စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား) အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား) အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း

နေပြည်တော်၊ ဇွန်(၂၁)

          စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားကို ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၏ စီမံခန့်ခွဲရေးနှင့် ပညာရေး အဖွဲ့ဝင်များ၊ ဆရာ  ဆရာမများ၊ ဒီပလိုမာ တက်ရောက်ယူကြမည့် ကျောင်းဆင်း မောင်မယ်များနှင့် မိဘဆွေမျိုးများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကား ပြောကြားရာ၌ စိုက်ပျိုးရေးဒီပလိုမာ ရရှိပြီးသည့် မောင်မယ်တို့အနေဖြင့် နိုင်ငံက အားကိုးထိုက်သော လူသားအရင်းအမြစ် စိုက်ပျိုး မွေးမြူရေး အတတ်ပညာရှင်များ အဖြစ် မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ၃ နှစ်တာ ကာလအတွင်း စာတွေ့ သင်ယူခဲ့ကြသည့် နည်းပညာများ နှင့် လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ခြင်းမှ ရရှိသည့် အသိပညာ အတတ်ပညာများ ကို စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများတွင် အလယ်အလတ် ပညာရှင်များ အဖြစ် နိုင်ငံတော်၏ လယ်ယာကဏ္ဍကြီး ဆတက် ထမ်းပိုး တိုးတက်အောင် စွမ်းဆောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊

          မိမိတို့ တစ်သက်တာတွင် ဥပဒေဘောင်အတွင်းက လုပ်ကိုင်ဆောင်ရွက်ပြီး ကိုယ်ချင်းစာတရားဖြင့် ကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်း၊ အမှန်ကို အမှန်အတိုင်း သိမြင်ပြီး ကောင်းမွန် မှန်ကန်စွာ ဆုံးဖြတ်ချက်ချ ဆောင်ရွက်နိုင်ရန် နှင့် ဖြစ်သင့် သည်များ၊ ဖြစ်နိုင်သည်များကို ဦးစားပေးဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ တစ်ဦးချင်း၏ ဘဝများ လုံခြုံ တိုးတက် အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တန်းစဉ်ပေါင်းအမှတ်အများဆုံးဆုရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းဆင်း မောင်မယ်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

          အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ကျောင်အုပ်ကြီး ဒေါ်ဝင်းရီ က ကျောင်းဆင်းမောင်မယ် (၁၇၄)ဦးအား စိုက်ပျိုးရေး ဒီပလိုမာ လက်မှတ်များအပ်နှင်းခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရာပြည့်အခမ်းအနားကျင်းပခဲ့သော စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံ (ပျဉ်းမနား) မှ ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ (၅၅၄၄) ဦး မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ (၁၅) ကျောင်း မှ   ၁၉၅၆ ခုနှစ်မှ ယခု ၂၀၂၃ ပညာသင် နှစ် အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ (၂၅၅၅၂) ဦး နှင့် မွေးမြူရေး ဒီပလိုမာ လက်မှတ်ရ (၄၁၇)ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။