စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(လုပ်ငန်းခွင်) သင်တန်း အမှတ်စဉ် (၂/၂ဝ၂၃ -၂ဝ၂၄)သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၃)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်) သင်တန်း အမှတ်စဉ် (၂ /၂ဝ၂၃ -၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စက်မှုလယ်ယာ သင်တန်းကျောင်း၌ ကျင်းပြုလုပ်ရာ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ စက်ပြင် အလုပ်ရုံ၊ သုတေသနအလုပ်ရုံ နှင့် အဖွဲ့အစည်းအသီးသီးမှ စက်မှုလယ်ယာ လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေပြီး လယ်ယာ ကဏ္ဍတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယခုသင်တန်း၌ ပို့ချဆွေးနွေးသွားမည် ဖြစ် ကြောင်း၊
နည်းပညာမြင့်မားသော လယ်ယာသုံးစက်ကိရိယာများ ခေတ်နှင့်အညီ သုံးစွဲ လာနိုင်စေရေး ပညာပေးစည်းရုံး ဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်းခွင်ကြုံတွေ့နေရမှုများ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးအဖြေရှာ ပြုပြင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၊ မိမိတို့ ရေ၊ မြေ၊ သဘာဝ နှင့် ကိုက်ညီသော လယ်ယာသုံး စက်ကိရိယာများတိုးတက်ထုတ်လုပ် သုံးစွဲနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်သူများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာတီထွင် ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ကြိုးပမ်းပေးကြရန်လိုအပ်ကြောင်း၊ တောင်သူများ လက်ဝယ်တွင် ရှိသည့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ အသုံးပြုနိုင်စေရေးနှင့် ပြုပြင် ထိန်းသိမ်းနည်းစနစ်များ လေ့ကျင့်ပေးခြင်းများကို တိုးချဲ့ ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊
ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများ ပါဝင်သည့် စနစ်ကျလယ်ယာမြေများ တိုးတက်ဖော်ထုတ်အသုံးပြုနိုင်ရေး နှင့် ထွန်ယက် စိုက်ပျိုးသည် မှ ရိတ်သိမ်းခြွေလှေ့သိုလှောင်သည်အထိ လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရေးကို နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ မိမိဝန်ကြီးဌာန၏ မူဝါဒ ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီးနှံစုံမျိုးစေ့ချကိရိယာများ၊ အာလူးစိုက်စက်၊ အာလူးဖော်ကိရိယာနှင့် ရိုးပြတ်ဖြတ်ကိရိယာများ ကြည့်ရှုစစ်ဆေးပြီး တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လွယ်လင့်တကူအသုံးပြုနိုင်ရေးအတွက် စီစဥ် ဆောင်ရွက်ရန်၊ လက်တွေ့သုတေသနဆောင်ရွက်၍ ဆက်လက်တီထွင် ထုတ်လုပ်ကြရန် ဆွေးနွေးမှာကြားသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၃ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည့် အဆိုပါ သင်တန်း တွင် ခရိုင်ဦးစီးဌာနမှူး၊ အလတ်စားစက်ပြင်အလုပ်ရုံမှူးများအပါအဝင် စုစုပေါင်း သင်တန်း သား (၂၅)ဦးတို့ကို စက်မှုလယ်ယာစနစ်ကူးပြောင်းရေးလုပ်ငန်းစဥ်များ၊ နည်းပညာမြင့် စက်ရိယာများ၏ အသုံးဝင်မှု၊ လယ်ယာလုပ်သားရှားပါးလာမှုကို ကျော်လွှားနိုင်ရေး ၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တို့အတွက် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ၊ ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဥပဒေများ၊ ညွှန်ကြားချက်များကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်းပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေး ပို့ချဆွေးနွေး ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။