ရေငတ်ခံစပါးမျိုးများ တောင်သူများ ပူးပေါင်းပါဝင် ရွေးချယ် ၊ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသ ဝမ်းစာဖူလုံရေး ကြိုးပမ်း

နေပြည်တော်၊ စက်တင်ဘာ ၁၃
တောင်သူများ ပူးပေါင်းပါဝင်သော ရေငတ်ခံစပါးမျိုးများ ရွေးချယ်ရေး အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်နေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဗဟိုဌာနစိုက်ကွင်း၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ ရေနံချောင်း၊ ချောက်၊ ရမည်းသင်း၊ ပျော်ဘွယ် မြို့နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအမှာစကား ပြောကြားရာ၌ နိုင်ငံတော်အနေဖြင့် ဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့် ပိုလျှံ သည်များ တင်ပို့ရောင်းချနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိရာ ဆန်ဖူလုံမှု လိုအပ်ချက်ရှိနေသည့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွင်လည်း မိမိဒေသ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖြင့် ဒေသရိက္ခာဖူလုံစေရေး အတွက် လိုအပ်သည်များ စီမံဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုထားပါကြောင်း၊
သို့ဖြစ်၍ ရေမြေအခြေအနေပေးသည့်ဒေသများကို ပဏာမရွေးချယ်ပြီး လိုအပ်ချက်များ ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မိုးရေ ရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်သည့် ရေအနည်းလို ရေငတ်ဒဏ်ခံ စပါးမျိုးများ ထုတ်လုပ် ဖြန့်ဖြူးပေးရန် လိုအပ်မည်ဖြစ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန က စမ်းသပ်စိုက်ပျိုးထားသော ယာစပါးမျိုး ၄ မျိုးကို ယနေ့ တက်ရောက်လာသော တောင်သူများကိုယ်တိုင် ရွေးချယ်သွားကြရန် ဖြစ်ကြောင်း၊ တောင်သူအကြိုက်ဆုံးမျိုးကို လာမည့် စိုက်ပျိုးရာသီအချိန်မီဖြန့်ဝေရန် ဌာနပိုင် ခြံများတွင် မျိုးပွားထုတ်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခင် ယာစပါးစိုက်ဖူးသူ တောင်သူများ အနေဖြင့်လည်း မိမိတို့၏အတွေ့အကြုံများနှင့် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးသွားကြရန် ဖိတ်ခေါ်ပါကြောင်း၊
ယခုကဲ့သို့ မိုးရေရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ် နိုင်ရေး ဆောင်ရွက်ချက်သည် ဒေသဝမ်းစာဖူလုံရေးအတွက်သာမက ဖောက်ပြန်ပြောင်းလဲလျက်ရှိသည့် ရာသီဥတုကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်မြင့်တက်ခြင်း အပါအဝင် သဘာဝဘေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးကိုလည်း ရည်ရွယ်ဆောင်ရွက် ခြင်း ဖြစ်၍ စားရေရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဂေဟစနစ်တည်ငြိမ်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ၊ လိုအပ်ချက်များရှိပါက ခရိုင်/မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့် က ရေငတ်ခံစပါးမျိုးများကို မိတ်ဆက်ရှင်းလင်းပြီး ယာစပါးစိုက်ပျိုးရာတွင် ဆောင်ရွက်ရမည့် နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ရေနံချောင်း၊ ချောက်၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေမှ တက်ရောက်လာကြသူ တောင်သူ ၉၀ ဦးတို့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဗဟိုဌာနစိုက်ကွင်း၌ မျိုးယှဉ်ပြိုင်စိုက်ပျိုးထားသည့် ရေငတ်ခံစပါးမျိုး ၄ မျိုး ကို ကွင်းဆင်းလေ့လာကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် သုတေသီပညာရှင်များက စပါးမျိုး တစ်မျိုးချင်း၏ မျိုးဗီဇလက္ခဏာများ၊ သဘာဝမိုးရေတစ်မျိုးတည်းဖြင့်သာ စိုက်ပျိုး ထားရှိမှုနှင့် လက်ရှိစိုက်ပျိုးမြေ၏ အစိုဓါတ်အခြေအနေများကို အသေးစိတ်ရှင်းလင်းပြသကြသည်။ ဆက်လက်၍ လေ့လာရေးတောင်သူများသည် စပါးမျိုးတစ်မျိုးချင်းမှ ထွက်ရှိသော ဆန်အား ချက်ထားသည့် ထမင်းများကိုလက်တွေ့မြည်းစမ်းကြပြီး နှစ်သက်ရာ စပါးမျိုးကို မဲပေး ရွေးချယ်ခဲ့ကြကြောင်းသိရသည်။
ရေငတ်ခံစပါးစိုက်ပျိုးခြင်းသည် ရေလိုအပ်ချက်နည်းပြီး မိုးခေါင်ဒဏ်၊ အပူဒဏ်ခံနိုင်ရည် ရှိသဖြင့် မိုးရေရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်ခြင်း၊ သက်တမ်းတိုခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ပြီး မီသိန်းဓာတ်ငွေ့ထုတ်လုပ်မှု နည်းပါးမှုကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုကို နည်းပါးစေခြင်း စသည့် အားသာချက်များရှိနေ သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်း ရေရှားဒေသတွင် စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့ကွင်းဆင်းမျိုးရွေးချယ်ရန် စိုက် ပျိုးထားသော ယာစပါးမျိုးစိုက်ခင်းများကို ဆည်ရေမသွင်းပဲ သဘာဝမိုးရေတစ်မျိုးတည်းဖြင့်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပညာရှင်များ၏ ကွင်းဆင်းလေ့လာချက်အရ ရေနံချောင်း၊ ချောက်မြို့နယ်များတွင် သဘာဝအတိုင်းရရှိသည့် မိုးရေဖြင့် စိုက်ပျိုးနိုင်သော စပါးမျိုးများဖြစ်ကြောင်းသတင်းရရှိသည်။
MOALI