မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်းနိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့မှုမြှင့်တင်ခြင်းစီမံကိန်း၏ သုတေသနရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၄
မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်း နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု လွယ်ကူချောမွေ့မှုမြှင့်တင်ခြင်း စီမံကိန်း” ၏ သုတေသနရလဒ်များမျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို စက်တင်ဘာ၂၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ အမျိုးသားပို့ကုန်မဟာ ဗျူဟာ စသည့် အစီအစဉ်များဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုး ရေးထွက်ကုန်များ ပို့ကုန်မြှင့်တင်ရာတွင် ကုန်ကြမ်းများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းများ၊ သီးနှံများ သတ်မှတ် ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိစေရေးအတွက် တွန်းအားပေးဆောင်ရွက်ခြင်း၊ Export Zone များ ဖော်ဆောင်နိုင်ရေးနှင့် မျိုးစေ့လုံလောက်စွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်းစသည့် နိုင်ငံအဆင့်စီမံကိန်းများကို နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
နိုင်ငံတော်ကချမှတ်ထားသည့် ပို့ကုန် ၂ ဆ မြှင့်တင်ရေး လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူ ချောမွေ့မှုမြှင့်တင်ခြင်း စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းစဉ်များ၌ ပို့ကုန်အလားအလာအရှိဆုံး သီးနှံများဖြစ်သည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန် ပစ္စည်းများ၏ ဈေးကွက်သုတေသန လေ့လာခြင်း အပါအဝင် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးနှင့် ဆက်စပ်လုပ်ငန်းများထည့်သွင်း ရေးဆွဲထားသည့် ယခုစီမံကိန်းအတွက် ရန်ပုံငွေပေးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့(နိုင်ငံခြားရေးဝန်ကြီး ဌာန) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များ၊ တရုတ်နိုင်ငံ တက်ဟုန်းကုန်သည်ကြီးများအသင်း၊ ဆန်စပါး ၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများ၏ ဈေး ကွက်သုတေသနနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးဆိုင်ရာ သုတေသနတွေ့ရှိချက်များအပေါ် လေ့လာအကဲဖြတ်ခြင်းနှင့် မူဝါဒ အကြံပြုချက်များကို လေ့လာပြုစုရေးသားခဲ့ကြသော ပညာရှင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံ ကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် က စီမံကိန်း ၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့သော သုတေသနများ၏ အနှစ်ချုပ်ကို တင်ပြသည်။
၎င်းနောက် ဒုတိယဝန်ကြီးများက ဆန်စပါး ၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း နှင့် ပို့ကုန် အလားအလာသုတေသန လေ့လာခြင်း စာအုပ်များကိုပေးအပ်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက လက်ခံ ရယူခဲ့ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင် ရွက်မှုအထူးရန်ပုံငွေမှ ၂၀၁၇ ခုနှစ်စတင်၍ ၂၀၂၅ ခုနှစ်အထိ စီမံကိန်း ၄၂ ခုအား အကောင်အထည်ဖော်ရန် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၁သန်းခန့်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
MOALI