္စည်းအဖြစ် ချိတ် ဆွဲလေ့ရှိကြပါသည်။ထို့ပြင် ဧည့်သည်များကို အမှတ်တရလက်ဆောင်အဖြစ်
ပေးလေ့လည်း ရှိကြသည်။
ကျောက်ပုစွန်စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ကျောက်ပုစွန်တွင် ပရိုတင်းဓာတ် ကြွယ်ဝစွာပါရှိပြီး Selenium ဓာတ်, ဗီတာမင်-12, ကယ်လ်စီယမ်, Phos-phorus, ကလိုရင်း, ကော့ပါး,ဇင့်, အိုင်အိုဒင်း, ဗီတာမင် B-3, ဗီတာမင်-E,ဗီတာမင် B-6,Omega-3 အဆီဓာတ်,Pantothenic အက်ဆစ်နှင့် ဗီတာမင်-A စသည်တို့ ပါဝင်ပါသည်။
ကျောက်ပုစွန်စားခြင်းဖြင့်-
၁။ နှလုံးကျန်းမာရေးကောင်းမွန်ခြင်း
ကျောက်ပုစွန်တွင် Omega-3 fatty acid ပါဝင်ပါသည်။ထိုအက်စစ်ဓာတ်များသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးရောဂါမခံ စားရအောင် ကာကွယ်ပေးပါသည်။ထို့ပြင် ကျောက်ပုစွန်တွင် ပါဝင်သော Selenium ဓာတ်သည်လည်း နှလုံးကိုထောက်ပံ့ကူညီပေးသည်။
၂။ ကင်ဆာရောဂါ ကာကွယ်နိုင်ခြင်း
Selenium ဓာတ်သည် ကင် ဆာ ဆဲလ်များ ကြီးထွားမှုကို တား မြစ်ပေးပါသည်။ အဆုတ်ကင်ဆာကဲ့သို့သော ကင်ဆာမျိုးကို ကျောက်ပုစွန်စားခြင်းဖြင့် ကာကွယ်နိုင်ပါ သည်။ ကျောက်ပုစွန်တွင် ပါဝင်သော Selenium ဓာတ်ကို ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူနိုင်ပါသည်။
၃။ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း
ကျောက်ပုစွန်တွင် ပါဝင်သော Omega-3 fatty acid နှင့် ဗီတာမင် B-12 တို့သည် ဦးနှောက်နှင့် စိတ်ကျန်းမာရေးအတွက်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝ သောအစားအစာများကို စားသုံးသူများသည် လေဖြတ်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ်ကျရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာမှုများက ဖော်ပြသည်။
အလားတူ ဗီတာမင် B-12 ပမာဏနည်းပါးခြင်းသည် စိတ်ကျရောဂါ၊အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်ဆန်ရောဂါတို့ နှင့် ဆက်စပ် နေကြောင်း လေ့လာမှုများကဖော်ပြသည်။သို့ သော် အချို့သော လေ့လာမှုများအရ ဗီတာမင် B-12 ဖြည့်စွက်ခြင်းသည် Dementia ဖြစ်နိုင်ခြေကို ၂၀% လျှော့ချနိုင်ပြီး သက်ကြီးရွယ်အိုများတွင် ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေကြောင်းတွေ့ရှိရသည်။
