သဘာဝကပေး အစာနှင့်ဆေး ၊ မာလာဖူး

မိုးဦးရာသီတွင် သင်းပျံ့သည့် မိုးရနံ့တို့နှင့်အတူ မိုးလေးတဖွဲဖွဲကျလာချိန်တွင် မာလာဖူးလေးတွေလည်း အစီအရီ ထွက်ပေါ် လာပါပြီ။
မာလာဖူးကို မာလာပန်း၊ တောက်တာဖူးဟုလည်း လူသိများကြပြီး ရာသီပေါ် ဆေးဖက်ဝင် ဟင်း သီးဟင်းရွက် အဖြစ် တန်ဖိုးထား စားသုံးလေ့ရှိကြ၏။ မာလာဖူး၏ အင်္ဂလိပ်အမည်မှာ zedoary, White turmeric နှင့် mango ginger ဟု ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Curcuma zedoaria (Christm.) Roscoe ဖြစ်ကာ နနွင်း၊ ချင်း (ဂျင်း) တို့နှင့် မျိုးရင်းတူသည့် Zingi-beraceae တွင်ပါဝင်၏။ မာလာဖူးသည် အပူပိုင်းရာသီဥတုရှိသည့် ဒေသများဖြစ်သည့် အိန္ဒိယ တိုက်ငယ်နှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် နီပေါလ်၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ၊ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်း၏။
အမြင်ဆန်းပြီး လှပသည့် မာလာ ဖူးပန်းခိုင်လေးများ၏ ထိပ်ဖျားပိုင်းတွင် ခရမ်းသွေးခြယ်သည့် အရောင်ရှိ၏။ မာလာဖူးပန်းခိုင်လေးများထွက်သည့် အပင်သည် နှစ်ရှည်ခံပင်ပျော့မျိုးဖြစ်ပြီး မြေအောက်ပင်စည်ရှိ၏။ မြေကြီး အောက်ရှိ ဥယောင်ပင်စည်မှ ပန်းခိုင်ထွက်၏။ အရိပ်အောက် အလင်းရောင်ရသည့် အနေ အထား၊ စွတ်စိုပြီး ဒီရေ အတက်အ ကျ ရှိသည့် မြေကြီး၊ နှစ်သက်သည့်အပူချိန်၊ လုံလောက်သည့် မိုးရေချိန်တို့ရှိသည့် မုတ်သုန်သစ်တောကဲ့သို့ ဂေဟစနစ် ရှိသည့်နေရာမျိုးသည် မာလာဖူးပန်းခိုင်ထွက်သည့် မြေ အောက်ပင်စည်တို့အတွက် သဘာဝအတိုင်း ပြန့်ပွား ပေါက်ရောက်ရန် အကောင်းဆုံးအနေအထားဖြစ်၏။ မြန်မာနိုင်ငံတွင်လည်း ယခုလို မိုးဦးကျရာသီတွင် မာလာဖူး ပန်းခိုင်လေးများ နိုင်ငံတစ်ခွင်လုံးအနှံ့ လှိုင်လှိုင်ပေါ်လာပြီဖြစ်၏။
အာရှလူမျိုးများအတွက် မာလာဖူး ကို ဟင်းလျာချက်ပြုတ်စားသုံးခြင်းမှသည် ဆေးဝါးအဖြစ် ပြောင်းလဲ အသုံးပြုလာခဲ့ကြ၏။ မာလာဖူးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ် ဝစွာပါဝင်ခြင်း၊ ကိုယ်တွင်းရောင်ရမ်း နာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိခြင်းနှင့်အဏုဇီဝပိုးမွှားများကို တိုက် ဖျက်နိုင်စွမ်းတို့ ရှိ၏။ ရှေးယခင်ကတည်းက