တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကျင်းပ

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၃

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် စုံညီအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင် ခန်းမ၌ အစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက virtual စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့် က အမှာစကားပြောကြားရာတွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် ကဏ္ဍ အလိုက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ ယနေ့အစည်းအဝေးတွင် အဖွဲ့ဝင်များ အားလုံး ဝိုင်းဝန်း ဆွေးနွေးသွားကြရန် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာနှင့်မွေးမြူရေးကဏ္ဍအပေါ်၌ ကျေးလက်နေပြည်သူများသာမက မြို့နေပြည်သူများကပါ မှီခိုအားထားနေရကြောင်း၊  နိုင်ငံတော်၏ အမျိုးသားအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)တွင် လယ်ယာကဏ္ဍက ၂၃ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်နေပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များသည် ပြည်ပပို့ကုန်တွင်လည်း အရေးကြီးသော ပို့ကုန်များဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် အရေးကြီးသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို ထိရောက်စွာ မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်မှာ များစွာအရေးကြီးကြောင်း၊

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုး တိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊

မိမိတို့ ဦးဆောင်အဖွဲ့အနေဖြင့် ဥပဒေ၏ အခန်း(၃)၊ ပုဒ်မ ၅ တွင် ပြဌာန်းထားသော ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များအတိုင်း တောင်သူများသီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် လွတ်လပ်စွာ စိုက်ပျိုးဆောင်ရွက်နိုင်စေရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော အရင်းအနှီး ငွေကြေး၊ နည်းပညာများကို အချိန်နှင့်တစ်ပြေးညီကူညီပံ့ပိုးပေးနိုင်ရေး၊ ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးများကို အရည်အသွေးမီ သုံးစွဲနိုင်စေရေး၊ သီးနှံဈေးနှုန်း ဈေးကွက် ဆိုင်ရာ သတင်းအချက်များကို တောင်သူများထံ အချိန်မီရောက်ရှိစေရေး၊ လယ်ယာထုတ်ကုန်များကို သင့်တင့်မျှတသည့် ဈေးနှုန်းရရှိစေရေး၊ ကုန်သွယ်ဖက်နိုင်ငံများ မှ တင်သွင်းခွင့် ခွဲတမ်းများ စဉ်ဆက်မပြတ် ရရှိစေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ပေါင်းစပ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဆွေးနွေး မှာကြားသည်။

ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးတွင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ၏ လုပ်ငန်းတာဝန်များနှင့် ဦးဆောင်အဖွဲ့ အစည်းအဝေး (၁/၂၀၂၃)၏ ဆွေးနွေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ ဝါ ၊ ရော်ာာာ ၊ ဆီအုန်း သီးနှံများ အထွက်နှုန်းတိုးတက်ရေးအပါအဝင် ကိုကိုး၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး အတွက် တိုင်းဒေသကြီး ပြည်နယ် အစိုးအဖွဲ့များက ကြီးကြပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဦးဆောင်အဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်များ၊ တွဲဘက်အတွင်းရေးမှူး ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့များ မှ ဥက္ကဋ္ဌများ၊ ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် တင်ပြဆွေးနွေးကြသည်။ 

ယနေ့ကျင်းပသည့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး အစည်းအဝေး (၁/၂၀၂၅) တွင် သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး၊ ပြည်ပပို့ကုန် ဈေးကွက်ဝင်သီးနှံများ ပိုမိုတင်ပို့နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးတို့ အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices- GAP) စံချိန်စံညွှန်းများနှင့်အညီ တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။                                                  

MOALI