ထို့ပြင် ကျောက်ပုစွန်တွင်ပါဝင်သော Selenium ဓာတ်သည် စိတ် ဓာတ်ကျခြင်းကို သက်သာပျောက် ကင်းအောင် ကူညီပေးနိုင်ပါသည်။ထို့ကြောင့် စိတ်ဓာတ်ကျနေချိန်တွင် ကျောက်ပုစွန်ကို စားပေးပါ။ထိုသာမက ကျောက်ပုစွန်တွင်ပါဝင်သော အာဟာရဓာတ်တချို့သည် ဆီးချို ရောဂါမဖြစ်ပွားအောင်လည်းကူညီပေးနိုင်ပါသည်။ထို့ကြောင့် သင့်အစားအစာတွင် ကျောက်ပုစွန်ထည့်ခြင်းသည် သင့်ဦးနှောက်နှင့်စိတ်ကျန်းမာရေးအတွက် အကျိုးပြုစေနိုင်သည်။
၄။ ကြွက်သားများကိုသန်မာစေခြင်း
ကျောက်ပုစွန်သည် နွားနို့၊ကြက်ဥတို့ကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝပြီး ပရိုတင်းဓာတ်အကြွယ်ဝဆုံး အစား အစာများတွင် ပါဝင်ပါသည်။ကြွက် သားများဖွံ့ဖြိုးသန်မာစေရန်အတွက် ပရိုတင်းဓာတ်လိုအပ်ပါသည်။ကျောက်ပုစွန်တွင် ပရိုတင်းဓာတ်မြောက်များစွာ ပါဝင်သောကြောင့် ကြွက်သားများ သန်မာဖွံ့ဖြိုးစေရန်အတွက် ကူညီပေး မည် ဖြစ်သည်။
၅။ အရိုးအဆစ်များ သန်မာကြံ့ခိုင်အောင် ကူညီပေးခြင်း
အရိုးအဆစ်များ သန်မာစေရန်အတွက် အလိုအပ်ဆုံးဓာတ်သည် ကယ်လ်စီယမ်ဓာတ်ပင် ဖြစ်သည်။ထို ကယ်လ်စီယမ်ဓာတ်ကို ကျောက်ပုစွန်ထံမှ ရရှိနိုင်ပါသည်။
၆။ သိုင်းရွိုက်ရောဂါရှိသူများအတွက်အကျိုးပြုခြင်း
ကျောက်ပုစွန်တွင် Selenium နှင့် Iodine ပါဝင်မှု မြင့်မားပါသည်။ထိုကဲ့သို့ Selenium နှင့် Iodine ပါဝင်မှုမြင့်မားခြင်းသည် Hashimoto's thyroiditis ကဲ့သို့သော အော်တိုခုခံအား သိုင်းရွိုက်အခြေအနေရှိသူ များအတွက် အကျိုးပြုနိုင်ပါသည်။
ကျောက်ပုစွန်နှင့် ကိုလက်စထရော
အခွံမာရေသတ္တဝါ(Crustaceans)များကို ကိုလက်စထရောများသော အစားအစာများအဖြစ် ထင်မြင်ကြပါသည်။ သို့သော် ၄င်းတို့တွင် အာဟာရတန်ဖိုးလည်း မြင့်မားသည်။အခွံမာရေသတ္တဝါများတွင် ကျောက်ပုစွန်သည် ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝသည်။ ပြည့်ဝဆီလည်းအနည်းငယ်သာပါဝင်သည်။ သို့သော်အခြားအခွံမာရေ သတ္တဝါ (Crustaceans)များထက် ကျောက်ပုစွန်တွင် အဆီပါဝင်မှု သည် ကျန် crustaceans များ ထက် သိသိသာသာမြင့်မားပြီး ကယ်လိုရီပါဝင်မှုလည်းပိုများကြောင်း သိရသည်။
ကျောက်ပုစွန်များတွင် ကိုလက်စထရော ပါဝင်မှု အတော်လေး မြင့်မားသည်။ကျောက်ပုစွန် ၁၀၀ ဂရမ်လျှင် ၉၅ မီလီဂရမ်ခန့်သည် နှလုံးသွေးကြောဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေသည်။
ချက်ပြုတ်ပြီး ကျောက်ပုစွန်အသား ၃အောင်စ(Ounces)တွင် အာဟာရ တန်ဖိုးအနေဖြင့်-
•ကယ်လိုရီ(Calories) : 76
•ကာဘိုဟိုက်ဒြိတ်: 0 g
•အမျှင်ဓာတ်(Fiber): 0 g
•သကြားဓာတ်(Sugar): 0 g
•အသားဓာတ်(Protein): 16 g
•စုစုပေါင်း အဆီဓာတ်: 0.7 g
•ပြည့်ဝဆီ(Saturated fat): 0.2 g
