ပေါင်းလောင်းရေပိုလွှဲ ပထမအဆင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း အထက်ဘက်ပိုင်း၏ အပိုင်း(၂) ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၅
ရာဂီမုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေလှောင်တမံ၏ ရေပိုလွှဲမှ ၁၁ ဒသမ ၈၇ ပေအထိ ရေကျော်ကျစီးဆင်းခဲ့ရာ ပင်မရေပိုလွှဲ အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ရေပိုလွှဲ ပထမအဆင့်တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ၂၀၂၅-၂၀၂၆ မိုးရာသီကာလမတိုင်မီ ပေါင်းလောင်းရေပိုလွှဲ ပထမအဆင့် အောက်ဘက်ပိုင်း၏ အပိုင်း(၁) ပြန်လည် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေနှင့် ယခု ပွင့်လင်းရာသီတွင် ပြုပြင်ရန်ကျန်ရှိသော ရေပိုလွှဲပထမအဆင့် အထက်ဘက်ပိုင်း၏ အပိုင်း(၂) စတင် အကောင် အထည်ဖော် ဆောင်ရွက်နေမှုအား ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပေါင်းလောင်း ရေလှောင်တမံ ရေဝင်ရောက်မူ အခြေအနေနှင့် ရေပိုလွှဲ ပထမအဆင့် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်၊ ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်ရေးကို Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ် ဆောင်ရွက်ကြရန်၊ စောင့်ကြည့်တိုင်းတာ စစ်ဆေးမှု အစီရင်ခံစာ Dam Monitoring Report အား ပုံမှန်တင်ပြဆောင်ရွက်ရန်နှင့် အခြားနည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ်ရှိ မပိုက်ကယ်ရိုး ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုကို လည်း ကောင်း၊ ယခုနှစ် မိုးရာသီအတွင်း ရေကြီးရေလျှံမှုကြောင့် နရဘန်ချောင်းရေတိုက် စားပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဝန်းအတွင်းရှိ လယ်မြေများနှင့် ရေနုတ်မြောင်းများတွင် သဲနုန်းများ ပို့ချခဲ့မှုကြောင့် ရေစီးရေလာ အဟန့်အတားဖြစ်ပေါ်လျက်ရှိသဖြင့် စိုက်ပျိုးရာသီအမီ ပြန်လည်တူးဖော်နိုင်ရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ထို့မှတဆင့် ဒုတိယဝန်ကြီးသည် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးကွင်း၏ ပွဲကြည့်စင်နှင့် မီတာ(၄၀၀) ပြေးလမ်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကျောင်းသား/ကျောင်းသူများ၏ အပန်းဖြေရိပ်သာ (Re-creation Center) စီမံကိန်း ဆောင်ရွက်နေမှုတို့ကို ကြည်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် သက်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
MOALI