အင်ဒိုနီးရှားနိုင်ငံမှသည် နီပေါလ်နိုင်ငံအထိ မာလာဖူးကို အစာခြေခြင်းနှင့်ဆိုင်သောဝေဒနာများ၊ ကိုယ်တွင်း ရောင်ရမ်း နာကျင်ခြင်း၊ ကူးစက်ရောဂါခံစားရခြင်းနှင့် အခြားသော နာတာရှည်အဖျားရော ဂါများအတွက် သဘာဝဆေးတစ်လက်အနေဖြင့် အသုံးပြုခဲ့ကြ၏။ ခေတ်မီသဘာဝကုထုံးနည်းလမ်း များ အရလည်း မာလာဖူးကို ဘက်စုံအသုံးပြုနိုင်သောရနံ့မွှေးကုထုံးအဖြစ် အသုံးပြုလာကြ၏။
အာယုဗေဒဆေးပညာနှင့် တရုတ်ရိုးရာတိုင်းရင်းဆေးပညာရပ်အရ မာလာဖူးကိုခါးသက်သောအရသာ ရှိသည့် အားတိုးဆေးဟု မှတ်ယူအသုံးပြုကြ၏။ အမျိုးသမီးများ လစဥ် ဓမ္မတာစက်ဝန်းတွင်ကိုက်ခဲနာ ကျင်ခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ချောင်းဆိုး၊ရင်ကြပ်ဖြစ်ခြင်း၊ အသည်းရောဂါများအတွက် ဆေး အဖြစ် အသုံးပြုကြ၏။ မာလာဖူးတွင် ပါဝင်သည့် အသက်ဓာတ်စွမ်း အင် (qi energy) သည် သွေးသန့်စင်စေခြင်း၊စိတ်ကျဝေဒနာကို သက်သာ စေခြင်းနှင့် အဆိပ်အတောက်များကို သန့်စင်စေသည်ဟု ယုံကြည်ကြ၏။ ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဝမ်းဖောဝမ်းယောင်ဖြစ်ခြင်း၊ ကိုယ်လက်ဖောယောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်ရောင်နာခြင်း၊ မီးယပ်၊ သားဖွားခြင်း နှင့်ဆိုင်သော ရောဂါများဖြစ်ခြင်း၊ မြွေကိုက်ခံရ ခြင်းနှင့် ကင်ဆာကဲ့သို့အဖုအကြိတ်များကြီးထွားခြင်း အစရှိသည့် ဝေဒနာများအတွက် ရှေးယခင်ကတည်းကပင် မာလာဖူးကို အဖြစ် အသုံးပြုခဲ့ကြ၏။
မာလာဖူးပန်းခိုင်များတွင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အယ်လ်ကာလွိုက်၊ ဖလေဗာနွိုက်၊ တန်နင်၊ တာပင် နွိုက်၊ ဆာပိုနင်နှင့် ဖီနောလ်လစ်ကွန်ပေါင်း အစရှိသည့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်၏။ မာ လာဖူးပင်၏ မြေအောက်ပင်စည်သည် မွှေးပျံ့သောရနံ့ရှိခြင်း၊ စိတ်ကို လန်းဆန်းကြည်လင်တက်ကြွစေခြင်း၊ လေကြေစေခြင်း အစရှိသည့် အစွမ်းသတ္တိများရှိသည့်အတွက် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြ၏။ ထို့အပြင် အာတာလွတ်ဥမှုန့်ကဲ့သို့ပင် အာဟာရတန်ဖိုးမြင့်မားသည့်အတွက် ကလေးငယ်များနှင့် နာလန်ထကာစ လူမမာများအတွက် အာဟာရမှုန့် အဖြစ် အသုံး ပြုကြ၏။
