ကြဲခင်းများထက် စပါးအထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် ၈ တန်းသွားမျိုးစေ့ချကိရိယာအား တောင်သူများ စိတ်ဝင်တစား အသုံးပြုလျက်ရှိ

ကြဲခင်းများထက် စပါးအထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် ၈ တန်းသွားမျိုးစေ့ချကိရိယာအား တောင်သူများ စိတ်ဝင်တစား အသုံးပြုလျက်ရှိ

မြောင်းမြ၊ စက်တင်ဘာ ၁၁

လယ်ယာလုပ်ငန်းခွင်တွင် ကြုံတွေ့ရလျက်ရှိသည့် လယ်ယာလုပ်သား ရှားပါးမှုကို ဖြေရှင်းပေးနိုင်ရေး၊ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းမှု ပီပြင်စွာဆောင်ရွက်နိုင်ရေး အတွက် ဒေသဆိုင်ရာတာဝန်ရှိသူများ၊ ဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာလုပ်ငန်းသုံး စက်ကိရိယာထုတ်လုပ်မှု နှင့် သုံးစွဲမှုတိုးတက်ရေးအတွက် စက်တင်ဘာ ၁၁ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကွင်းဆင်းစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ် သည် မြောင်းမြစက်မှုဇုန်ရှိ ဒီဧရာစက်မှုလက်မှုအလုပ်ရုံ က ထုတ်လုပ်လျက်ရှိသည့် ၈ တန်းသွားမျိုးစေ့ချကိရိယာအား အသေးစိတ်ကြည့်ရှုစစ်ဆေးစဉ် မျိုးစေ့ကုန်ချမှုသက်သာ ၍ ကြဲခင်းပပျောက်စေရန် နှင့် အချိန်တိုအတွင်းစိုက်ပျိုးနိုင်စေပြီး စပါး အထွက်နှုန်း ကောင်းမွန်စေသည့် မျိုးစေ့ချကိရိယာကို တောင်သူများ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

၈ တန်းသွားမျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင် ညီညာရန် လိုအပ်ပြီး မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ကောက်ကွက် ပြည့်မှီအောင် စိုက်ပျိုး နိုင်ခြင်း၊ အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်သဖြင့် ရာသီဥတု ပြောင်းလဲလာချိန်တွင် အချိန်မီ အခါမီစိုက်ပျိုးနိုင်ခြင်း၊ ကြဲခင်းများထက် စပါးအထွက်နှုန်း ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တောင်သူများ စိတ်ဝင်တစား အသုံးပြုလျက်ရှိကြောင်း သတင်း  ရရှိသည်။

MOALI