ဒေသနှင့်ကိုက်ညီပြီး လက်တွေ့ကျသည့် မွေးမြူရေးဆိုင်ရာ သုတေသန အကောင်အထည်ဖော်

ဒေသနှင့်ကိုက်ညီပြီး လက်တွေ့ကျသည့် မွေးမြူရေးဆိုင်ရာ သုတေသန အကောင်အထည်ဖော်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၂၆ နှင့် ၂၇ ရက်နေ့များတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မွေးမြူရေးဆိုင်ရာ သုတေသနစခန်းများ၊ ဌာနပိုင်သီးနှံမျိုးစေ့ထုတ်စိုက်ကွင်းများ အားကွင်းဆင်း စစ်ဆေးခြင်းနှင့် ပုဂ္ဂလိကစိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးသည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စုရှိ မွေးမြူရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနစခန်း(ဆီဆိုင်)၌ ဆောင်ရွက်လျက်ရှိသည့် ဖြည့်စွက် သတ္တုတုံး (အာဟာရလျက်ဆားတုံး) (mineral block)တွင် သန်ချဆေးရောနှောပြီး မွေးမြူရေး သိုးများကို ကျွေးမွေးခြင်းဖြင့် သန်ကောင်ရောဂါ နှိမ်နင်းနိုင်စွမ်းနှင့် ကြီးထွားနှုန်း အကျိုးသက်ရောက်မှု သုတေသန လုပ်ငန်း၊ တိရစ္ဆာန်အစာပင်များ ၏အာဟာရ တန်ဖိုးများ သုတေသန နှင့် ၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် သုတေ သန လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဒေသနှင့် ကိုက်ညီပြီး လက်တွေ့ကျသည့် မွေးမြူရေးဆိုင်ရာသုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ ရရှိထားသည့် သုတေသန ရလဒ်များနှင့် လက်တွေ့အသုံးချနည်းပညာများအား ဒေသတွင်း မွေးမြူရေးတောင်သူများသို့ ဖြန့်ဝေအကျိုးပြုနိုင်ရန် ဆွေးနွေးမှာကြားသည်။

၎င်းနောက် ဘန်းယဉ်မျိုးသန့်ခြံ၏ အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ် ဧက ၂၀၀ စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံမျိုးများ စနစ်တကျ ထုတ်လုပ် ဖြန့်ဖြူး ရေး နှင့် ခေတ်မီစိုက်စနစ်များကို နည်းပညာပေးခြင်း၊ လက်တွေ့ စိုက်ပျိုးသရုပ်ပြခြင်းများ ဆောင်ရွက် ရန်တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဘန်းယဉ်ကန် ရေဝင်ရောက်မှု၊ ရေပေးဝေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပုဂ္ဂလိကစိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခြင်းအနေဖြင့် ဟိုပုံးမြို့နယ်ရှိ မွေးမြူ ရေးတောင်သူ ဒေါ်လှလှ ၏ ဥစားကြက်မွေးမြူ‌ရေးခြံ ၏ ဥစားကြက်ကောင်ရေ ၂၀၇၉၀ မွေးမြူထားမှုနှင့် ဟိုပုံး မြို့နယ်၊ အသေးစားမွေးမြူရေးဇုန် ဖော်ထုတ်နေမှုအခြေအနေ များကိုလည်းကောင်း၊ ညောင်ရွှေမြို့ နယ်၊ ရှမ်းရိုးမမွေးမြူရေးဇုန်(၁)၌ မွေးမြူရေးတောင်သူ ၉၄ ဦး မွေးမြူလုပ်ကိုင်လျက်ရှိကြသည့် ဥစားကြက် အကောင်ရေ ၈၁၆၄၀၀ မွေးမြူထားရှိမှုနှင့် တရက်ပျမ်းမျှ ကြက်ဥ ၆၅၀,၀၀၀ ကျော် ထွက်ရှိမှု၊  ရှမ်း(အရှေ့)၊ ကယားပြည်နယ် နှင့် မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးများသို့ ဖြန့်ဖြူးပေးနေမှု အခြေ အနေများကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကျေးရွာရှိ ဦးလှကျော် ငါးသားဖောက်စခန်း တွင် ငါးသားဖောက်ထုတ်လုပ်နေမှု နှင့် မျိုးငါးများ မွေးမြူထားရှိမှုတို့ကို လည်းကောင်း၊ ဟဲဟိုးမြို့အနီးရှိ မျိုးချစ် နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိမှု နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ် ဖြန့်ဖြူးနေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေး အခြေခံလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို သက်ဆိုင်ရာလုပ်ငန်းရှင်များ၊မွေးမြူရေးတောင်သူ များနှင့် ဆွေးနွေး အကြံပြုခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် တောင်ကြီးမြို့နယ် ကျောက်နီ မွေးမြူရေးဇုန်တွင် ကျင်းပသည့် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲတွင် ဆွေးနွေးအမှာစကားပြောကြားပြီး မွေးမြူရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးသည်။ဆက်လက်၍ ဇုန်အတွင်း မွေးမြူထားသည့် နို့စားနွားများကို ကြည့်ရှုစစ်ဆေးသည်။

တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမ၌ ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနအသီးသီးမှ အရာထမ်း အမှုထမ်းများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက  ရှမ်းပြည်နယ်၏ လယ်ယာ သား ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံတစ်ဧကချင်း၏ပန်းတိုင် အထွက်ရရှိရေးအတွက် မျိုး၊မြေ၊ရေ၊နည်း ကူညီဖြည့်ဆည်းပေးနိုင်ရေး၊ စိုက်ပျိုးနည်းပညာများကို ဝန်ထမ်းများ ကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက်ပေးသကဲ့သို့ တောင်သူအချင်းချင်း နည်းပညာ လက်ဆင့် ကမ်း ဖြန့်ဝေနိုင်ရေး အားပေးဆောင်ရွက်ရန်၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ဆီထွက်သီးနှံများကို သီးထပ် သီးညှပ် တိုးချဲ့ စိုက်ပျိုးရန် နှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး လုပ်ငန်းများကို ပြည်နယ်အစိုးရ၏ ကြီးကြပ်မှု၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

MOALI