•ဆိုဒီယမ်(Sodium): 413 mg
•ကိုလက်စထရော-124 mg စသည်တို့ ပါဝင်သည်။
သတိပြုရန်အနေဖြင့် ကျောက်ပုစွန်ကို အစိမ်းစားခြင်း(သို့မဟုတ်) မကျက်သေးသော ကျောက်ပုစွန်များကို စားမိလျှင် အစာအဆိပ်သင့်နိုင်ခြေပိုများပါသည်။ လက္ခဏာများမှာ ဝမ်းလျောခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ဖျားခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် မကျက်သေး သော ကျောက်ပုစွန်များကို ရှောင် ရှားပြီး လတ်ဆတ်ပြီး အပြည့်အဝချက်ပြုတ်ထား သော ကျောက်ပုစွန်
များကိုသာ စားသင့်သည်။
ထို့ပြင် ပင်လယ်စာနှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ကျောက်ပုစွန်ကို ချင့်ချိန်စားသင့်ပါသည်။ကျောက်ပုစွန်နှင့် ဓာတ်မတည့်ခြင်းလက္ခဏာများသည် အပျော့စားမှပြင်းထန်နိုင်ပါသည်။အပျော့စားလက္ခဏာသည် အလက်ဂျစ်ဖြစ်တာမျိုးရှိတတ်သည်။ ပြင်းထန်သော အခြေအနေများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပွားနိုင်သည်။၄င်းသည် အသက်အန္တရာယ်ရှိသော ဓာတ်မတည့်မှုဖြစ်ပြီးအသက်ရှူလမ်းကြောင်းများကို ကျဥ်းမြောင်းစေသည်။
နောက်တစ်ချက်မှာ ရေထုညစ်ညမ်းမှုကြောင့် ကျောက်ပုစွန်များနှင့် အခြားသော ခရုခွံများကို ပြဒါး၊ခဲ၊ကက်မီယမ်နှင့် အာဆင်းနစ်ကဲ့သို့သော လေးလံသော သတ္တုများဖြင့် ညစ်ညမ်းစေနိုင်သည်။၄င်းသည် ဦးနှောက်နှင့် ကျောက်ကပ်ပျက်စီးခြင်း၊နှလုံးမူမမှန်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး မွေးကင်းစကလေးများ၏ ဦးနှောက်ကို ထိခိုက်နိုင်သည်။
သို့သော်လည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ကျောက်ပုစွန်များကို ပြဒါးဓာတ်နည်းသော ပင်လယ်စာအဖြစ် အမျိုးအစား ခွဲခြားထားပြီး တစ်ပတ်လျှင် ကျောက်ပုစွန် ၂ ကောင်မှ ၃ ကောင်အထိ စားသုံးရန် ဘေးကင်းကြောင်း အကြံပြုထားသည်။
သို့သော်လည်း ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်နေသူများနှင့် ကလေးများသည်လေးလံသောသတ္တုများ၏ အာနိသင်ကို ပိုမိုထိခိုက်လွယ် နိုင်သဖြင့် ရှောင်နိုင်လျှင် ပိုကောင်းပါသည်။
အချုပ်အားဖြင့် ဆိုရသော်-အခွံမာကျောက်ပုစွန်သည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်သောရေသတ္တဝါဖြစ်ပြီး ဘက်စုံအသုံးဝင်လှပါသည်။ ထို့ပြင် ပြည် တွင်းစျေးကွက်တွင်သာမက ပြည်ပပို့ကုန်အဖြစ်လည်းစျေးကွက်တွင်နေရာရရှိနေသဖြင့်နှစ်စဥ်နိုင်ငံခြားဝင်ငွေရရှိနေသော ရေထွက်ကုန်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)