ယခုလို မိုးဦးကျရာသီတွင် မာလာ ဖူးများကို စျေးထဲတွင် အလွယ်တကူ ဝယ်ယူရရှိနေနိုင်ပြီဖြစ်၏။ မိုးရာသီတွင် ဝမ်းဖောဝမ်းရောင်မဖြစ်စေရန်အတွက် မာလာဖူးကို သဘာဝဆေးတစ်လက်အနေဖြင့် ဟင်းလျာ များ ပြင်ဆင်ကာ ချက်ပြုတ်စားသုံးတတ်ကြ၏။ မာလာဖူးကို ဝယ်ယူသည့်အခါ အနုအရင့်ကို ခွဲခြားတတ်ရန် လိုအပ်၏။ မာလာဖူးပန်းခိုင်နုနုလေးများမှာ ခရမ်းရောင်ရင့်နေပြီး အဖူးအငုံအတိုင်းရှိနေ၏။ ပွင့်ဖတ်များ ကားပြီး အဝါရောင်ပန်းပွင့်ငယ်လေးများကို တွေ့မြင်နေရပါက ရင့်နေသည့် ပန်းခိုင်ဖြစ်ပြီး စားသုံးရန် မသင့်တော်တော့သည့်အတွက် သတိ ပြုပြီး ဝယ်ယူသင့်၏။
မာလာဖူးပန်းခိုင်လေးများ၏ ပွင့်ချပ်တစ်ချပ်တိုင်းစီ၏ ကြားထဲတွင် သဲနှင့်ရွှံ့များ ပါလာတတ်သည့် အတွက် စားသုံးခြင်းမပြုမီ ရေဖြင့် စနစ်တကျ စင်ကြယ်အောင် ဆေး ကြောသင့်၏။
- သန့်စင်ဆေးကြောပြီးသား မာလာ ဖူးပန်းခိုင်နုနုလေးများကို အစိမ်းအတိုင်းဖြစ်စေ၊ ရေနွေးဖျောပြီး ဖြစ်စေ ငပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ငံပြာရည်ချက်၊ ခရမ်းချဥ်သီးထောင်း၊ သရက်သီးထောင်း၊ ငရုတ် သီးထောင်း အစရှိသည်တို့နှင့် တွဲ ဖက်ကာ တို့စရာအဖြင် စားသုံးတတ်ကြ၏။
- မာလာဖူးပန်းခိုင် အစိမ်းအတိုင်း ဖြစ်စေ၊ ရေနွေးဖျောထားသည့် မာ လာဖူးကိုဖြစ်စေ ပါးပါးလှီးပြီး ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ရာသီစာ မာလာဖူးသုပ်လေး ရပါပြီ။ ကြက် သွန်ဖြူလေးကိုက်၊ ငရုတ်သီးစိမ်းလေးကိုက်ကာ ရေနွေးကြမ်းပူပူလေးနှင့်တွဲဖက်ကာ နေ့လည်ခင်း အဆာပြေ ဖြစ်စေ၊ မိသားစုထမင်းဝိုင်းအတွက် နှုတ်မြိန်စာ ဟင်းတစ်မယ်တိုးစေ၏။
- မာလာဖူးကို မီးကင်ပြီးနောက် ခပ်ပါးပါးလှီးကာ ခြစ်ထားသောသရက်သီးစိမ်း၊ မြေပဲလှော်၊နှမ်းလှော်၊ ဆား၊ အရသာမှုန့် အနည်းငယ်တို့နှင့်အတူ ရောထောင်းပြီးလည်း စားသုံးနိုင်၏။
- မာလာဖူးကို အခြားသော နှစ် သက်ရာ ရာသီပေါ်ဟင်းသီးဟင်း ရွက်များဖြစ်သည့် မျှစ်၊ မန်ကျည်းရွက်/ ကင်ပွန်းရွက်တို့နှင့်အတူ ရောပြီး တာလပေါဟင်း ချက်စားနိုင်သကဲ့သို့ ဟင်းချိုရည်အဖြစ်လည်း ချက်စားနိုင်၏။
- မာလာဖူးကို သဘာဝဟင်းရွက် များဖြစ်သည့် ဖလံတောင်ဝှေး၊ ဆူးပု ပ်ရွက်တို့နှင့်အတူ ရောပြီးလည်း ကြော်ချက်လည်း ချက်စားနိုင်၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် မာလာဖူးပင်မှ ရရှိသည့် အစိတ်အ ပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်